Wednesday, June 6, 2018

"မင်းကွန်းဆရာတော်ကြီး ၏ စိတ်ထားတော်"

"မင်းကွန်းဆရာတော်ကြီး ၏  စိတ်ထားတော်"

" မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ မင်းကွန်းဒုတိယ ဓမ္မနာဒတိုက်ဆရာတော်၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ကျန်ခဲ့သည့်ရက်ပိုင်းက ကျွန်တော်၏ စာအုပ်ပုံ ထဲမှ ဘယ်ကနေ ဘယ်လို ရှာဖွေတွေ့မိလိုက်သည်မသိ။ "နှစ်ဆယ်ရာစု၏မဟာလူသား"ဟု အမည်ပေးထားသော စာအုပ်ကို တွေ့လိုက်မိပါ၏။


ထိုစာအုပ်တွင်ပါဝင်သည့်အကြောင်း အရာမှာ"မင်းကွန်းဒုတိယဓမ္မနာဒတိုက်ဆရာတော်၊တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု အရှင်ဝိစိတ္တသာရာဘိဝံသဆရာတော်ကြီး"၏"ထေရုပ္ပတ္တိ"ဖြစ်ပါသည်။ ရေးသားပူဇော်သူက"တိုးလှ, M.A .,Ph.d.(NIU,USA)၊တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊တက္ကသိုလ်များသမိုင်းသုတေသနဦး စီးဋ္ဌာန"ဖြစ်၍(၂၀၀၄)ခုနှစ်တွင် "မြန်မာသမိုင်းအဖွဲ့ နှစ်(၅၀)ရွှေရတုအထိမ်းအမှတ်စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေရေး ကော်မတီ"မှ ထုတ်ဝေခဲ့သည် ဆိုပါ၏။

 "စာပေကျမ်းဂန်နှံ့စပ်ပြီးဗဟုသုတကြီးသောပုဂ္ဂိုလ်များ"ကိုကျွန်တော်အလွန်"လေးစား"တတ်ပါသည်။"ကိုယ်ပိုင်ဉာဏ်ကိုဝံ့ဝံ့စားစား,စူးစူးရှရှသုံးတတ်သောပုဂ္ဂိုလ်များ"ကို"ရိုသေ"တတ်ပါသည်။ထို"နှစ်ပါးစုံသောပုဂ္ဂိုလ်"တို့ကိုကား"ကြည်ညိုအားကျ ခြင်း"ဖြစ်မိတတ်ပါသည်။

"မင်းကွန်းတိပိဋကဓရဆရာတော်ကြီး"မှာကျွန်တော်"ကြည်ညိုအားကျ"မိသောအရှင်သူမြတ်ကြီးဖြစ်ပါသည်။"မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး"အကြောင်းသိမီလိုက်ကြသူများအနေဖြင့်ကျွန်တော့်အဆိုကို သဘောတူကြမည်ဟု ယူဆပါသည်။ ထို"နှစ်ဆယ်ရာစု၏မဟာလူသား"အမည်ရစာအုပ်ထဲမှကျွန်တော့်အာရုံကိုဆတ်ကနဲလှုပ်နှိုးလိုက်ပုံကပဲစပြီးတင်ပြလိုက်ပါ ရစေ။ "မင်းကွန်းတိပိဋကဓရဆရာတော်ကြီး"သည် မိမိအောင်ထားသော"တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက"ဟူသောဘွဲ့ကြီးအပေါ် "မည်မျှ အသုံးကျသနည်း"ဟုကြံကြံဖန်ဖန် အတွေးပေါ်ခဲ့ဖူးသည်ဟူ၏။

"ဆရာတော်ကြီး" က ထိုသို့ ကြံကြံဖန်ဖန်အတွေးပေါ်ပုံကို ပွင့်လင်းစွာ ပြန်ပြောပြသောအခါ ဆရာတော်ကြီး၏ "လူသားဆန်မှု နှင့် ရိုးဂုဏ် "ကို ပိုမို ထပ်ဆင့်ကာ ကြည်ညိုမိပြန်ပါသည်။ "ဆရာတော်ကြီး"သည်"ဧရာဝတီတိုင်း၊ပုသိမ်မြို့၊မြို့လယ်သာသနာ့ဗိမာန်တော်ကြီး"၌ ရဟန်းတော်များကို "ဆုံးမသြဝါဒ" ပေးရာ ၌ ယင်းကဲ့သို့ အတွေးပေါ်ခဲ့ဖူးကြောင်း ဤသို့ပြောပြခဲ့ဖူးပါသည်။

 "အကျင့် ပဋိပတ် မပါဘူးဆိုရင် အောင်မြင်မှုအပေါ်ယစ်မူးပြီး မြွေဖမ်းဆရာ ဥပမာ လိုဖြစ်တတ်ပါတယ် ဘုရား။ တပည့်တော် ကြုံတွေ့ခဲ့ရတာကလေး တစ်ခု လျှောက်ပါရစေ။ တပည့်တော် တိပိဋကဒရ ဖြစ်ပြီးကာ စ က ၊ ကိစ္စလေးရှိလို့ မန္တလေး ဘက် ကူးခဲ့ပါတယ်။ ကမ်းနား မှာပါ။ တပည့်တော် ကို အချို့ က တိပိဋက ကိုယ်တော် ဆိုတာ မသိကြပါဘူး။လူကလည်းပိန်ပိန် မို့ အို စာနေတော့ ပိုဆိုးပါတယ်ဘုရား။ မြစ်ကမ်းနာ း ကနေ ကား ရှိရာဘက် ခြေကျင် သွားတာပါ။

 အဲဒီမှာ ဘာတွေ့ရသလဲ ဆိုတော့ ကားသမားတွေက (ဦးဇင်းကြီး ကား ငှား ဦးမလား)တဲ့။(ဘယ်သွားမလဲ) တဲ့။ ဆိုက်ကားဆရာတွေကလည်း(ဘယ်ပို့ရမလဲ)တဲ့ ။သာမည ဘုန်းကြီး တစ်ပါးတွေ့လို့ မေးပုံမျိုး မေးကြပါတယ်။ အထမ်းသမား တစ်ယောက် ကဆို ပစ္စည်းတွေသယ်ရင်း တပည့်တော် ကိုတိုက်သွားပါတယ်။ နောက်မှ (ဦးဇင်းကြီး မတော်လို့နော်)တဲ့။ နောက်တစ်ယောက် က (ကိုယ်တော်ကြီး ဖယ် ဖယ် တိုက်မိမယ်)တဲ့။ ပြောသွားကြတာ။ဆက်ဆံသွားကြတာ။

 ဒီလို ဖြစ်တဲ့ ကိစ္စမှာ သူတို့အပြစ် မရှိပါဘူး။သူတို့ အလုပ် သူတို့ လုပ်နေကြတာကိုး ဘုရာ့။ တပည့်တော် ကိုလည်း ဘယ်လို ဘုန်းကြီး၊ဘာ စာမေးပွဲအောင်ထားတာ၊ ဆိုတာ သူတို့ စိတ်မဝင်စားနိုင်ဘူးလေ။ သူတို့ ဝမ်းရေး က အဓိက ကိုး ဘုရာ့။ ဒီမှာ တပည့်တော် ဘာ စဉ်းစားမိသလဲ ဆိုတော့- (သြော် ငါ အောင်ထားတဲ့ စာမေးပွဲဟာ၊ အောင်ကြောင်း သိတဲ့ လူတွေထဲသာ အသုံးဝင်တာပါလား။

 ပူဇော်ပွဲ အခမ်းအနားမှာသာ တန်ဖိုးရှိတာ ပါလား။ငါ့ကို ကာကွယ် စောင့်ရှောက် မနေကြပါလား။ အောင်မြင်မှုကို ယစ်မူးလို့-ပစ္စည်း-မာတု- တွေနဲ့အချိန်ဖြုန်းနေရင် ငါ ပဲ နစ်နာမှာပါလား။ သိသူထဲရော မသိသူတွေ ကြားမှာပါ အသုံးဝင်တာ အကျင့် ပဋိပတ် ပါလား။ ငါ ကိုယ်တိုင် ကျင့်ထားတဲ့ သီလ၊သမာဓိ၊ပညာ တွေကသာ ငါ့ ကိုအမှန်တကယ် ပစ္စုပ္ပန်-သံသရာ စောင့်ရှောက်မှာပါလား) စသည်ဖြင့် တွေးမိတယ် ဘုရား။" ဟူ၍ဖြစ်သည်။

 လူ့လောကတွင် ပညာလေးတတ်လို့ အာဏာလေး ရှိလာပြီဆိုလျှင်"ငါဘာကောင်လဲ သိစေမယ်"ဟူသော မာန များရှိတတ် ကြသည့် လောကကြီးထဲမှာ ဆရာတော်ကြီးလည်းအပါအဝင်ဖြစ်ခဲ့ဖူးလေသည်။ သို့သော်- ဆရာတော်ကြီးသည် တရားနှင့်သိမ်းဆည်းနိုင်ခဲ့သည်ကိုတွေ့ရှိရသဖြင့် ထို ဟောပြောချက်ကိုဖတ်မိရသောအခါကျွန်တော် တုန်လှုပ်၍သွားမိပါလေသည်။ တစ်ခါက "ပခုက္ကူမြို့၊မဟာဝိသုတာရာမတိုက်၊ဆရာတော်"က ဤသို့မေးလျှောက်ဖူး၏။

"မင်းကွန်းတိပိဋကဆရာတော် အနေဖြင့် တရားဟောသည့်အခါ ပါဠိတော်ကို အဋ္ဌကထာ၊ဋီကာ၊နိဿယ တို့နှင့်နှီးနှော၍ အပိုအလို မရှိ အောင် မည်သို့ မည်ပုံ ဟောပါလဲ" ဟု လျှောက်ဖူးသည်။ ထို အခါ "တိပိဋကဆရာတော်ကြီး" က ဤသို့ပြန်ဖြေခဲ့၏။ "တပည့်တော် တရားဟောတဲ့အခါ- ဘုရားရှင် ကို မျက်စိထဲမှာပေါ်လာအောင်အာရုံယူပြီးမှ တရားဟောပါတယ်။ အဲဒီလို အာရုံယူလိုက်တဲ့အခါ တပည့်တော် ရဲ့ နှုတ်က လှုပ်ရုံနဲ့ တရားတော်တွေဟာ ဘုရားရှင်တိုက်ရိုက် ဟောသလို စီရရီ ထွက်လာတာပါဘဲ ဘုရား။

တရားပွဲ မပြီး မချင်း တပည့်တော် ဘာကိုမှသတိမရဘဲ တရားထဲမှာနစ်မျောပြီး တရားပွဲပြီးလို့ ပရိတ်သတ်တွေက သာဓု သာဓု သာဓု လို့ ခေါ်မှ တပည့်တော် တရားဟောနေတာပါလား လို့ သတိပြန်ရတယ် ဘုရား" ဟူ၍ဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ စကားအဆိုအရမူ- တရားဟောခြင်းသည် မိမိ၏အတ္တနောမတိ ကို တင်ပြဟောကြားနေခြင်းမဟုတ်ဘဲ ဘုရားရှင်၏ စကားတော်တို့ကို ပြန်လည်ရှင်းပြနေခြင်းသာဖြစ်၏။ဤသို့ဟောပြောနေစဉ် စိတ် က ဘုရားရှင်အား ပူဇော်နေခြင်း ဟု ခံယူထားခြင်းသဘော ကိုတွေ့ရ၏။

အံ့ဖွယ်ကောင်းလေစွ။ ထို့ထက် ကျွန်တော် အံ့သြလေးစားကြည်ညို မိသည့် "ဆရာတော်ဘုရားကြီး၏ စကားတော်" မှာအောက်ပါအတိုင်း ဖြစ်ပါသည်။ "ဆရာတော်ဘုရားကြီး"သည်"တရားဟော၊တရားဖြန်ဖြူးခြင်းနှင့်ဆိုင်သောဓမ္မကိစ္စများ"ကိုအားသွန်ခွန်စိုက်ရွက်ဆောင်လေ့ ရှိသဖြင့်"နားနား နေနေ နှင့် သက်တောင့် သက်သာ"နေရန် လျှောက်ထားသောအခါ- "ဆရာတော်ဘုရားကြီး" က - "တရားဟောတာဟာ မပင်ပမ်းပါဘူး။ ရပြီးသား စာတွေပြန်ရွတ်ရတာ မပင်ပမ်းပါဘူး။

 ဒီ ပါးစပ်ဟာ ဘဝပေါင်းများစွာ ထင်ရာတွေ ပေါက်လွှတ်ပဲစား ပြောလာခဲ့တာ။ အခုလို ဘဝကောင်း၊အခါကောင်း ကြုံခိုက်၊ ရှင်တော်မြတ်ဘုရားရဲ့တရားတွေ ပေးလှူ ဖြန့်ဖြူးနေရတာ အင်မတန် မွန်မြတ်တဲ့ အလုပ်ပဲ မဟုတ်လား " ဟူ၏။ အားကျ အတုယူ အံ့သြ လေးစား ကြည်ညို ဖွယ် မကောင်းပေဘူးလား။ ဒီလို အသိမျိုး၊ဒီလို အတွေးအခေါ်မျိုး၊ကျွန်တော့် ဓမ္မမိတ်ဆွေများအားလုံးကို သတိပြုမိစေချင်လွန်းသဖြင့်နှိုးဆော် တင်ပြလိုက်ရပါသည်ခင်ဗျား။

 မှီခိုရာကျမ်းကိုး- -"နှစ်ဆယ်ရာစု၏မဟာလူသား"

 (တိုးလှ, M.A .,Ph.d.(NIU,USA)၊တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဋ္ဌာန) (၁၅-ဒီဇင်ဘာ၊၂၀၀၄-ခုနှစ်-ထုတ် မှ) ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊ သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။

ဘဝတုသဗ္ဗမင်္ဂလံ သင့် ကလျာဏ မိတ္တ (ည.ည.တ)

 nyinyitindrums@gmail.com (09-445108754)