"ဘဝရဲ့အစဦးကျေးဇူးရှင်များသို့ "
ယနေ့ဝါဆိုလပြည့်နေ့ အဘိဓဇမဟာရဋ္ဌဂုရုပူဇော်ပွဲ၌ မိန့်ကြားတော် မူသော သြဝါဒ အားလုံးဆို ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။ ဒါဘုန်းကြီးရဲ့လက်စွဲပဲ။ဘာကောင်းမှုလုပ်လုပ် ဗောဓိဉာဏဿပစ္စယော- ဗောဓိဉာဏ်အတွက် လုပ်သမျှ အလုပ်ဟာ အထောက်အပံ့ဖြစ်ရမယ်။ဒီကနေ့ အဘိဓဇပူဇာ ကောင်းမှုကိုပြုကြတဲ့ တပည့်တကာ တကာမတွေရဲ့ ကောင်းမှုတွေ အားလုံးဟာလည်းပဲ ဗောဓိဉာဏ်အတွက်ပဲ အထောက်အပံ့ဖြစ်ပါစေလို့ ဘုန်းကြီးတို့ပြောချင်တယ်။၁၀နာရီခွဲဆိုတော့ ဘုန်းကြီးလေရှည်လို့ မဖြစ်ဘူး။ ပြောချင်တာ တစ်ခုတည်းပဲ အသက်(၈၀) အဘိဓဇမဟာရဋ္ဌဂုရု-ဆိုပြီးတော့ ထိပ်တန်း သာသနာတော်ရဲ့ ထိပ်တန်းဘွဲ့ရောက်တော့ ပူဇော်လိုက်ကြတာ။ စိန်ရောင် ရွှေရောင် တပြောင်ပြောင်နဲ့ မန္တလေးမြို့ကို ဗဟိုထားပြီးတော့ အရပ်(၄)မျက်နှာက တပည့်တကာ တကာမတွေ ။
ဘုန်းကြီး အသက်(၂၄)နှစ်နဲ့ (၂၅)နှစ် ဒီကနေ နောက်ပြန်ရေတွက်ရင် ၆၅-နှစ်ပေါ့။အဲ့ဒီတုန်းက မန္တလေးမြို့ ခင်မကန်ကျောင်းတိုက်မှာ မိုးတားကျောင်းမှာ အရှင်သူရိယာဘိဝံသတို့နဲ့ အတူတူ ဓမ္မစရိယတန်းကို တက်နေတာ။ (၂)နှစ်။၂နှစ်တက်တယ် ၂-နှစ်အတွင်းမှာ ဓမ္မစရိယစာချတန်းပြီးသွားတယ်။ အခုပူဇော်ပွဲလာပြီး ပူဇော်ကြတဲ့ တကာ တကာမတွေရဲ့ အိမ်ကို ဘယ်အိမ်မှ ဆွမ်းမခံဖူးပါဘူး။ဘယ်အိမ်ကိုမှ ဆွမ်းမခံဖူးဘူး။
ဘုန်းကြီးဆွမ်းခံရပ်ကွက်က မန္တလေးမှာနာမည်အကြီးဆုံး ဒေးဝန်းမှာ ဆွမ်းခံတယ်။ဒေးဝန်းဆိုတဲ့အရပ်က တစ်ရပ်ကွက်လုံးဟာ အများဆုံး(၇၅)-ရာခိုင်းနှုန်းထင်တယ် လှည်းနဲ့ နွားနဲ့အလုပ်လုပ်တယ်။ ှလှည်းတိုက်စားတဲ့သူတွေနဲ့ မြင်းလှည်းသမားတွေနေတယ် ရှေးတုန်းက ရှေးတုန်းက ခုတော့ပြောင်းသွားပြီ။ လမ်းတစ်လမ်းလုံး လျှောက်လိုက်ရင် ဒေးဝန်းရပ်ကွက်ရဲ့ ၃ပုံ ၂ပုံလောက် လျှောက်မိရင်ထင်တယ်။အခု ပြန်ရေးရေးလေး ပေါ်လာတယ်။ ရုပ်ရှင်ရုံကြီး တစ်ရုံရှိတယ်။
အဲ့ဒီနားအထိ လမ်းလျှောက်ရတယ်။ တစ်လမ်းလုံးမှာ ရွှံ့ဘွက်နဲ့ နွားချီးချည်းပဲ။အဲ့ဒီမှာ ဆွမ်းခံစားပြီးတော့ ဘုန်းကြီးတို့ ဓမ္မစရိယစာချတန်းကို မိုးတားကျောင်းမှာ တက်တာ။ မန္တလေးကျောင်းတိုက်တွေရဲ့ ထုံးစံရှေးတုန်းက အခုတော့ တော်တော်ပြောင်းပြီ။ အာရုဏ်ဆွမ်းဆိုတာ ဘယ်ကျောင်းမှာမှ မရှိဘူး။ အဲ့ဒီတော့ အာရုဏ်ဆွမ်းမစားခဲ့ရဘဲနဲ့ ဆွမ်းခံ စောစောလေးသွားရင်။
အာရုဏ်ဆွမ်းမစားရဘဲနဲ့ ဆွမ်းခံထွက်တဲ့ ဘုန်းကြီးတို့ ဘဝဟာ ဆွမ်းခံရင်း ဆွမ်းခံရင်း ရင်ထဲမှာပူပြီးတော့ လောင်နေတာ မနက်ဆာ ဆာလွန်းလို့ ။ ဆွမ်းကို ဆွမ်းခံအိမ်တွေကို မဝင်သေးပဲနဲ့ ဘယ်ကိုအင်သွားရသလဲဆိုတော့ လမ်းဘေးတစ်လျှောက် ဟိုသစ်ပင်ရိပ် ဒီသစ်ပင်ရိပ် ဘယာကြော်တို့ မုန့်ပြေသလက်တို့ ကြော်ရောင်းတဲ့ မန္တလေးမြို့ဝေါဟာရပဲ ပြောပါရစေတော့။ မုန့်လင်မယားဆိုတာလေးတွေ အဲ့ဒါလေးတွေ ကြော်ရောင်းတဲ့ဆိုင်ကလေးတွေ လမ်းဘေးမှာ ရှိတယ်။မုန့်လင်မယားတော့ ဆီများလွန်းလို့ ဘုန်းကြီးက မကြိုက်ဘူး။ ဘယာကြော်ဆိုင်ကို ဘုန်းကြီးကပြေးပြီးတော့ ရပ်တယ်။
မှတ်မိနေတယ် တောင်သမန်တိုက် မြောက်ပေါက်က ထွက်လိုက်ရင် ဒေးဝန်းထဲဝင်သွား မဝေးဘူး။တစ်နေရာ မန်းကျည်းပင်ရိပ်မှာ သားအမိနှစ်ယောက် အမြဲတမ်း ဘယာကြော် ဘူးသီးကြော် ကြော်ရောင်းတာ အမြဲတမ်း အဲ့ဒီဆိုင်သွားရပ်လိုက်ရင် ဘယာကြော်နှစ်လုံးရတယ်။ အဲ့ဒါ နတ်သုဒ္ဓါပဲ ရင်ထဲမှာ ပူလောင်နေတာကို ဖြေဖို့ အဲ့ဒီဘယာကြော်နှစ်လုံးကို လမ်းလျှောက်ရင် အသာလေးလူမမြင်အောင် ဝါးပြီးတော့ ကိုးလုံးဒကာဘုရားပေါက်က ရေအိုးစင်က ရေကိုခပ်သောက်ရတာ။
သီတဂူဆရာတော်ရဲ့ ဘဝအစ အများကြီးမပြောဘူး အဲ့ဒါပဲပြောမယ်။ အဲ့ဒီဘယာကြော်နှစ်လုံးစားပြီးတော့ ရင်ထဲရေ ခပ်များများသောက်လိုက်တော့ ကုလားပဲဘယာကြော်ပဲတွေက ပွလာတော့ ဗိုက်ထဲ တော်တော်ခံသာသွားတာပေါ့။ နောက်စာချတန်းတွေအောင်ပြီး သီတဂူဆရာတော်လို့ နာမည်တွေကြီးလာ အဲ့ဒီမန်းကျည်းပင်အောက်ကို သုံးခေါက်လောက် သွားရှာသေးတယ်။ အဲ့ဒီဘယာကြော်လှူတဲ့ သားအမိ ၂-နှစ် တနေ့ဘယာကြော်(၂)လုံးလောင်းတယ်။ အော် ငါ့ကျေးဇူးကြီးတယ် မတွေ့တော့ဘူး။ ဘယ်ရောက် ဘယ်ပေါက်သွားလဲတော့ မသိဘူး။မတွေ့တော့ဘူး။
အဲ့ဒီတော့ ဘဝတစ်ခုရဲ့ အထွဋ်အထိပ်ဟာ ရေစုန်မှာ လေစုန်မှာ ရွက်ကုန် တက်ကုန်ဖွင့်ပြီးတော့ မျောချလို့ မရဘူး လို့ အဲ့ဒါပြောချင်တာ။ ရေဆန်မှာ လေဆန်မှာ ခြေကန်တက်မှ အထက်တန်းကိုရောက်တယ်။ နိုင်ငံတော်မှာ လူရော ရှင်ရော ဒီကနေ့အချောင်ခိုပြီးတော့ မျောချ ချင်တဲ့သူတွေ သိပ်ပေါတယ်။အဲ့ဒါကြောင့် ဒီတိုင်းပြည် ဒီလောက်ဆင်းရဲတာ။
သာသနာတော်လည်း တဖြည်းဖြည်းအောက်နောက် ရောက်လာတယ်။ မျောချချင်တဲ့ အချောင်သမားစိတ်ဓာတ်တွေကြောင့်။ အဲ့ဒါကြောင့်အားလုံးကို တိုက်တွန်းလိုတယ်။ရေဆန်မှာ လေဆန်မှာ ရွက်ကုန် တက်ကုန် ဖွင့်ပြီးတော့ ခြေကန်ပြီးတော့ တက်ကြပါ။တိုင်းပြည်နဲ့သာသနာ ဒါမှ ကမ္ဘာ့အလယ်မှာ တင့်တယ်မယ်။ အဲ့ဒါလေးပြောချင်တယ်။
အဲ့ဒီတော့ ကျေးဇူးတင်ပါတယ်လို့ ပြောရင်ဘယ်ကိုစပြောရမလဲဆိုရင် မန်းကျည်းပင်ရိပ်က ဘယာကြော်နှစ်လုံးလှူတဲ့ တကာမကြီး သားအမိကို ဘုန်းကြီးက အရင်ဆုံးကျေးဇူးတင်ကြောင်း ပြောရမှာပါ။ ဘုန်းကြီးကို ရဟန်းဘဝရောက်အောင်ချီးမြောက်လိုက်တဲ့ သဲကုန်း တပ်ရွာက ဒေါ်အေးကြည် မုဆိုးမကြီး။
သားတစ်ယောက် ကိုချစ်ရွှေနဲ့ ရဟန်းဘဝရောက်အောင် ဘုန်းကြီးကို ပို့ပေးတယ်။ပစ္စည်းလေးပါး ဒါယကာ၊ ငယ် လတ် ကြီး-၃နှစ်၊ဓမ္မာစရိယ၂-နှစ်၊ သံဃာ့တက္ကသိုလ် ၃-နှစ်၊ အဲ့ဒီစာသင်နှစ်တွေ ကာလမှာ ဘုန်းကြီးကို စာသင်စားရိတ်ကျောင်းသား အဖြစ်နဲ့ ချီးမြောက်တာ၊ဘုန်းကြီးရဲ့ ရဟန်းအမကြီးရဲ့ ကျေးဇူးဟာ ဘယ်လောက်ထိ် ကြီးမားသလဲဆိုတာ တစ်လကို ကျပ် ၃၀-လှူပါတယ်။ တစ်နေ့ တစ်ကျပ်နှုန်းနဲ့ ဘုန်းကြီးတို့ ကျောင်းတက်တယ်။
အဲ့ဒါနဲ့ ဒကာမကြီး ဒေါ်အေးကြည်ရဲ့ကျေးဇူးကို ဘုန်းကြီးတို့က ရှေးဦးစွာပြောရမယ်။ ဒေါ်အေးကြည်ဘယ်ရောက်မှန်းမသိဘူး။သွားပြီ ဘဝတစ်ပါး။ မန်းကျည်းပင်အောက်က ဘယာကြော်နှစ်လုံးလှူတဲ့ သားအမိနှစ်ယောက်လည်း ရှာမတွေ့တော့ဘူး။သူတို့တတွေကို ကျေးဇူးတင်ကြောင်း ဘဝရဲ့အစပိုင်းက ကျေးဇူးရှင်ဟာ ဘဝကိုထိပ်တန်းရောက်မှ ချီးမြောက်တဲ့ ကျေးဇူးရှင်တွေထက် ကျေးဇူးကြီးတယ်လို့ ဘုန်းကြီးက ဒီလိုခံယူတယ်။
အဲ့ဒါဒီကနေ့ သိန်းပေါင်း(၂၀၀၀)နီးပါး လှူငွေတွေကို ရအောင် လှူကြတန်းကြတဲ့ ပူဇော်ပွဲ ကျင်းပတဲ့ အထက်ဗမာပြည် သီတဂူ သာသနာပြုအဖွဲ့ကြီး ၊အင်တိုက် အားတိုက်ဆောင်ရွက်ကြတဲ့ သီတဂူအဖွဲ့ကြီးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း။
သီတဂူတက္ကသိုလ်ကြီးနဲ့ သီတဂူကျောင်းတိုက်ကြီးတွေမှာ မန်းလေးမြို့ကို ဗဟိုထားတဲ့ ကျောင်းဒကာ ကျောင်းအမတွေရဲ့ အဖွဲ့အားလုံး ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပါ။ အထူးသဖြင့်တော့ ဤပွဲကြီးတွေ စနစ်တကျ သပ်သပ်ရပ်ရပ်ဖြစအောင် စီမံခန့်ခွဲတော်မူကြတဲ့ သီတဂူစီမံကိန်းကြီးတွေ အကုန်လုံးကို ဘုန်ကြီးရဲ့နောက်မှာ Second command အဖြစ်နဲ့ထိန်းသိမ်းအုပ်ချုပ်သွားဖို့ ဘုန်းကြီးက ဖွဲ့ထားတဲ့ သီတဂူသံဃာ့ဝန်ဆောင်အဖွဲ့ ရှိပါတယ်။ (၁၆)ပါးသော သံဃာတော်တွေနဲ့ သီတဂူဝန်ဆောင်အဖွဲ့ကိုဖွဲ့ပြီးတော့ ဘုန်းကြီးက အကုန်အပ်ထားပြီးပြီ။
သီတဂူသံဃာ့ဝန်ဆောင်အဖွဲ့ကိုလည်းပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။ နောက်သီတဂူရုပ်သံအဖွဲ့ နောက်ဝေယာဝစ္စအဖွဲ့ရော နောက်ပြီးတော့ ဒီကနေ့ လာသမျှ လူအားလုံးနဲ့ သံဃာ့အားလုံးကို ဆွမ်းကျွေးမယ့် ယွင်းခင်ခင်တို့အဖွဲ့ကိုလည်းပဲ ကျေးဇူးတင်ကြောင်းကို ဘယာကြော်နှစ်လုံးအောက် ဘုန်းကြီး မလျော့ပါဘူး။
အားလုံးကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ဘယာကြော်နှစ်လုံးကတော့ မမေ့နိုင်တဲ့ ဘုန်းကြီးရဲ့ ဘဝမှတ်တမ်း။ ဒါပေမယ့် ဘုန်းကြီးရဲ့ မှတ်တမ်းစာအုပ်တွေထဲမှာ အဲ့ဒီအကြောင်းအရာ မပါသေးဘူး။ မန်းလေးမှာဖြစ်ဖြစ် ရန်ကုန်မှာဖြစ်ဖြစ် ဆွမ်းခံအိမ်ဖိတ်တယ်ဆိုတဲ့ အစဉ်အလာကြီးရှိတယ်။ဘုန်းကြီးတို့ ပရိသတ်အကုန်သိပါတယ်။ ရန်ကုန်မှာ ၁၂၃-လမ်း၊ကန်တော်ကလေးမှာ အခုထိမမေ့တဲ့ ဆွမ်းခံအိမ်ဖိတ်တဲ့ အဖြစ်အပျက်တစ်ခုလည်း ပြောဦးမယ်။
ညနေစောင်း ၄-နာရီလောက် ဘုန်းကြီးကို လမ်းညွှန်ပြီးတော့ ဆွမ်းခံအိမ်လိုက်ပို့ပေးတာက ရန်ကုန်၆ထပ်ကြီး ဘုရားကြီးထဲက ဘွဲ့မေ့သွားပြီး ဘုန်းကြီးတစ်ပါး။ အဲ့ဒီဘုန်းကြီးက ဘုန်းကြီးအပေါ်ကို တော်တော်လည်း ဂရုစိုက်တယ်။ နောက်ကျတော့ လူထွက်ပြီးတော့ ရန်ကုန် မြင်းကျားလိုင်းမှာ Bus ကား စပယ်ယာလုပ်တယ်။လူထွက်တော့ စားစရာမရှိလို့ ဆိုပြီး ဘုန်းကြီးဆီ ပိုက်ဆံလာချေးတယ်။
ရဟန်းခံပွဲက ရလိုက်တာ ဘယ်လောက်ရလဲဆိုတော့ ကျပ်၃၀၀-ရတယ်။စဉ်းစားကြည့် ဒီကနေ့ ရတာသိန်း(၂၀၀၀)နီးပါး နော်။ ၁၃၁၈-ခုနှစ်က ရဟန်းခံတာ အဲ့ဒီကျပ်-၃၀၀ကို သူ့ကို ၁၅၀ ချေးလိုက်တာ။ ဒီကနေ့ထိ ပြန်မရဘူး။သူငယ်ချင်းဘုန်းကြီး ချီးမြောက်တာ။ သူကချီးမြောက်တာလား ဘုန်းကြီးက ချီးမြောက်တာလား။
ဆွမ်းခံအိမ်ဖိတ်ပေးတာကလည်း တော်တော်ခက်တဲ့ကိစ္စပဲ။ တစ်အိမ်ဆင်း တစ်အိမ်တက် ဦးဇင်းဘာလို့လာတာလဲ ဆွမ်းခံအိမ်လာဖိတ်ပါတယ်။ဘယ်ကျောင်းတိုက်က ဘယ်သူပါ။ ဆိုပြီး လက်ခံတဲ့သူလည်း ရှိတယ် လက်မခံတဲ့အိမ်လည်း ရှိတယ်။ ပြောချင်တာက အဲ့ဒီမှာ အိမ်တစ်အိမ်တက်သွားတော့ အသက်ရ၀-လောက်ရှိတဲ့ အဘိုးကြီးတစ်ယောက် ခေါင်းဖြူဖြူကြီးနဲ့ ထွက်လာတာ။ ဦးဇင်းဘာလုပ်သလဲတဲ့ ဆွမ်းခံအိမ်ဖိတ်တာ ဒကာကြီးဆိုတော့ ဒီအိမ်မှာ လူကြီး မရှိဘူးတဲ့ ။
(ဆရာတော်ကြီး ပြုံးတော်မူလျှက်) အဲ့ဒါနဲ့ နှစ်ယောက်သား တပြိုင်နက်တည်းထွက်သွားတယ်။ ခင်များခေါင်းဖြူနေပြီး ခင်များထက်ကြီးတဲ့သူ ဒီအိမ်မှာ ဘယ်သူရှိသေးသလဲ ရန်တွေ့ပြီးတော့ ပြန်ဆင်းလာတယ်။ သီတဂူရဲ့ဘဝစပိုင်း ထေရုပ္ပတ္တိကို ဒါတွေ ဘယ်သူရေးမလဲ အဲ့ဒါကြောင့် ဘုန်းကြီးတို့ ပရိသတ်ရေ အဘိဓဇဆိုတော့ အုန်းအုန်းကျွက်ကျွက်လုပ်လိုက်ကြတာ။
ဟိုတုန်းကတော့ ခေါင်းဖြူဖြူနဲ့ လူကြီးကတောင်မှ ဆွမ်းမလောင်းချင်ဘူး။ မန်းကျည်းပင်ရိပ်ကဘယာကြော်ဆိုင်က တစ်နေ့ ၂လုံး ၂နှစ် မှန်မှန်စားရတယ်။ ကျေးဇူးတင်လို့ မဆုံးပါဘူးဗျာ။အဲ့ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။
ရှေးရှေးက ထောက်ပံ့တဲ့ ဒကာ ဒကာမတွေရော ဒီကနေ့အသက်၈၀-ကျော်အထိ ချီးမြောက်ထောက်ပံ့ပြီးတော့ သာသနာတော်အတွက် အားပေးကြတဲ့ ဒကာ ဒကာမတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဘုန်းကြီးရဲ့ စီမံကိန်းကြီး (၄)ရပ် ရေအလှူတော် ဆေးအလှူတော် ဝိပဿနာတက္ကသိုလ်နဲ့ ဗုဒ္ဓတက္ကသိုလ်များအလှူတော် ပြည်ပသာသနာပြု အလှူတော် ဒီလုပ်ငန်းကြီးလေးရပ်။ ကြော်ညာလေးတော့နည်းနည်းထုတ်ရဦးမယ်။
ရုရှားက ရွှေစည်းခုံဆိုတာ အခုထိမတည်ရသေးဘူး။ လုပ်တုန်း တည်ခွင့်ရတဲ့အထိဆိုရင် စားပွဲပေါ်က စာရွက်က အဆင့်-၈ဆင့်တက်ရမယ်။ (၆)ဆင့်ပြီးသွားပြီ ၂-ဆင့်ကျန်တယ်။ဒေါ်လာ ၆၀၀၀-ကုန်မှ အဲ့ဒီဥစ္စာတွေပြီးမယ်။ အဲ့ဒါတွေ လုပ်တုန်းပဲ။
အကျီအိပ်နှိုက်ထား ရွှေစည်းဂုံထဲမှာ ထည့်ရမယ်လို့ အဲ့ဒါပြောချင်တာ။ မော်စကို ရွှေစည်းဂုံ။နောက်တစ်ခုက ဖလော်ရီဒါပြည်နယ် အမေရိကန်မှာ လောကနန္ဒာစေတီတော် အခုမှ စတည်ရုံပဲရှိသေးတယ်။ အဲ့ဒါလည်း ပြင်ထားကြ။နောက် စိန့်ပေါ မီနီဆိုးတားက ရွှေတိဂုံစေတီတော် သူက စနေပြီ အဲ့ဒါတွေလည်းပြင်ထားကြလို့ ကြော်ညာလေးထုပ်ပြီးတော့ ဘုန်းကြီးတို့ ရေစက်သွန်းတာကို တိုင်ပေးမယ်။
ဘယာကြော်၂လုံးက စပြီးတော့ သိန်း၂၀၀၀-လှူတဲ့ ပူဇော်ပွဲအထိ အားလုံးသာသနာတော်ကို ချီးမြောက်ကြတဲ့ ဒကာ ဒကာမတွေ ကျေးဇူးအထူးတင်ကြောင်း ကျန်းကျန်းမာမာနဲ့ အသက်ရှည်ကြပါစေ ဆုတောင်းပြီးတော့ အမျှဝေကြရအောင် အားလုံးရေစက်ခွက်ကိုင်ပြီး တိုင်ပေးတာ လိုက်ဆို။ ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။ အရှင်ဘုရား ဘုရားတပည့်တော်တို့၏ သာသနာနုဂ္ဂဟ၊ သာသနာပူဇာ (အော်တစ်ခုကျန်ခဲ့လို့ ပရိသတ်ဝမ်းမြောက်အောင် ပြောဖို့ တစ်ခုကျန်ခဲ့တယ်။ယခင်ပူဇော်ပွဲနှစ်ခု ရန်ကုန်မှာကျင်းပတဲ့အောက်ဗမာပြည် သီတဂူအဖွဲ့ရဲ့ပူဇော်ပွဲ အဲ့ဒီမှာလည်းပဲ သိန်း-၂၀၀၀ ကျော်တယ်။
နောက်သဲကုန်းက ပူဇော်ပွဲ သိန်း ၄၀၀-ကျော်တယ်။လှူကြတာ။ကိုယ်တော် ဒီပိုက်ဆံတွေ ဘာလုပ်လဲလို့ လာမမေးနဲ့ သီတဂူရေအလှူထဲကို ဘုန်းကြီး သိန်း၁၀၀၀-လှူပြီးပြီ။ ဘုန်းကြီးအိတ်ထဲမှာ မရှိဘူး။တစ်ပြားမှ မရှိဘူး။ သိန်း၁၄၀၀-၁၅၀၀လောက်ကုန်ကျလိမ့်မယ်။
အာယုဒါနကြီးက မော်တော်ကားအဟောင်းတွေကို အကုန်စွန့်ပစ်ပြီးတော့ ကားသစ်တွေလဲဖို့ ဆေးရုံက ဆရာဝန်တွေစီးဖို့ ဆရာဝန်ဆရာမတွေနဲ့ ဆေးရုံအုပ်ချုပ်တဲ့ လူကြီးတွေ စီးဖို့ ကား၂စီး ဆေးရုံအတွက် ဘုန်းကြီးသုံးလိုက်တယ်။ သဲကုန်းပူဇော်ပွဲက ကျပ်သိန်း၄၀၀-က သဲကုန်းကမိုးကောင်းဘုရားတစ်ဆူ ပြင်ဖို့ ကျန်တာ ၄၀၀-စလုံး အကုန်လုံး အဲ့ဒီဘုရားထဲမှာ ရေစက်ချပြီး လှူထားခဲ့တယ်။
အခုမန်းလေးကျောင်းအမများ ခေါင်းဆောင်ပြီးတော့ ပူဇော်တဲ့ ပူဇော်ပွဲက ရတဲ့ ပိုက်ဆံတွေ ဘာသုံးမလဲဆိုတာ စဉ်းစားနေတယ်။အကုန်သုံးပစ်မှာ အကုန်သုံးပစ်လို့ ကုန်သွားရင်လည်း ကုန်ပြီ နောက်တစ်ပွဲလုပ်ကြပါဦးလို့ ပြောဦး။(ပြံုးတော်မူလျှက်) အရှင်ဘုရား ဘုရားတပည့်တော်တို့၏ သာသနာနုဂ္ဂဟ၊ပရဟိတ၊ သာသနာဟိတ မြတ်ပုညသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း ဤကောင်းမှုကုသိုလ်အဖို့ကို ဘဝများစွာ သံသရာမှ ယနေ့ကျအောင် ဆွေမျိုးမိဘတော်စပ်ကြကုန်သော ဆွေဟောင်း မျိုးဟောင်း မိဟောင်း ဖဟောင်း ဘိုးဟောင်းဖွားဟောင်း ဆရာသမား အပေါင်းတို့အား ကြားသိပါစေ အမျှဝေ၏ စစ်ကိုင်းတောင် သာသနာတော်ကို အမြဲမပြတ်စောင့်ကြပ်တော် မူနေသော တောင်ဖီလာဆရာတော် ရုက္ခစိုးနတ်မင်းကြီးနှင့်တကွ ဝိပဿနာအကယ်ဒမီ ကျောင်းတိုက်၏ ပတ်ဝန်းကျင်ရှိ မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါတို့အား ကြားသိပါစေ အမျှဝေ၏ တောတောင် လျှိုမြောင် တို့၏ အကြား အကြား၌ ဆင်းရဲပင်ပန်းစွာ အသက်မွေးကြကုန်သော ၁၁-မျိုးသော ပြိတ္တာအပေါင်းတို့အား ကြားသိပါစေ အမျှဝေ၏ (၃၁)ဘုံ ကျင်လည်ကုန်သော နတ်လူ ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ဤကောင်းမှုကို ကြားသိကြ၍ အမျှရ၍ ဝမ်းသာကြသည် ချမ်းသာကြသည် ဖြစ်ပါစေသော်ဝ်.....
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော......
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော...............
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော.......
_/\_ သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ_/\_
ဣဒံမေ ပုညံ ပရေသံ ဟိတမိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆတံ ပရော။ ဣမိနာ ပုည ကမ္မေန ဗောဓိဉာဏဿပစ္စယော ဟောတု။
Credit --- Pay Thoe