ငိုချင်ရင်တောင် မငိုတော့ဘူး
လောကကပေးတဲ့သင်ခန်းစာ၊ လူတွေကပေးတဲ့သင်ခန်းစာ၊ စာတွေကပေးတဲ့သင်ခန်းစာ၊ များစွာများစွာသော သင်ခန်းစာတွေရပြီးတဲ့အချိန်မှာ ငိုချင်ရင်တောင် မငိုဖြစ်တော့ပါဘူး။ ဒါပေမဲ့ အပွင့်လင်းဆုံး ဝန်ခံရရင် ကိုယ့်ထက်နိမ့်တဲ့သူတွေကို မြင်ရင် ငိုချင်ပါတယ်။ မလောက်ငသောဝင်ငွေ၊ မပြည့်စုံသောဘဝ၊ ခက်ခဲစွာဖြေရှင်းနေသော နေ့စဉ်ဘဝ၊ မတန်မရာခိုင်းနေသော အလုပ်ရှင်၊ နားချိန်မရှိသော ဝန်ထမ်း၊ ဒါတွေဒါတွေကို မြင်ရရင် ငိုချင်ပါတယ်။ကိုယ့်တုန်းက ဖြတ်သန်းခဲ့သော ခက်ခဲမှုများကလည်း တစ်နည်းတစ်ဖုံခက်ခဲခဲ့သလို၊ သူတို့လေးတွေလည်း ဒီလိုမျိုးခက်ခဲမှုတွေကျော်ဖြတ်နေကြရတာပါပဲ။ မတူမတန်သလိုဆက်ဆံတာ၊ ဥပေက္ခာပြုခံရတာ၊ စကားလုံးနဲ့ ကြောတာ၊ မျက်နှာပေးနဲ့ကြောတာ အများကြီးပါပဲ။
ဒီနေ့ကျတော့လည်း အကုန်ဝိုင်းပြုံးပြနေကြပါရောလား။ ကိုယ်ဘယ်လိုခံစားခဲ့ရလဲ ကိုယ်သိတာပေါ့။ ဒါကြောင့် လူငယ်လေးတွေကို တွေ့တဲ့နေရာ အားပေးလိုက်တာ၊ မေတ္တာပေးလိုက်တာ။ ဘဝတွေကိုတော့ အစအဆုံးတာဝန်မယူနိုင်ပေမဲ့ ကိုယ့်တုန်းက ရခဲခဲ့သောမေတ္တာကိုတော့ ပေးဖြစ်အောင်ပေးပါတယ်။
အနားမှာကြည့်နေရတဲ့ တပည့်ကိုက မနဲဘူးလေ။ အနားကမဟုတ်သူတွေကိုတော့ မုန့်ဖိုးတော့ပေးနိုင်ပါတယ်။ အနားကတပည့်တွေကိုကျတော့ အဝတ်အစား၊ ကျောင်းစရိတ်၊ မုန့်ဖိုး၊ ယုတ်စွအဆုံး ဖုန်းဘေလ်ကအစ ထောက်နေရတာ။ လူမသိသော ထောက်ပံ့မှုများက သိန်းပေါင်းများစွာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းမှာတွေ့သမျှလူငယ်တွေကို အတတ်နိုင်ဆုံး မေတ္တာပေးပါတယ်။
လူ့ဘဝခရီးတိုတိုလေးကို အကျိုးရှိစွာ ပျော်ရွှင်စွာပဲ လျှောက်လှမ်းကုန်ဆုံးချင်ပါတယ်။ စီးပွားရေးသမားအမြင်နဲ့ဆိုရင်တော့ တော်တော်ကြောင်တဲ့အတွေးလို့ မြင်ပါလိမ့်မယ်။ လုပ်အားမရပဲ ငွေကုန်ခံနေလို့ဆိုပြီး ကဲ့ရဲ့ပါလိမ့်မယ်။ ဘာသာရေးသမားအနေနဲ့ကတော့ ဖြစ်နိုင်ရင် ဘာမှချန်မထားပဲ လှူနိုင်ရမှာလေ။ စီးပွားတွက် နဲနဲပါလာတာနဲ့အမျှ အလကားပေးဖို့အတွေး ပျောက်သွားပါလိမ့်မယ်။ လှူတယ်၊ စွန့်ကြဲတယ်ဆိုတာ အလကားပေးနိုင်မှ ရတာကိုး။
နာမည်ကမ္ပည်းတပ်မှလှူချင်တာဆိုရင်တော့ လွတ်လွတ်စွန့်ကြဲမှုမဟုတ်တော့ဘူး။ ဘုရားရှင်က မုတ္တစာဂီ = လွတ်လွတ်စွန့်ကြဲတတ်ဖို့ မှာတော်မူပါတယ်။ အကျိုးပေးပိုထက်တယ်တဲ့။ အကျိုးပေးတာမပေးတာက နောက်မှပါ။ လောလောဆယ် ပေးပြီးပျော်သွားစေမဲ့အလှူက ပထမ စိတ်ချမ်းသာရတာပါပဲ။ ဒါအဓိကပဲလေ။
စိတ်ချမ်းသာစွာလှူတတ်ရမယ်။ အဓိကအားဖြင့်တော့ အကျိုးကြီးသော ကျောင်း၊ ရေတွင်း၊ ရေကန်၊ တံတား စတာတွေလဲလှူဖို့လိုသလို၊ ပုဂ္ဂိုလ် ယုတ်မြတ်မရွေး လှူတတ်တဲ့ အလှူတွေလည်းလှူဖို့လိုတယ်။ (အဲဒီအလှူတွေကိုလည်း ဘုန်းကြီးအနေနဲ့ အတော်လှူပြီး၊ လှူနေဆဲပါပဲ။)
အားငယ်သူကို အားပေးတာ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ နှလုံးသားအစစ်ပဲ။ နိမ့်သူကို နင်းတာ၊ ဖိတာမျိုးဟာ မေတ္တာပျက်နေတာဆိုတော့ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ အခြေခံစိတ်ထားပျက်နေပြီကိုး။ အများကို ဒုက္ခပေးတဲ့စိတ်ထားပဲရှိနေမှာပေါ့။ ဒီလိုနိမ့်သူများကို ကြည့်နေရတဲ့အမြင့်ကလူတစ်ယောက်မှာလဲ လောကဓံဆိုတာရှိလေတော့ တစ်ခါတစ်ခါ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာတွေရှိပါတယ်။
တစ်ခါတစ်ခါငိုချင်ပါတယ်။ တစ်ခါတစ်ခါ လူအရမ်းပင်ပန်းလို့ ငြီးချင်ပါတယ်။ သို့သော်လည်း အများအတွက် ရပ်တည်နေရတာပါလားလို့ပြန်မြင်လိုက်ရင် ငါလဲသွားလို့မဖြစ်ဘူး၊ ငါမတ်နေရမယ်ဆိုတဲ့ အတွေးဝင်လာလိုက်ရင် မျက်ရည် ခြောက်ခမ်းသွားတော့တာပါပဲ။ ကုသိုလ်စိတ်က မျက်ရည်ကို ပိတ်ထားလိုက်ပါတယ်။ အော် သူတို့အဆင်ပြေသွားတယ်၊ ပျော်သွားတယ်ဆိုတဲ့ စိတ်က ကိုယ်ငိုချင်ရင်တောင် မငိုဖြစ်တော့အောင် အားဖြစ်စေပါတော့တယ်။ ကုသိုလ်စိတ်ဖြင့် သောကငြိမ်းကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်