သီလက လောကကြီးကိုဘယ်လိုအကျိုးပြုသလဲ
★ လောကအကျိုးပြုဆိုတဲ့ အလုပ်ထဲမှာ သီလ၊ ဒါနပြီးရင် သီလ။ သီလကျတော့ သာမန်အားဖြင့်ကြည့်မယ်ဆိုလို့ချင်ရင် သီလဟာ ကိုယ့်ဟာကိုယ် ထိန်းသိမ်းစောင့်ရှောက်တာဖြစ်သည့်အတွက်ကြောင့် လောကကို အကျိုးပြုတယ်လို့ သိပ်ပြီးတော့ မထင်မှတ်ကြဘူး။★ သို့သော် ဒါနက အကျိုးပြုမူဟာ မိမိရှိတဲ့ပစ္စည်းကို တဖက်သားအား ကူညီထောက်ပံ့ပေးတဲ့အရာက အလွန်ထင်ရှားတယ် အလွန်ထင်ရှားသည့်အတွက်ကြောင့် ဒါနက အကျိုးပြုတာ လူသိတယ်။ သီလက လောကကြီးကိုဘယ်လိုအကျိုးပြုသလဲ? ဒါကို အလေးနက် စဉ်းစားကြည့်ရမှာဖြစ်တယ်။
★ သီလကအကျိုးပြုမှုဟာ ဒါနကအကျိုးပြုတာထက် ပိုပြီးတော့ စွမ်းဆောင်ရည်ဟာပြည့်ဝတယ်လို့ ပြောရမယ်။ စဉ်းစားကြည့် ငါးပါးသီလပဲကြည့် “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” လို့ ခုနက ဆောက်တည်သွားတယ် အဲဒီဆောက်တည်သွားတဲ့ ကိုယ်ကျင့်သီလဟာ လောကကို ဘယ်လို အကျိုးပြုသလဲ?
★ လောကလူသားတွေဟာ ဘဝမှာ အသက်ရှင်ဖို့ ရုန်းကန်နေကြရတယ်။ အဲဒီ အသက်ရှင်ဖို့ ရုန်းကန်နေကြရုံမျှမက မိမိအသက်ကို အလွန်မြတ်နိုးကြတယ်။ အသက်ရှင်ချင်ကြတယ်၊ ချမ်းသာချင်ကြတယ်ဆိုတဲ့ အနေအထားရှိတဲ့ လူတွေကို “ပါဏာတိပါတာ ဝေရမဏိ”လို ကိုယ်ကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ချမ်းသာချင် အသက်ရှင်ချင်တဲ့ပုဂ္ဂိုလ်တွေကို ချမ်းသာခွင့်မပေးဘူး အသက်ရှင်ခွင့်မပေးဘူး။
★ သီလကို ဆောက်တည်လိုက်ခြင်းအားဖြင့် အသက်ရှည်ချင်တဲ့ ပုဂ္ဂိုလ်တွေကို အသက်ရှည်ခွင့်ပေးတယ် ချမ်းသာချင်တဲ့ ပုဂ္ဂိုလ်တွေကို ချမ်းသာခွင့် ပေးလိုက်တာဟာ ဒါနနဲ့ ပစ္စည်းဥစ္စာထောက်ပံ့တာထက် သီလနဲ့ထောက်ပံ့တာက ပိုပြီးမြင့်မြတ်သွားတယ်လို့ ဒီလိုဆိုရမှာပဲ။
★ မိမိကိုအကြောင်းပြုပြီး မည့်သည့်ပုဂ္ဂိုလ်မှ ဘဝတခုဟာ အဆုံးသတ်မသွားဘူး၊ မိမိကို အကြောင်းပြုပြီး ဘယ်သူမှ အသက်နဲ့ပတ်သက်ပြီး ထိခိုက်သွားတာ မရှိဘူးဆိုတာဟာ အလွန်ကိုလောကကြီးကို အကျိုးပြုတာသာ ဖြစ်တယ်ပေါ့။ မိမိကို အကြောင်းပြုပြီး ဘယ်သတ္တဝါမှ သေဆုံးရခြင်းမရှိဘူးဆိုတာ လောကကိုအကျိုးပြုတာဟာ ဘယ်လောက်မွန်မြတ်သလဲ ဘယ်လောက်ထင်ရှားသလဲဆိုတာ စဉ်းစားကြည့်။
★ ပါဏာတိပါတာဆိုတာ ကိုယ့်ကိုယ်ကို သတ်တာ မဟုတ်ဘူး၊ တဖက်သားကို သတ်တာဖြစ်နေတယ် ဒါကြောင့် မည်သည့်သတ္တဝါမှ မိမိကိုအကြောင်းပြုပြီးတော့ ဘဝတခုကနေ ဆုံးရှုံးနစ်နာသွားတာ မရှိဘူးဆိုတဲ့ သီလဟာ သာမန်ဒါနမျိုးတောင် မဟုတ်တော့ဘဲနဲ့ မြတ်စွာဘုရားက မဟာဒါန အဘယဒါန ဇီဝိတဒါန ဆိုတဲ့ နာမည်နဲ့ သီလကို ဒါနသဘေထားပြီး ဟောကြားခဲ့တာတွေ ရှိတယ်ပေါ့။
★ သာမန်ပစ္စည်းကိုလှူတာက ဒါန ငါးပါးသီလဆောက်တည်ပြီး ကိုယ်ကျင့်သီလနဲ့ ထိန်းသိမ်းစောင့်ရှောက်တာကျတော့ မဟာဒါနလို့ ခေါ်နိုင်တာပေါ့။ ဒါကြောင့် မြန်မာလူမျိုးတွေ ပစ္စည်းဥစ္စာကိုလှူတယ် အများအပြား ကြိုးကြိုးစားစားလုပ်နေကြသလို ကိုယ်ကျင့်သီလကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သီလတရားဟာလည်းပဲ လောကကို အကျိုးပြုတဲ့တရားဖြစ်သောကြောင့် လျစ်လျူရှု့မထားပဲနဲ့ အရေးတကြီး အသက်ထက်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုအပ်တယ် ဒီလိုဆိုလိုတယ်ပေါ့။
★ ပါဏာတိပါတာက ရှောင်ကြဉ်မှုဆိုတဲ့ ကိုယ်ကျင့်တရားသည် မိမိပတ်ဝန်းကျင်က လောကကြီးကိုအကျိုးပြုသလို စိတ်ချမ်းသာမှုတွေကို ရရှိသလို ဘေးရန်ကင်းမှုတွေကို ဖြစ်ပေါ်သလို အဒိန္နာဒါန မိမိကြောင့်သူတပါးတွေ ပစ္စည်းပျက်ရတာမရှိဘူး။ သူတပါးတွေ ပစ္စည်းဥစ္စာ ဆုံးရှုံးသွားရတာ မရှိဘူး။ ပစ္စည်းနဲ့ပတ်သက်ပြီး သောကရောက်စေတာ မရှိဘူး။
★ ကိုယ့်ကိုအကြောင်းပြုပြီး လောကလူတွေဟာ အသက်တမျှ ချစ်ခင်ကြရတယ်၊ နေ့စဉ်နဲ့အမျှ ကြိုးပမ်းပြီးတော့ ရှာနေရတဲ့ ပစ္စညး်ဥစ္စာတွေဟာ လုံးဝဆုံးရှုံးမှုကို မဖြစ်စေတဲ့ "အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ"လို့ဆိုတဲ့ ဒီသီလဟာလဲ လောကလူသားတွေကို အကျိုးပြုတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားတယ်။
★ စဉ်းစားတွေးခေါ်ပြီးတော့ ကြည့်ရမယ်။ သာမန်အနေနဲ့ မဟုတ်ဘဲနဲ့ စဉ်းစားတွေးခေါ်ကြည့် “ပါဏာတိပါတာ ဝေရမဏိ” ကလဲ ကိုယ့်ဘာသာသီလဆောက်တည်တာပဲ “အဒိန္နာဒါနာ ဝေရမဏိ” ကလဲ ကိုယ့်ဘာသာသီလဆောက်တည်တာပဲလို့ ဒီလိုထင်မှတ်စရာရှိသော်လည်း ကိုယ်ဆောက်တည်ခြင်းဟာ ဘယ်သူ့အတွက်လဲ။
★ များသောအားဖြင့် လူတွေက သီလဆောက်တည်တာ ကိုယ့်အတွက်လို့ထင်တယ် ပစ္စုပ္ပန်ဆက်ဆက် နားလည်သဘောပေါက်မယ်ဆိုရင် သီလဆောက်တည်တာဟာ အများကိုအကျိုးဖြစ်သွားတာပဲ ဖြစ်တယ်ပေါ့။ ကိုယ်ရလိုက်တာဟာကတော့ ဆောက်တည်ခြင်းဆိုတဲ့ သမာဒါနစေတနာကုသိုလ် ရှောင်ကြဉ်ခြင်းလို့ဆိုတဲ့ ၀ိရတီကုသိုလ် ဒီကုသိုလ်နှစ်မျိုးသာ ကိုယ်ရလိုက်တာဖြစ်တယ်။
★ တဖက်သားမှာ ထိခိုက်ဆုံးရှုံးမှုတွေက လွတ်ကင်းသွားသည့်အတွက်ကြောင့် တဖက်သားလောကသားတွေကို များစွာအကျိုးဖြစ်ထွန်းစေခြင်းဖြစ်တယ်။ ဒါကို အလေးနက်စဉ်းစားကြည့်ရင် ဒါနဟာသီလထက်ပိုပြီးကောင်းတယ်လို့ ဆိုရတာသာဖြစ်တယ်။
★ တဖက်သားကို အကျိုးပြုတဲ့နေရာမှာ သီလကပိုထိရောက်တယ် မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ အသက်ဆုံးရှုံးမှုမရှိဘူး၊ မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ ပစ္စညး်ဥစ္စာဆုံးရှုံးမှုဖြစ်ဘူး၊ မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ ဂုဏ်သိက္ခာဆုံးရှုံးမှုမဖြစ်ဘူး၊ မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ အကျိုးပျက်ပြားပြီး လွှဲမှားသွားမှုမဖြစ်ဘူး၊ မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ အသိဉာဏ်တွေရရှိပြီးတော့ မိမိကိုယ်တိုင်က လောကရဲ့အကျိုးကိုဆောင်ရွက်နိုင်တယ်ဆိုတဲ့ ဒီကိုယ်ကျင့်သီလရဲ့တန်ဖိုးဟာ အလွန်ကြီးမားတယ်။
★ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ဒါနကောင်းမှုကို အလေးပြုသလို ငါးပါးသီလကို အလေးပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံလောက် အေးချမ်းသာယာတဲ့နိုင်ငံ လောကမှာရှာလို့ရမှာ မဟုတ်ပါဘူး။
★ တခြားဟာတွေ များစွာမလိုပါဘူး ငါးပါးသီလကို အသက်ထက် တန်ဖိုးထားလိုက်မယ်ဆိုရင် ထိုတန်ဖိုးထားတဲ့ ရပ်ရွာဟာ အေးချမ်းတဲ့ ရပ်ရွာဖြစ်မှာပဲ၊ မြို့နယ်ဟာ အေးချမ်းတဲ့ မြို့နယ် ဖြစ်မှာပဲ၊ တိုင်းဒေသကြီး ပြန်နယ်တွေဟာ အေးချမ်းတဲ့ တိုင်းဒေသကြီးတွေ ပြည်နယ်တွေပဲ ဖြစ်မှာပဲ၊ အေးချမ်းတဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာဆိုတာ သေချာတယ်ပေါ့။
★ မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ရပါလျက်နဲ့ ဒါနကောင်းမှုလုပ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်ပါလျက် ဘယ်အတွက်နဲ့ မြန်မာလူမျိုးတွေဟာ မျက်နှာပျက်နေရသလဲ စဉ်းစားကြည့်ရင် မြန်မာပြည်မှာ အဂတိလိုက်စားမှုတွေလည်း အလွန်များ၊ အဂတိလိုက်စားမှုတွေဟာ စဉ်းစားကြည့်မယ်ဆိုရင် အဒိန္နာဒါနတို့ မုသာဝါဒတို့ ဆိုတာတွေဟာလည်း နေရာတိုင်းမှာ ဒီလိုဖြစ်နေတာဟာ ကောင်းတဲ့သွင်ပြင်လက္ခဏာတွေ မဟုတ်ပါဘူး။ ★ ဒါကြောင့်မို့ ဒို့တတွေဟာ လောကကြီးကိုအကျိုးပြုမယ့် ပုဂ္ဂိုလ်တွေဖြစ်ဖို့အတွက် လောကကြီးကိုအကျိုးပြုတဲ့ လုပ်ငန်းနှစ်ခုမှာ အရေးပါတဲ့ တန်ဖိုးကြီးမားတဲ့ သီလဆိုတဲ့ အလုပ်ကို ဒို့တတွေဟာ ကြိုးစားပြီးတော့ ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဒီလိုစိတ်ထဲနုလုံးထဲမှာ မှတ်သားပြီးတော့ ကိုယ်ကျင့်တရားကို ကြိုးစားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။
★ သီလဆိုတာဟာ ကုသိုလ်တရားတွေကို ထိန်းထားတဲ့ ကိုယ်ကျင့်တရား၊ ကုသိုလ်တရားတွေ အထိန်းမရှိဘူးဆိုရင် ကိုယ့်ရင်ထဲနုလုံးထဲမှာ တည်မှာမဟုတ်ဘူး။ ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်မှာသာ တည်သလိုပဲ သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာလျှင် အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာကို ပေးနိုင်တဲ့ သီလတွေက တည်ရှိနိုင်သာဖြစ်တယ်ဆိုတာဟာ ၀ိသုဒ္ဓိမဂ်မှာ ရှင်းရှင်းလင်းလင်း သီလရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုထားတာဖြစ်တယ် "သီလံ ဥပါဒါနံ" သီလဆိုတာ ကုသိုလ်တရားတွေကို ထိန်းသိမ်းထားတဲ့အရာလို့။
★ လောကကို ကောင်းကျိုးချမ်းသာကို လိုလားတဲ့ပုဂ္ဂိုလ်တိုင်း ကောင်းကျိုးချမ်းသာကို စုဆောင်းရမှာဖြစ်တယ်။ အဲ့ဒီ ကောင်းကျိုးချမ်းသာတွေ ကိုယ့်သန္တာန်မှာ တည်မြဲဖို့အတွက် သီလနဲ့ထိန်းရမှာသာဖြစ်တယ်။ ★ ကိုယ်ကျင့်သီလမပြည့်စုံပဲနဲ့ ၀ိပဿနာတရားအားထုတ်မယ်ဆိုလို့ချင်ရင် ကိုယ်ကျင့်သီလ မပြည့်စုံမူကြောင့် Happiness of Innocent ဆိုတာမရှိဘူး၊ အနဝဇ္ဇသုခ မရှိဘူး၊ သုခမရှိသည့်အတွက်ကြောင့် စိတ်တည်ငြိမ်မူဆိုတဲ့ သမာဓိမရနိုင်ဘူး သမာဓိမရနို်င်သည့်အတွက်ကြောင့် ယထာဘူတဉာနဒဿန အမှန်အကန်သိခြင်းက ဆုံးရှုံးသွားမှာသာဖြစ်တယ်ပေါ့။ ဒါကြောင့် ကိုယ်ကျင့်သီလကို တန်ဖိုးကို အလေးအနက်ထားပြီး ကြိုးစားကြရမှာဖြစ်တယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
“လောကအကျိုးပြု လုပ်ငန်းနှစ်ခု” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu