ကာမချမ်းသာလမ်း
★ ဘယ်လမ်းတွေလဲဆိုရင် "ယော စာယံ ကာမေသု ကာမသုလ္လိကာနုယောဂေါ" - ကာမဆိုတာ လိုချင်စရာအာရုံတွေကို ခေါ်တယ်။ လိုချင်စရာ အာရုံတွေဆိုတာ နေစဉ်နဲ့အမျှ တွေ့နေတာ၊ စဉ်းစားကြည့်၊ မျက်စိနဲ့ကြည့်ပြီး မြင်ရလို့ လိုချင်စရာတွေ အများကြီးပဲ။ နားနဲ့ နားထောင်ပြီး လိုချင်စရာတွေ နှာခေါင်းနဲ့ နမ်းရှုပ်ပြီး လိုချင်စရာတွေ၊ ဒါတွေကို ကာမလို့ခေါ်တယ်။ ကာမဆိုတာ လိုချင်စရာတွေ။★ လိုချင်စရာတွေ တွေ့တဲ့အခါ လိုချင်တယ်ဆိုတာ ပေါ်လာတယ်။ တဏှာ ရာဂ ဖြစ်လာတယ်။ လိုချင်စရာတွေ လိုချင်လာတယ်။ လိုချင်စရာကောင်းတဲ့ အာရုံတွေကို လိုချင်လာတယ်။ အဲ့ဒီ လိုချင်စရာ ကောင်းတဲ့ အာရုံတွေကို ရလိုက်တဲ့အခါ လူတွေမှာ ဘာဖြစ်တုံးဆိုရင် ပျော်ရွှင်မှု၊ ချမ်းသာမှုတွေ ဖြစ်လာတယ်။
★ မျက်စိက ကိုယ်ကြည့်ချင်တဲ့ အဆင်းလေးကြည့်ပြီး ကျေနပ်နေ၊ ပီတိတွေဖြစ်၊ ၀မ်းသာ၊ နားက သာယာတဲ့ အသံလေး နားထောင်ရတဲ့အခါ ပီတိတွေဖြစ်၊ ကျေနပ်နေတယ်။ နောက်ထပ် ရှူချင်စိတ်ပေါက်၊ လျှာကလည်း ကိုယ်ကြိုက်တဲ့ အရသာလေး စားလိုက်ရရင် နောက်ထပ် စားချင်စိတ်တွေ ပေါက်နေတယ်။ ကျေနပ်နေတယ်။ ၀မ်းသာနေတယ်။
★ ခန္ဓာကလည်း နူးည့ံတဲ့အထိအတွေ့ ထိရင် နောက်ထပ်လည်း ထိတွေ့ချင်တယ်။ ကျေနပ်တယ်။ အဲ့ဒါတွေကို ခံစားဖို့ကြိုးစားကို "ကာမသုခလ္လိကာနုယောဂ" လို့ခေါ်တယ်။
★ မျက်စိကကြည့်တာကို နောက်ထပ်ကြည့်ဖို့ ကြိုးစားတယ်။ ဒီပျော်ရွှင်မှုလေး နောက်ထပ်ကြည့်ဖို့ ကြိုးစားတယ်။ မျက်စိက လှပတဲ့ အဆင်းလေး မြင်တဲ့အခါမှာ နောက်ထပ် ဒါမျိုးလေးရဖို့ မရရင် ရှာကြံမယ်၊ ရရင်ပျော်မယ်။ ဒါမျိုးလေးရဖို့ မရရင် ရှာကြံမယ်၊ ရရင်ပျော်တယ်။
★ ဒါမျိုးလေးကို အမြဲတမ်းခံစားနေဖို့ စိတ်ထဲက ရည်မှန်းပြီး ကြိုးပမ်းတယ်။ အဲ့ဒါကို "ကာမသုခလ္လိကာနုယောဂ"၊ "အနုယောဂ" ဆိုတာ မပြတ်ကြိုးပမ်းနေတယ်။
★ ဒီနေ့ လူတွေ လူ့ဘဝသက်တမ်းမှာ ဘာရှာနေကြတုံးဆိုရင် အဲ့ဒီပျော်ရွှင်မှုကို ရှာကြတယ်။ အနှစ်သာရကို ရှာမယ်ဆိုရင် ဘာတွေ ရှာနေကြလဲ၊ ပျော်ရွှင်မှုကို ရှာနေကြတယ်။ သူတို့သိတဲ့ ပျော်ရွှင်မှုဟာ လူတွေသိတဲ့ ပျော်ရွှင်မှုက ဘာတွေတုံး၊ - မျက်စိနဲ့မြင်ပြီး ပျော်ရွှင်မှု၊ - နားက နားထောင်ပြီး ပျော်ရွှင်မှု၊ - နှာခေါင်းက နမ်းပြီးရှုပ်ပြီး ပျော်ရွှင်မှု၊ - လျှာကအရသာခံပြီးတော့ ပျော်ရွှင်မှု၊ - ခန္ဓာကိယ်က ထိတွေ့ပြီးပျော်ရွှင်မှု၊ အဲ့ဒီပျော်ရွှင်မှု ချမ်းသာကလေးက စိတ်ကလေးငြိမ်းချမ်းပြီးတော့၊ စိတ်ထဲ ကျေနပ်ပြီးတော့ ငြိမ်းချမ်းနေတာ။ အဲ့ဒါလေးကို ရချင်လို့ရှာနေတာ။
★ တချို့က ပြောသေးတယ်။ တပည့်တော်တို့က ဒီလို ချမ်းသာမှုမျိုးကို ရှာတာ မဟုတ်ပါဘူး။ အလုပ်ရှာတယ်။ အလုပ်က ဘာအတွက်တုံး၊ ပိုက်ဆံရဖို့၊ ပိုက်ဆံက ဘာလုပ်ဖို့တုံးဆိုရင် ဒီဘက် ရောက်သွားတယ်။ လူတိုင်း လူတိုင်းဟာ အလုပ်ရှာတယ်။ အလုပ်က ငွေရဖို့ပဲ။
★ လူတွေ ရှာနေတာ ချမ်းသာ။ အဲ့ဒီပေါ်မှာ ရှာကြံနေပြီးတော့ နေကြမယ်ဆိုရင် "ကာမသုခလ္လိကာနုယောဂ"လို့ ခေါ်တယ်။ အသိဉာဏ်တွေ မဖြစ်လာနိုင်တော့ဘူး။ နိဗ္ဗာန်ဘက်ကို ကျောပေးတာနဲ့ တူနေတယ်။ နိဗ္ဗာန်သွားဖို့ လမ်းကြောင်းပေါ်မှာ မတည့်ဘူး။ သွေးဖယ်သွားပြီ။ ဒါကြောင့် မြတ်စွာဘုရားက အဲ့ဒီလမ်းကို မလိုက်နဲ့နော်။ အဲ့ဒီလမ်းလိုက်ရင် နိဗ္ဗာန်တံခါးဆီ ရောက်မှာ မဟုတ်ဘူး။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
‘နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မှုပါ အပိုင်း(၂)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
Credit --- Shwe Thu