" ကိုယ့်ဝါသနာနဲ့ ကိုက်တာကိုလုပ်ရမှပဲ "
- ဦးဇောတိက(မဟာမြိုင်တောရ)
ကလေးတွေကိုလည်း ငယ်ငယ်ကတည်းက သူတို့ဝါသနာပါတာကို အားပေးပြီး ထူးထူးချွန်ချွန်လုပ်နိုင်တဲ့ သူတွေဖြစ်အောင် မြေတောင်မြှောက်ပေးရမယ်။ တချို့ကလေးတွေက ငယ်ငယ်ကတည်းက စာသင်ပေးတာ ဝါသနာပါတယ်။ သိတဲ့ကလေးလေးတစ်ယောက်ရှိတယ်၊ သူတို့သူငယ်ချင်း အချင်းချင်းဆိုရင် ကျောင်းမနေရသေးဘူး သူက စာသင်ပေးနေပြီ။
အသက်က (၅)နှစ် မပြည့်သေးဘူး။ သူ့ထက်ကြီးတဲ့ ကလေးတွေကို ခေါ်ခေါ်ပြီးတော့ စာသင်ပေးတယ်။ သူ့အိမ်မှာ ထမင်းချက်ဖို့ခေါ်ထားတဲ့ ကလေးတစ်ယောက်က ဆင်းရဲလို့ ကျောင်းမနေနိုင်ဘူး၊ မြန်မာစာ နည်းနည်းတော့ တတ်တယ်၊ဂဏန်း အပေါင်းအနုတ်ကို မတတ်ဘူး။
(၅)နှစ်တောင် မပြည့်သေးတဲ့ကလေးက အဲဒီကလေးမလေးကို ခေါ်ပြီးတော့ လာ ... လာဆိုပြီး အတင်းထိုင်ခိုင်းပြီးတော့ နှစ်နဲ့သုံးပေါင်းရင် သုံးကို စိတ်ထဲမှာမှတ် လက်နှစ်ချောင်းထောင် ဆိုပြီးတော့ ပေါင်းခိုင်းတယ်။ သူသင်ပေးတာကို လက်မခံရင် သူကမကြိုက်ဘူး။
စာသင်ပေးချင်တဲ့ ဝါသနာပါတယ်။ သူကြီးလာရင် ဆရာမကြီးတစ်ယောက် ကောင်းကောင်းဖြစ်နိုင်တယ်။ ဒီလိုကလေးကို ငယ်ငယ်ကလေးထဲက ကောင်းကောင်းပြုစု စောင့်ရှောက်ရင် အရည်အသွေးပြည့်ဝတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နိုင်တယ်။ မိဘတွေက ငေါက်မယ်၊ အော်မယ်၊ ရိုက်မယ်၊ သူမလုပ်ချင်တာတွေ အတင်းအကြပ် ခိုင်းမယ်၊ သူ့ဝါသနာနဲ့ကိုက်တာကို လုပ်ခွင့်မပေးဘူးဆိုရင် သူဟာ အကောင်းဆုံး အတော်ဆုံးသူတစ်ယောက် ဖြစ်မလာနိုင်တော့ဘူး။
တချို့ကလေးတွေက ဆေးကုပေးချင်တဲ့ ဝါသနာပါတယ်။ ပြုစုချင်တဲ့ ဝါသနာပါတယ်။ နေမကောင်းတဲ့သူကို ပြုစုချင်တယ်။ ဒီဝါသနာကိုကြည့်ပြီးတော့ ဒီကလေးဟာ ကြီးလာရင် ဆရာဝန်ဖြစ်နိုင်တယ်လို့မှန်းလို့ရတယ်။ ထို့အတူပဲ တချို့ကလေးတွေက စက်ပစ္စည်းတွေနဲ့ ကစားတတ်တယ်။ စက်ပစ္စည်းဆိုရင် စိတ်ဝင်စားတယ်။
ဖြုတ်ချင်တယ်၊ တပ်ချင်တယ်၊ ဒီလိုကလေးဟာ ကြီးလာရင် အင်ဂျင်နီယာ ကောင်းတစ်ယောက် ဖြစ်နိုင်တယ်။ ဒါက ဥပမာအနေနဲ့ ပြောတာပါ။ ဘုန်းကြီးငယ်ငယ်တုန်းကလည်း တရားစာပေကို ဝါသနာပါတယ်၊ တရားထိုင်ချင်တယ်။ ပါဠိစာပေတွေဖတ်ရရင် အရသာရှိတယ်။
အသံလေးတွေ ထွက်နေရတာကိုက ပါးစပ်ထဲမှာ အရသာရှိတယ်။ ကိုယ်ကသာ ဝါသနာပါနေတာ၊ မိဘတွေဘက်ကတော့ လောကီပညာရေး ကြီးပွားအောင်မြင်အောင် သူတို့တတ်နိုင်သလောက် သူတို့မေတ္တာ သူတို့စေတနာတွေနဲ့ အထောက်အပံ့ပေးပါတယ်။
ပေးပေမယ့်လည်း နောက်ဆုံးကျတော့ ငါနဲ့အကိုက်ဆုံးဟာ ဒါပဲဆိုတာ ဆုံးဖြတ်လိုက်တယ်။ မိဘတွေက အတင်းခိုင်းလို့သာ သူတို့လုပ်ခိုင်းတဲ့ ကိစ္စတွေကို လုပ်ရတဲ့အခါတွေလည်း ရှိပါတယ်။ အခြေအနေအရ လုပ်ခဲ့ရတာတွေလည်း ရှိတယ်။ မသိလို့လုပ်မိတာတွေ ရှိပါတယ်။ နောက်ဆုံးကျတော့ ငါနဲ့အကိုက်ဆုံးက အခုငါလုပ်နေတဲ့ အလုပ်ပဲလို့ ကိုယ့်ဟာကိုယ် ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်လိုက်တယ်။ ကိုယ်နဲ့အကိုက်ဆုံးဖြစ်အောင် ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်တတ်ရမယ်။
ဒါ ကိုယ့်ကိုယ်ကို သစ္စာရှိတာပဲ။ ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်ကို လုပ်ရရင် ဘယ်လောက် ပင်ပန်း ပင်ပန်း စိတ်ချမ်းသာနေတယ်။ ဒီတရားအားထုတ်တဲ့ အလုပ်ကိုလုပ်ရလို့ ဆင်းရဲလို့ စိတ်ညစ်သွားတယ်လို့မရှိဘူး။ တစ်ခါတလေ နေမကောင်းဘူး၊ အစားအစာလည်း မစားနိုင်ဘူး။
အနားမှာ ပြုစုပေးမယ့်သူလည်း တစ်ယောက်မှ မရှိဘူး။ လှဲအိပ်ပြီး နေတာပဲ။ လှဲအိပ်ပြီး တရားရှုမှတ်နေရတာကိုလည်း ကျေနပ်နေတာပဲ။ ဒီလို အခြေအနေမျိုးမှာလည်း တရားအားထုတ်ဖို့ ဘုရားကမှာထားတယ်။ ဒါလည်း ငါဖြစ်အောင် လုပ်မှာပဲ၊ မတော်တဆ သေသွားရင်လည်း မတတ်နိုင်ဘူးလို့ တွေးပြီး တရားအားထုတ်နေလိုက်တာပါပဲ။
ကိုယ် တကယ် တန်ဖိုးထားတဲ့အလုပ်ကို လုပ်နေတဲ့အခါမှာ စိတ်ရောကိုယ်ပါ လုပ်နိုင်တယ်။ တော်ပြီလို့မရှိဘူး။ အနားယူတဲ့အချိန်လည်း မရှိဘူး။ အချိန်ရှိသမျှ ဒါပဲလုပ်နေတယ်။ သတိပဋ္ဌာန်တရားကို ဘုန်းကြီးကြိုက်သွားတာ တခြားမဟုတ်ဘူး။ သူက အချိန်မရွေး၊ နေရာမရွေးဘူး။
ဒါကြောင့် အကြိုက်ဆုံး ဖြစ်သွားတာ။ ဒီအလုပ်က အချိန်ပြည့် လုပ်လို့ရတယ်။ တခြားအလုပ်တွေက တကယ်အချိန်ပြည့် လုပ်လို့မရဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာကိုပဲ ဘဝကို ကြာလေ ကျေနပ်လေ ပျော်လေပဲ။ အဲဒီလို ကိုယ့်ဝါသနာအထုံဗီဇနဲ့ ကိုက်တဲ့အလုပ်ကို လုပ်ရမှပဲ အားသွန်ခွန်စိုက်နဲ့ လုပ်လို့ရတယ်။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
- ရေးသားတော် မူခဲ့သော - " ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း " စာအုပ်မှ
Khät Hätüň - ရေးသား ပူဇော်သည်။