Friday, June 8, 2018

မီးကို ငြိမ်းနိုင်သည်မှာ

 မီးကို ငြိမ်းနိုင်သည်မှာ

ယနေ့ ကမ္ဘာကြီး မီးလောင်နေပါပြီ။ လောင်နေသော အပူမီးကို နက်ဖြန် ငြိမ်းစေ ရမည်ဟူ၍ မျက်မွေးတစ်ဆုံးမျှသာ မြင်နိုင်စွမ်း ရှိကြသော ဝေနေယျတို့သည် အရိယာဝိဇ္ဇာတို့၏ စကားကို လိုက်နာနိုင်မည်ကား မဟုတ်ပြီ။
 လူသားတိုင်းသည် ကြိုက်စိတ် ကြိုက်စွဲ တို့ကို မထိန်းသိမ်းနိုင်တော့ခြင်း …
မကြိုက်စိတ် မကြိုက်စွဲတို့ကို မထိန်းသိမ်းနိုင်တော့ခြင်း … မသိစိတ် မသိစွဲတို့ကို မထိန်းသိမ်းနိုင်တော့ခြင်း … ဟူသော ပင်မမီးတောက်ကြီးသုံးခုနှင့် အခြားမီးပွား များစွာတို့ အလောင်မြိုက်ခံနေကြရရှာသည်။ ငွေနှစ်ကျပ်နှင့် ထီလက်မှတ် ကြိုက်ရာယူပါ ပေတော့။ ငွေနှစ်ကျပ်ကိုသာ ယူမည့်သူချည်း ဖြစ်ချေ၏။ အဘယ့်ကြောင့်ဆိုသော် နောက်ပေါက်မည့် သိန်းဆုကား ကျိန်းသေသည် မည်မျှပြောပြော ယနေ့ဆိုက်ရောက်နေသည့် အပူဘေးကို လာရောက်၍ အကာအကွယ် မပေးနိုင်သော ကြောင့်ပင်။ မီးသည် အပူကိုသာ လက်ခံ၍ အအေးကိုကား တွန်းလှန်တတ်၏။ မီးလာလျှင် ရေမပါ။ လေသာလျှင် လာတတ်သော သဘောလည်း ရှိ၏။ ထိုမီး သုံးမီးကြောင့်ပင် ကပ်သည် ဆိုက်၍ လာ၏။
 ကပ်ဟူသည် ကမ္ဘာပျက်ခြင်းကိုဆို၏။ ထိုကမ္ဘာပျက်မှုသည်လည်း အကြမ်းပျက်နှင့် အနုပျက်အားဖြင့် ပျက်မျိုးနှစ်စား ကွာခြား၏။ ကမ္ဘာနှင့်ချီ်၍ ငတ်မွတ်နေကြခြင်းသည် အအေးပျက် အပူပျက် … ကမ္ဘာနှင့်ချီ၍ ရောဂါဘယ ထူပြောနေခြင်းသည် အအေးပျက် အပူပျက်… ကမ္ဘာနှင့်ချီ၍ အငြင်းပွားနေကြခြင်းသည်် အအေးပျက် အပူပျက်… တစ်ဖန် ထိုသို့ဖြစ်ရာမှ မလောက်မင မဝရေစာ ဖြစ်ပေါ်လာသောအခါ … ငါ့လူမျိုးမှ ငါ့လူမျိုး ငါ့ဘာသာမှ ငါ့ဘာသာဟူ၍ တယူသန် အယူလွဲတို့ သဲကဲလာသောအခါ… သူ့လူမျိုး ကောင်းစားရန် တစ်ခြားလူမျိုးတို့ သို့ လုယက်ဖျက်ဆီးလာသောအခါ… သူ့ဘာသာ ကောင်းစားရေးအတွက် အခြား ဘာသာတို့ကို ဝင်ရောက်တိုက်ခိုက်သောအခါ အကြမ်းပျက် သုံးဆဖြင့် ကမ္ဘာကြီးသည် မီးခိုးတအူအူ ဖုန်တထောင်းထောင်း ယင် တလောင်းလောင်းတို့ဖြင့် ပျက်စီးကြရဦးမည်။
တစ်ဖက်ဝါဒီတို့သို့ ထိုးနှက်မှုထက် မိမိတို့၏ မသိနိုးနား ကလေးသူငယ် လူမမယ်များကို အဓမ္မရာဂနည်းဖြင့် ထိုးနှက်နေပါသည်ကို… ထိုကလေးသူငယ်များ အမျိုးဘာသာ သာသနာ ကို သင်ကြားလျက်က မျက်စိဖွင့်ပေးသင့်၏။ တောက်လောင်နေသော ကမ္ဘာ့မီးကို တားဆီးနိုင်သည်မှာ … သမထဖြင့် ငြိမ်းသတ်၍ ဝိပဿနာဖြင့် အလောင်ရပ်စေမှသာ ဖြစ်နိုင်ချေ၏။ တစ်ဖက်တည်းဖြင့် အစွဲကို မငြိမ်းနိုင်သည်မှာ အမှန်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
 Credit --- Dhamma Tayar