Friday, June 15, 2018

လူကြမ်းကြီးတို့သာသနာ

လူကြမ်းကြီးတို့သာသနာ

 လူမျိုးတစ်မျိုး၊နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုစံနှုန်းနှင့် ကျင့်ဝတ် စည်းကမ်းတွေကို ထိုနိုင်ငံရဲ့ကိုးကွယ်ရာဘာသာတရားကို အခြေခံပြီး တည်ဆောက်ကြမြဲဖြစ်သည်။တစ်နိုင်ငံနှင့်တစ်နိုင်ငံယဉ်ကျေး မှုစံနှုန်းများမတူသလို ဘာသာတရားရဲ့အဆုံးအမတန်ဖိုးတွေလည်း ကွာခြားပေသည်။

ဘာသာတရားတစ်ခု၏တန်ဖိုးသည် ထိုဘာသာတရား ကို တည်ထောင်သောခေါင်းဆောင်ရဲ့ အဆုံးအမတွေသည်ပင် တန်ဖိုးဖြစ်၏။မြတ်ဗုဒ္ဓ၏ အဆုံးအမအကျဉ်းချုပ်မှာ အကုသိုလ်မှန်သမျှ မလုပ်ပါနဲ့။ကုသိုလ်မှန်သမျှ ပြုလုပ်ပါ။စိတ်ကို ဖြူစင်အောင်ထားပါ ဟု ဖြစ်သည်။
မြတ်ဗုဒ္ဓ၏ မဟာကရုဏာသည် သူ့ကိုကိုးကွယ်သူများ အတွက်သက်သက်မဟုတ်။လူတိုင်းအပေါ်ထားသောမဟာကရုဏာဖြစ် ၏။လူတိုင်းဆိုရာ၌ လူမျိုးတစ်မျိုးတည်းအတွက်လည်းမဟုတ်။ လူမျိုးတိုင်းအပေါ်ကို ထားသောမဟာကရုဏာဖြစ်၏။လူတွေအပေါ်မှာ တင်မဟုတ် သတ္တဝါတိုင်းအပေါ် ၃၁ဘုံသားအားလုံးအပေါ်မှာ တန်းတူထားသောမဟာကရုဏာဖြစ်သည်။
ရန်သူအပေါ်ထားသော မဟာကရုဏာသည် သားတော်အပေါ်ထားသောမဟာကရုဏာနှင့် ဘာမှ မကွာခြား။တန်းတူသာဖြစ်၏။ဆုံးမထိုက်သူအားလုံးကို မဟာကရုဏာ တော်ဖြင့် ယဉ်ကျေးအောင် ဆုံးမပေးတော်မူမြဲဖြစ်သည်။ကိုယ်၏ယဉ် ကျေးခြင်း၊နှုတ်၏ယဉ်ကျေးခြင်း၊စိတ်နှလုံး၏ယဉ်ကျေးခြင်းဖြစ်အောင် ဆုံးမတော်မူရာ၌ မြတ်ဗုဒ္ဓ၏ မဟာကရုဏာသည် အတုလ ပရမံသာ ဖြစ်၏။
 လူကြမ်းကြီးတို့သာသနာဟု ဆိုလိုက်ခြင်းမှာ ပုထုဇဉ်အမိုက်သားတွေ အဖြစ် ကံသုံးပါးလုံးကြမ်းတမ်းနေကြသည့် လူကြမ်းကြီးများကို အရိယာလူယဉ်ကျေးများဖြစ်အောင် ဆုံးမတော်မူတတ်ခြင်းကြောင့်ဆို လိုက်ခြင်းဖြစ်၏။ဘယ်လောက်ပင်ဆိုးမိုက်ကြမ်းတမ်းနေသည်ဖြစ်စေ မြတ်ဗုဒ္ဓ၏အဆုံးအမအတိုင်းသာလိုက်နာကျင့်သုံးတတ်မည်ဆိုလျင် အားလုံးယဉ်ကျေးလာမည်သာဖြစ်၏။
လူရိုင်းများကိုမဆိုထားနှင့် တိရစ္ဆာန်အရိုင်းများကိုပင် အနုတ္တရောပုရိသ ဓမ္မသာရတ္ထိဂုဏ်နှင့်အညီ ယဉ်ကျေးအောင်ဆုံးတော်မူခဲ့လေသည်။နာဠာဂီရိဆင်ဆိုးကြီး၊ နန္ဒောပနန္ဒနဂါးမင်းလိုနဂါးဆိုးကြီး၊အာဠာဝကတို့လိုဘီလူးကြမ်းကြီးများ ပင် သာသနာတော်၌ယဉ်ကျေးသွားရ၏။နတ်ရိုင်းများအနက် မာရ်နတ် ကြီးကိုပင်ယဉ်ကျေးအောင်ဆုံးမတော်မူ၏။
ဗကဗြဟ္မာမင်းကြီးကိုလည်း အဆုံးအမဖြင့်ယဉ်ကျေးစေခဲ့၏။ထိုသို့ယဉ်ကျေးအောင်ဆုံးမနိုင်သော သာသနာ၌ စုန်းပြူးတစ်ချို့၏ မယဉ်ကျေးသည့်အပြုအမူများကား သာသနာနှင့်မဆိုင်။ပုဂ္ဂိုလ်နှင့်သာဆိုင်သည်။လိုက်နာနိုင်ခြင်း၊မလိုက်နာ ခြင်းကြောင့်သာဖြစ်သည်။သာသနာတော်မှာနဂိုကတည်းကသန့်ရှင်းပြီး သားဖြစ်၏။သာသနာကိုညစ်နွမ်းအောင်လုပ်သည်ဆိုရာ၌ သာသနာက ညစ်နွမ်းသည်မဟုတ်ပေ။ဘာသာဝင်များကသာညစ်နွမ်းအောင်လုပ်ခြင်း ဖြစ်၏။သာသနာကားသန့်ရှင်းသောသာသနာသာဖြစ်၏။ သာသနာ၌လူကြမ်းကြီးအဖြစ်ထင်ရှားခဲ့သူမှာအင်္ဂုလိမာလကြီးဖြစ်သည်။
တစ်ချိန်ကတစ်ကိုယ်တော်လူဆိုးကြီးအဖြစ် လူ့အသက်ပေါင်းများစွာကို သတ်၍ လက်ညှိုးပန်းကုံးဆွဲသူအဖြစ် အမိုက်ကြီးမိုက် အကြမ်းကြီးကြမ်း ခဲ့သူဖြစ်၏။ပညာကိုလိုလားသူတပည့်တစ်ယောက်မှာ ဆရာပေါင်းမှား ခဲ့၍ လမ်းမှားကိုလျှောက်ခဲ့မိသူဖြစ်သည်။
ဆရာကောင်းဖြစ်သော မြတ်ဗုဒ္ဓနှင့်တွေ့မှ သာသနာတော်၌ ယဉ်ကျေးသောမထေရ်တစ်ပါးဖြစ် လာခဲ့ခြင်းပင်။မြတ်ဗုဒ္ဓဆုံးမတော်မူသည်ကား ဓားကိုင်၍ပြေးလိုက်နေ သော လူဆိုးကြီးကို အင်္ဂုလိမာလ ငါသည်ရပ်နေ၏။သင်သာရပ်လော့ ဟုမိန့်တော်မူ၏။ထိုအခါအင်္ဂုလိမာလက ရဟန်းကြီးသင်သည်သွားနေပါ လျက်ရပ်နေသူ၏ဟုဆို၏။
ငါသည်ရပ်နေပါလျက် သွားနေသူဟုဆို၏။ သာကီဝင်မင်းသားရဟန်းတို့သည်မုသားစကားကိုမဆိုကုန်။အဘယ်ကို ရည်ရွယ်ပြီးသင်ကားရပ်နေသူ။ငါကသွားနေသူဟုဆိုပါသနည်းဟုပြန် လည်မေးမြန်း၏။ဘုရားရှင်က အင်္ဂုလိမာလ ငါသည်အခါခပ်သိမ်း အလုံးစုံသော သတ္တဝါတို့၌ တုတ်လှံတံကို ချထားပြီးဖြစ်၍ ရပ်လျက်ရှိ၏။
 သင်သည်ကား အလုံးစုံသောသတ္တဝါတို့၌ သတ်ဖြတ်ညှင်းဆဲခြင်းကို မစောင့်စည်းသူဖြစ်၏။ထိုကြောင့် ငါသည်ရပ်တည်နေသူဖြစ်၍ သင်သည် ကား မရပ်တည်သူဖြစ်၏။ထိုအခါကျမှ ကြမ်းတမ်းသောလူဆိုးကြီး အင်္ဂုလိမာလသည် ဓားလက်နက်ကိုပစ်ချ၍ ရဟန်းဘဝကိုတောင်းခံလေ သည်။ဘုရားရှင်ကလည်း ဧဟိဘိက္ခုခေါ်တော်မူ၍ ရဟန်းပြုပေးတော်မူ ၏။
 အင်္ဂုလိမာလမထေရ်ကြီးကဥဒါန်းကျူးတော်မူ၏။တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားသည် တုတ်ဓားလက်နက်ကိုမသုံးဘဲ ငါ့ကိုယဉ်ကျေးအောင်ဆုံးမတော်မူပြီ။ငါသည်ရှေးအခါ ညှဉ်းဆဲတတ်သူ အဟိံသကအမည်ရှိခဲ့၏။ငါသည် ယနေ့မှစ၍ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲတတ်သောကြောင့်အမည်မှန်ကိုရခဲ့ပြီ။ငါသည်ရှေးအခါက ထင်ရှားသော ခိုးသူကြီး၊သွေးစွန်းသောလက်ရှိသူ သူသတ်ယောကျ်ား ဖြစ်ခဲ့သည်။ယခုသော်ကား ကိုးကွယ်ရာနိဗ္ဗာန်ကိုမြင်၍ ဘဝနှောင်ကြိုး နှင့်တူသောတဏှာကိုနှုတ်ပယ်ခဲ့ပြီ။
အကြိမ်များစွာ အပါယ်လားစေတတ် သည့်အကုသိုလ်ကံများကိုပြုလုပ်ခဲ့သော်လည်း ယင်းကံများကို ရှို့မြိုက်တတ်သည့် မဂ်စေတနာနှင့်တွေ့ထိအပ်သောကြောင့် မကောင်း ကျိုးကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကိုငါသုံးဆောင်ရပေပြီ။ပညာမဲ့ ငြားလူမိုက်များသည် မေ့လျော့ခြင်းကိုအားထုတ်ကုန်၏။ပညာရှိ ယောကျ်ားသည် မမေ့မလျော့ခြင်းကို မြတ်သောဥစ္စာကဲ့သို့စောင့်ရှောက် ကုန်၏။
ထိုသို့လူဆိုးကြီးများသာသနာဘောင်မှာလူယဉ်ကျေးများဖြစ် အောင် ဆုံးမနိုင်ခဲ့သည့်သာဓကများစွာပင်ရှိသည်။ ဘုရားရှင်လက်ထပ်တော်ကလိုပင် ယခုမျက်မှောက်ခေတ်၌လည်း လူကြမ်းကြီးများယဉ်ကျေးခဲ့သည်သာဓကများစွာရှိ၏။
သဲအင်းဂူဆရာ တော်ဘုရားကြီးသည် အင်္ဂုလိမာလကြီးလိုပင် တစ်ချိန်က ဓားပြလူဆိုး ကြီးဖြစ်သည်။ဘုရားရှင်၏သတိပဋ္ဌာန်လေးပါးအဆုံးအမနှင့်တွေ့လိုက် သည်နှင့်လူကြမ်းကြီးဘဝကနေ လူယဉ်ကျေးကြီးဖြစ်ခဲ့သည်မဟုတ်ပါ လော။ စွန်းလွန်းဆရာတော်ဘုရားကြီး၏တပည့် ဦးမြမောင်လည်း တစ်ချိန်က လူဆိုးကြီးဖြစ်သည်။လူသတ်ဘူးသည်။ထောင်အကြိမ်ကြိမ် ကျဘူးသည်။ဘယ်လိုပင်မိုက်မိုက် မြတ်ဗုဒ္ဓသာသနာတော်ကိုရောက် သည်နှင့် ယဉ်ကျေးခဲ့ရလေသည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနုမှငယ်ပေါင်းကြီးဖော်လူဆိုးလူမိုက် သူငယ်ချင်းတစ်ယောက်ရှိ၏။
ထိုသူမှာဝါးခယ်မ သခင်အောင်သင်း ဖြစ်သည်။သခင်အောင်သင်းသည် ကွန်မြူနစ်တစ်ယောက်ဖြစ် သလို စိတ်ကြမ်းကိုယ်ကြမ်းနိုင်သူဖြစ်၏။မလုပ်ဘူးသောအကုသိုလ်မရှိ ဟုလည်းဆိုသည်။မိန်းမကိုနှိပ်စက်သည်မှာ ထမိန်အကျႋမပါဘဲထွက် ပြေးရသည်အထိနှိပ်စက်သူဖြစ်သည်။ဦးနု၏ဆွဲဆောင်မှုဖြင့်တရားအလုပ် လုပ်ခိုင်းတော့လည်း တရားထိုင်နေရင်း ဘေးနားကယောဂီတွေကို သတ်ချင်သည့်စိတ်တွေဝင်လာလို့ တရားစခန်းမှထွက်ပြေးသည်အထိ စိတ်ကြမ်းသူမျိုးဖြစ်၏။
နောက်ဆုံးတော့ ဘုရားရှင်၏အဆုံးအမကြောင့် လင်မယားနှစ်ယောက်လုံး လူယဉ်ကျေးများဖြစ်လာခဲ့ရလေသည်။ မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်တွေ့သူတိုင်း အရိုင်းကနေအယဉ်။အမှောင် ကနေအလင်း။လမ်းမှားကနေလမ်းမှန်ကိုရောက်ပြီး မျက်စိလည်ပျောက် ရသူချည်းသာဖြစ်၏။မျက်စိလည်နေတုန်းဟုဆိုလျင် မြတ်ဗုဒ္ဓ၏အဆုံး အမနှင့်မတွေ့သေးလို့သာဖြစ်မည်။မေ့နေလို့သာဖြစ်မည်။
သိအောင်လုပ် ၍ တွေ့အောင်ရှာလျင် တွေ့ကိုတွေ့ရမည်ဖြစ်၏။တွေ့နေသော်လည်း မရသေးပြန်လျင် ကျောက်မျက်ရတနာကိုဖယ်၍ ဆန်စေ့ကိုသာကောက် သည့်ကြက်လိုသာဖြစ်သည်။ယက်ကားယက်၏။မရချေ။ဓမ္မသည်အစာ မဟုတ်ဟုထင်၍ အဓမ္မရာဂကိုမှအစာထင်နေမိခြင်းမှာ ရပ်နေသူလော။ ပြေးနေသူလော။မေ့နေသူလော။မောနေသူလော။လေထန်တော့လှိုင်း လေကြမ်း၏။မုန်ယိုတော့ ဟိုင်းဆင်ရိုင်း၏။
ထို့အတူကိလေသာလေထန် ၍ ကိလေသာမုန်ယိုလိုက်သည်နှင့် လူသားတွေသည် ရိုင်းစိုင်းခက်ထန် ကြမ်းတမ်းလာစမြဲဖြစ်သည်။ကိလေသာတရားတွေထူလေ လူသည် ရိုင်းလေဖြစ်၍ ကိလေသာတရား ပါးရှားလေ လူသည်ယဉ်ကျေးလေ ဖြစ်၏။
လူသားတို့၏ဘဝအမှန်သည် ဒုက္ခဖြစ်သလို ကိလေသာနှိပ်စက် တိုင်းခံနေကြရသော အဖိနှိပ်ခံဘဝလည်းဖြစ်သည်။ကိလေသာကိုမလှန် နိုင်သေးသမျှ သူပြုသမျှနု၍ သူထုသမျှ ခံကြရဦးမည်ပင်။ ထိုထိုသောအရောင်မျိုးစုံခြယ်မှုန်းနေသည့် ကိလေသာတရားတွေကို ပယ်သတ်နိုင်အောင် ကြိုးတစ်ချောင်းသာလို၏။ထိုကြိုးမှာသတိဟူ သောကြိုးဖြစ်သည်။
သတိဖြင့်သာချည်နှောင်ပါက ကိလေသာသည် အတုပ်အနှောင်ခံဘဝကိုပြန်ရောက်၍ လူရိုင်းလူကြမ်းဖြစ်အောင်ခြယ် လှယ်နိုင်တော့မည်မဟုတ်ပေ။သတိကြိုးတစ်ချောင်းပြတ်သွားသည်နှင့် လူယဉ်ကနေလူရိုင်းဘဝကိုရောက်ရမည်သာဖြစ်၏။ထို့ကြောင့်လည်း သတိတစ်လုံးအမြတ်ဆုံးဟု သူတော်ကောင်းတို့ဆိုခြင်းဖြစ်သည်။ ဘူးတစ်လုံးဆောင်အိုအောင်မဆင်းရဲဘူးဆိုသောစကားထက် သတိတစ်လုံးဆောင် တစ်သံသရာလုံးမဆင်းရဲဟုသာပြင်လိုက်ချင်၏။
 စာရေးသူတို့အဓိကလိုအပ်နေသောတရားမှာသတိတရားသာဖြစ်သည်။ သတိသမ္ပဇဉ်ဟုဆိုထားရာ သတိရှိမှသာ နောက်ကနေ သမ္ပဇဉ်ဟူသော ပညာတရားကလိုက်နိုင်မည်ဖြစ်၏။အခုသော်ကား သတိတစ်လုံးပျောက် နေသည့်အတွက် သံသရာလူကြမ်းကြီးများ လက်စမသိမ်းနိုင်ဖြစ်နေ ရချေ၏။ကိလေသာနှောင်ကြိုးအတင်းမှာ အလင်းမတွေ့နိုင်အောင် ကြမ်းကြတုန်း။ရမ်းကြတုန်း။မိုက်ကြတုန်း။မှားကြတုန်း။ ကိလေသာတရားတွေကိုပယ်သတ်နိုင်အောင် သတိတစ်လုံးဖြင့်ဆုံးမ ပေးနိုင်သောသာသနာသည် မြတ်ဗုဒ္ဓ၏သာသနာကလွဲ၍အခြားမရှိပေ။
ထိုသည်ပင်မြတ်ဗုဒ္ဓသာသနာ၏အဆုံးအမတန်ဖိုးဖြစ်သည်။စိတ်ဓာတ် ရိုးဖြောင့်သူသာမှန်စေ ငါ၏သာသနာ၌ မဂ္ဂင်ရှစ်ပါးအဆုံးအမဖြင့် ယဉ်ကျေးအောင်လုပ်ပေးမည်ဟုဘုရားရှင်မိန့်တော်မူဘူးသည်။တကယ် တမ်းသာ မြတ်ဗုဒ္ဓသာသနာတော်ကို ရိုးသားသောစိတ်ဖြင့်ချဉ်းကပ်မည် ဆိုပါက ရိုင်းချင်သလောက်ရိုင်း။ကြမ်းချင်သလောက်ကြမ်း သတိ တစ်လုံးသာဆောင်ထားနိုင်လျင်ယဉ်ကျေးရမည်သာဖြစ်၏။ထိုသို့အစား စားသောလူကြမ်းကြီးများကိုယဉ်ကျေးအောင်ဆုံးမနိုင်သည့်သာသနာ ဖြစ်၍ လူကြမ်းကြီးတို့သာသနာဟုဆိုလိုက်ရပါ၏။
စာရေးသူတို့လို လူကြမ်းကြီးတွေကတော့ မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုသော ဗြဟ္မစိုရ်တရားဖြင့်ပဲ လောကကြီးအကျည်းမတန်အောင်အလှဆင်ရပါ ဦးမည်။ကိလေသာလူကြမ်းကြီးမဖြစ်အောင်ကား သတိတစ်လုံးဆောင် ဖို့အများကြီးကြိုးစားရပါဦးမည်။ဒါမှလည်း လူကြမ်းကြီးတို့၏သာသနာ ကိုချဉ်းကပ်နိုင်ပြီး သာသနာ၏ အနှစ်သာရကို ချိုမြိန်စွာစားသုံးခွင့်ရ မည်မဟုတ်ပါလား။
သုခီ အတ္တာနံ ပရိဟာ ရန္တု ။
Credit --- လောကဓမ္မ ရသစုံစုံ