Sunday, June 10, 2018

"အမှန်ပြောရမှာကို မကြောက်သောသူ ဖြစ်ရပါလို၏ "


 "အမှန်ပြောရမှာကို မကြောက်သောသူ ဖြစ်ရပါလို၏ "

 "မုသားမပါ လင်္ကာမချော" ဆိုတဲ့ စကားအတိုင်း စကားလှအောင် ပြောရင်းကနေ လိမ်တာတွေ တဖြေးဖြေး များလာတယ်။ မှန်တာကို ပြောရင် လူကြိုက်နဲမှာ အမှန်ပဲနော်။ အမှန်အတိုင်း ပြောရမှာ ဘယ်လောက် ကြောက်သလဲ ဆိုရင် ကိုယ့်မိဘကိုတောင် အမှန်အတိုင်း မပြောဘူး။ တစ်ယောက်ကိုတစ်ယောက် လိမ်ညာနေတဲ့ လူ့အသိုင်းအဝိုင်းကြီးထဲမှာ လွတ်လပ်တယ် ဆိုတာ ဘယ်လိုလုပ်ပြီး ခံစားရတော့မလဲ ? ကြောက်နေရလို့ လိမ်နေရတယ်။

ကြောက်ရတာ များလေလေ လိမ်ရတာ များလေလေ ဖြစ်မှာပဲ။ ကြောက်ရတာနဲ့ လိမ်ရတာများလေလေ ဘဝဟာ သေသွားလေလေပဲနော်။ လိမ်ပြောမှ အဆင်ပြေမယ့်ဘဝဟာ သေနေတဲ့ ဘဝပါ။ အမှန်ကို ပြောရမှာ မကြောက်သောသူ ဖြစ်ရပါလို၏ လို့ ဆုတောင်းရမယ်။ လိမ်ပြောမှ အဆင်ပြေတဲ့ဘဝကနေ လွတ်မြောက်အောင် လုပ်နိုင်သူ ဖြစ်ရပါလို၏ လို့ ဆုတောင်းရမယ်။
 ဆုတောင်းရုံနဲ့လည်း မရသေးဘူးနော်။ သတ္တိရှိရှိ အမှန်ကို ပြောဖို့ "လေ့ကျင့်"ရမယ်။ အမှန်ကို မပြောပဲ ချန်ထားတာဟာ လိမ်တာ တစ်မျိုးပဲ။ ဒါကြောင့် လူတိုင်း လိမ်ကြတယ်လို့ ဆိုနိုင်ပါတယ်။ လူတိုင်းရဲ့ နက်ရှိုင်းတဲ့ရင်ထဲမှာ အမှန်အတိုင်း ပြောပြီး လွတ်လွတ်လပ်လပ် နေချင်စိတ် ရှိပါတယ်။
လိမ်နေရတာ , ဟန်လုပ်နေရတာကို စိတ်ပျက်ပါတယ်။ ငြီးငွေ့ပင်ပမ်းကြပါတယ်။ လိမ်မှ အဆင်ပြေမယ် ဆိုပြီး လိမ်နေကြပေမယ့် တကယ်တော့ အဆင်မပြေပါဘူး။ တဖြေးဖြေး ဘဝ သေသွားနေသလို ခံစားနေရပါတယ်။ "မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ" "မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်တဲ့ သိက္ခာပုဒ်ကို ဆောက်တည်ပါ၏" လို့ . . . ငါးပါးသီလ ယူတဲ့အခါတိုင်း ဆောက်တည်ကြပေမယ့် အဲဒီသီလ တကယ် မြဲအောင် စောင့်ထိန်းနိုင်ဖို့တော့ ခဲယဉ်းလေခြင်း။
အမှန်အတိုင်းပြောလို့ မဖြစ်ပါဘူးလို့ ပြောရင် ဒီလောကကြီးမှာ အမှန်အတိုင်း ပြောတဲ့သူ အတွက် နေရာမရှိပါဘူးလို့ ပြောရတော့မယ်။ အဲဒီလိုဆိုရင် လောကကြီးဟာ လိမ်ပြောတဲ့ သူတွေပဲ "နေလို့ရတဲ့နေရာ" လို့ အဓိပ္ပါယ် ပေါက်တယ်။ ကောင်းသေးရဲ့လား ?
 ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )
 Credit - ဓမ္မနှစ်သက်သူ။