"ကြောက်စရာကောင်းသော " ပိသုဏဝါစာ..."
ပိသုဏဝါစာဟူသည် တည့်နေသူအချင်းချင်း ကွဲစေ၍ မိမိဘက်သို့ ဆွဲယူသော လိမ်ညာလှည့်ဖြား မုသားဆိုနည်း တစ်မျိုးပင်ဖြစ်၏...။ " ဂုံးချောခြင်း "ဟူ၍ စာစကားက ဆို၏...။ ချစ်သူချင်း ခွဲဖျက်၍ ကိုယ့်ဘက်ယက်ယူခြင်းသည် ပိသုဏဝါစာ၏တာဝန်တည်း...။ ဤ၌.... တည့်နေသူနှစ်ဦးရှိနေကြရာတွင် တစ်ဦးကား မိမိရယူလိုသော တစ်ဦးဖြစ်နေ၏...။သို့သော် ထိုတစ်ဦးကလည်း ကျန်တစ်ဦးနှင့် အလွန်ပင် ချစ်ကျွမ်းဝင်နေချေရာ သူတို့အချင်းချင်း အထင်မှား အမြင်မှား ဒွိဟများဖြင့် စိတ်ကစားလာစေရန် တစ်ဖက်ကျ တစ်မျိုးပြော၍၊ တစ်ဖက်ကျ တစ်မျိုးနားသွင်းပေးတော့၏...။
၁။ ပထမသော် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ဘူး၊ နှစ်ဦးစလုံးက။
၂။ ဒုတိယသော် ဟုတ်များ ဟုတ်နေမလားပဲ၊ တစ်ဦးက။
၃။ တတိယသော် အပြောနဲ့ကိုက်ညီနေပြီဘဲ၊ နောက်တစ်ဦးက။ ထိုအခါ စောင်းကြည့်တိုင်း အစောင်းသိနှင့် အစောင်းမြင်များသာ ပုံစံထွက်လာတော့ချေရာ..... ဘုရားမှတ်လို့ ကိုးကွယ်မိ၊ ဖွတ်ထွက်သွားမှ တောင်ပို့မှန်းသိ အဘိဓမ္မာတရားတို့ကား နှစ်ကိုယ်ကြား တဖွားဖွားပေါ်ထွက်လာချေပြီ...။
ကြားမိခဲ့၏၊ ရွာဓလေ့၊ ရွာစကား.... တစ်ခါက အောက်ပြည် အောက်ရွာတစ်ခုတွင် အညာသားနှင့် အောက်သူလေးတို့ ညားကြလေရာ ချစ်လိုက်ကြသည်မှာ နှစ်ကိုယ့်တစ်စိတ်ဖြစ်နေ၏...။ လင့်အပြစ် မယားမမြင်သလို့၊ မယားအပြစ်လည်း လင်မမြင်ပြီ...။
လင့်အပေါ် မယားကြင်နာသလို၊ မယားအပေါ်လည်း လင်က ဖေးမလျက်ကသာ ရှိချေပြီ...။ သို့နှင့် သူတို့ချင်းကွဲသွားရန် ကြံစည်ကြတော့၏...။ မိန်းမတစ်သိုက်ကား ကောက်စိုက်ရင်း... ညဉ်းလင်ကြီးက အမြီးပါတယ်တော့...။ သူ့ဖင်စမ်းကြည့် မခံနိုင်ဘူး အေရဲ့...။ မယုံရင်စမ်းကြည့်၊ တိုက်တွန်းကြ၏။ ပထမသော် မဟုတ်နိုင်ပါဘူးတော်၊ ငြင်းဆို၏။
ယောက်ျားတစ်အုပ်ကား ပျိုးနှုတ်ရင်း.... မင့်မယားက စုန်မကြီး၊ ညညကျ မင်းစိတ်ချလက်ချ မအိပ်လေနဲ့...။ မင်းအပေါ်ကျော်ပြီး အူအသဲနှုတ်တော့မယ်...။ ပထမသော်၊ မဖြစ်နိုင်ပါဘူးဗျာ၊ အတင်းငြင်း၏။ ထို့နောက် တစ်စတစ်စ နှစ်ဖက်စလုံးက အပြောများလာသောအခါ ဟုတ်လေမလားဘဲ တစ်ဦးနှင့်တစ်ဦး အကဲခတ်လာကြ၏။ ဆက်ဆံပုံ ခတ်တန်းတန်းဖြစ်လာကြ၏။
ကြားဖန်များလာသော် သံသယများ တစ်ဦးနှင့်တစ်ဦး မျိုသိပ်မရ ဖြစ်လာကြတော့ရာ..... သည်ည၊ ဟုတ်မဟုတ် သူအိပ်ပျော်နေတုံး ဖင်စမ်းကြည့်မယ်။ သည်ည၊ မှန်မမှန် အိပ်ပျော်ဟန် ဆောင်ကြည့်မယ်။ ထိုသို့ တစ်ဦးနှင့်တစ်ဦး အကြံကိုယ်စီဖြင့် ချောင်းမြောင်းကြရင်း လင်ကား အိပ်ချင်ယောင်ဆောင် မိကွက်ထောင်၏။ မယားကား ပိုင်လောက်ပြီထင် လင့်အပေါ်ကျော်ဝင်၏။
" ဟင်.... နင် စုံးမ " " ဟင်... တော် ခွေး " အချင်းချင်း စွပ်စွဲကြတော့ရာ ထိုညမှစ၍ တစ်ဦးနှင့်တစ်ဦး မကြည့်ချင်ကြတော့လောက်အောင် အမုန်းကြီး မုန်းသွားသောဟူ၏။ သည့်ပမာလျှင်..... တည့်သူချင်းတို့အကြား မဟုတ်တန်းတရားများဖြင့် အထင်အမြင် လွဲမှားသွားအောင် မုသားသုံးတတ်ချင်းသည် ပိသုဏဝါစာ၏ သတ္တိများပင် ဖြစ်ချေတော့၏။
ထိုပိသုဏာဝါစာသည် စီးပွားရေး၊ အချစ်ရေး၊ နယ်ပယ်တော်တော်များများ၌ သုံးလေ့ရှိတတ်၏။ အချင်းချင်း စည်းလုံးမိနေသော် မိမိတို့အပေါ် ၎င်းသြဇာမညောင်းတတ်။ စင်စစ်..... ထိုပိသုဏာဝါစာသည်လည်း မြွေဟောက်ထက် ကြောက်စရာကောင်းသော အရာဖြစ်၏။
မြွေဟောက်ပေါက်သဖြင့် သေလျှင် တစ်ဘဝသာ အသက်ရှုံး၏။ ပိသုဏဝါစာကြောင့်ကား တစ်ယောက်လည်းမဟုတ်၊ နှစ်ယောက်လည်းမဟုတ် ပေါက်သူရော အပေါက်ခံရသူများပါ နစ်မွန်းစေတတ်ပြီး တစ်ဘဝလည်း မက၊ နှစ်ဘဝလည်း မက၊ ထိုဉာဉ် ထိုဇများသည် ဘဝဆက်တိုက် လိုက်နေမည်သာတည်း...။ ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
သမ္မာ သမ္မ ဝိဘင်္ဂ ကထာ
ဓမ္မဒါနမျှဝေသူ မိုးဝင်း
ဆရာတော်များနှင့် သူငယ်ချင်းများကို ဂါရဝတရားဦးထိပ်ထား၍
#မိုးဝင်း