Sunday, June 10, 2018

လူတော်လူကောင်းဖြစ်ဖို့ဆိုတာ


 လူတော်လူကောင်းဖြစ်ဖို့ဆိုတာ

 ★ မြတ်စွာဘုရားဟောတဲ့ အနှစ်ချုပ်က ဘာလဲဆိုရင် သူတစ်ပါးရဲ့ စိတ်နေသဘောထားတွေ မသိချင်နေပါစေတဲ့ ကိုယ့်ရဲ့စိတ်နေသဘောထားတွေ သိအောင်လုပ်ပါ။ သူများစိတ်ကို မသိတာ ဘာမှ အရေးမကြီးဘူး ကိုယ့်စိတ်ကိုယ်သိအောင်လုပ်ပါ။

 ★ အဲတော့ သိအောင်လုပ်ဆိုတာဘာလဲ မဟာသတိပဌာနသုတ်မှာ သတိပဋ္ဌာန်လေးမျိုး ဟောထားတဲ့အထဲမယ် စိတ္တာနုပဿနာသတိပဋ္ဌာန်ဆိုတာ ကိုယ့်စိတ်ကို အကဲခတ်စောင့်ကြည့် လေ့ကျင့်တာကိုဆိုလိုတယ်။ ငါ့ စိတ်လေးမှာ လောဘတွေ မကြာမကြာဖြစ်သေးလား၊ ဒေါသတွေ မကြာမကြာဖြစ်သေးလား၊ မောဟတွေ မာန်မာနတွေ ဣသာမစ္ဆရိယတွေ မကြာမကြာဖြစ်သလား။
 ★ ကိုယ့်သန္တာန်ထဲမှာ စိတ်အညစ်အကြေးတွေများနေလား အညစ်အကြေးတွေ ရှိသလားဆိုတာ ရှိသလားမရှိဘူးလားဆိုတာကို အမြဲမပျက်စောင့်ကြည့် အကဲခတ်ရမယ်။ စိတ္တာနုပဿနာ ဆိုတာ Contemplation of mind စိတ်ကို သတိနဲ့ သမာဓိနဲ့ စောင့်ကြည့်တာ။ စောင့်ကြည့်ယုံနဲ့ အလုပ်ပြီးလားဆိုတော့ မပြီးဘူး။
 ★ စောင့်ကြည့်တဲ့အခါ ဘာတွေလဲ အဖြေနှစ်ခု ထွက်လာလိမ့်မယ်။ ငါ့ စိတ်ဟာ လောဘတွေနဲ့တွဲနေတယ်၊ ဒေါသတွေနဲ့ တွဲနေတယ်၊ မောဟတွေ ဖြစ်တယ်။ အဲ့ဒါဆိုလို့ရှိရင် ဒီအဖြေရပြီဆိုလို့ချင်ရင် ဒါတွေဖယ်ဖို့ကြိုးစားလိုက်တဲ့။
 ★ အကယ်၍ ငါ့စိတ်လေးဟာ ကောင်းတဲ့ သဘာဝတရားတွေနဲ့သာရှိပြီး လောဘလဲမဖြစ်ဘူး၊ ဒေါသလဲ မဖြစ်ဘူး၊ မောဟလည်း မဖြစ်ဘူး၊ ကုသိုလ်တရားတွေပဲ အဖြစ်များတယ်လို့ အဖြေထုတ်လို့ရှိရင် အေး ဒီအခြေအနေတစ်ခု မပျက်ပြားစေပဲ ရှေ့ဆက်ပြီးတော့ တရားအားထုတ်လို့ ဒီလိုဆိုလိုတယ်။
 ★ ဘာအရာပဲဖြစ်ဖြစ် စောင့်ကြည့် လေ့လာအဖြေထုတ်၊ အဖြေထုတ်ပြီးတော့ လုပ်ရမဲ့အလုပ်ကတော့ ဘာတုန်းဆိုရင် မကောင်းတာရှိရင် ဖယ်ရှားဖို့ ကောင်းတာရှိရင် ကောင်းတဲ့ အနေအထားပေါ်မှာ ရပ်တည်ပြီး ကြိုးစားဖို့လို့ မြတ်စွာဘုရား အဆုံးအမက အဲ့ဒီအတိုင်းပဲ။
 ★ အဲတော့ ဘုန်းကြီးတို့တတွေ ကိုယ့်ကိုယ်ကို စောင့်ကြည့်လေ့လာရမယ်။ စောင့်ကြည့်လေ့လာဆိုတော့ လူတွေက စောင့်ကြည့်တယ် ကိုယ့်ခန္ဓာကိုယ်မှာ ရောဂါရှိမရှိ medical check up လုပ်ကြတယ်။ အဲ့ဒါတော့ ကြောက်တယ်လေ ရောဂါဖြစ်မှာကြောက်တော့ medical check up လုပ်တယ်။ သို့သော် စိတ်ထဲမှာ လောဘ ဒေါသ မောဟတွေရှိလားဆိုတာကိုတော့ check up မလုပ်ဘူး သိပ်ပြီးတော့ဘယ်သူမှလုပ်မယ် မထင်ဘူး။
 ★ အဲဒီ medical check up လုပ်သလို mental check up လည်းလုပ်ဖို့လိုတယ်။ သံသရာဝဋ်ဆင်းရဲက လွတ်ချင်လို့ချင်ရင် ကိုယ့်စိတ်အနေအထားကို သိအောင် mental check up လို့ခေါ်တယ် စိတ်ကိုလေ့လာသုံးသပ်တဲ့ နည်းစနစ်ဟာ meditation ကမ္မဋ္ဌာန်းအားထုတ်တဲ့ နည်းစနစ်ပဲ။
 ★ အေး ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ အကြာကြီးထိုင်မှ ကမ္မဋ္ဌာန်းအားထုတ်တာ မဟုတ်ဘူး။ ထိုင်နိုင်ရင်ပဲ တရားထူး တရားမြတ် ရလိမ့်မယ်ထင်ပြီးတော့ ကြိုးစားထိုင်ရင် အကျိုးဖြစ်မှာဆိုးရတယ်။ အဲတော့ အရေးကြီးဆုံးကဘာလဲ ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့ စိတ်တွေမဝင်အောင် တားဆီးနိုင်ဖို့က အဓိက၊ ကိုယ့်ရဲ့စိတ်ရဲ့ အညစ်အကြေးတွေကို တွန်းလှန်ဖယ်ရှားနိုင်မှုက အဓိက၊ အဲ့ဒါကို သတိထားကြရမှာဖြစ်တယ်ပေါ့။
 ★ ကြာရှည်စွာထိုင်တိုင်း စိတ်ရဲ့အညစ်အကြေးတွေကို တွန်းလှန်နိုင်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို အသိဆုံးပဲ။ ကိုယ့်သန္တာန်မှာ ကောင်းတဲ့စိတ်တွေဖြစ်နေသလား မကောင်းတဲ့စိတ်တွေ ဖြစ်နေသလားဆိုတာကို ကိုယ့်ဟာကိုယ်ပဲ အကဲခတ်ရမယ်။
 ★ ကောင်းမကောင်း မရွေးချယ်တတ်ဘူးဆိုလို့ရှိရင် အဘိဓမ္မာကို လေ့လာကြည့်လိုက်၊ လေ့လာကြည့်လိုက်တဲ့အခါမှာ လူရဲ့စိတ်ထဲမှာ မကောင်းတာတစ်ဆယ့်လေးမျိုး ရှိတယ်။ Mental impurities စိတ်ရဲ့အညစ်အကြေးတစ်ဆယ့်လေးမျိုး။ အဲ့ဒီတစ်ဆယ့်လေးမျိုးဆိုတာ အမှန်မသိတဲ့ မောဟကမကောင်းဘူး၊ မကောင်းတဲ့အလုပ်တွေလုပ်ရမှာ မရှက်တာ မကြောက်တာဆိုတာ မကောင်းဘူး။ စိတ်တည်ငြိမ်မှုမရှိဘဲ စိတ်တွေ လွင့်ပျံ့မှု သမာဓိ ကင်းမဲ့တာ မကောင်းဘူး မကောင်းတာလေးခု။
 ★ နောက်တစ်ခုက လောဘ၊ ကိုယ့်ဟာလိုချင်တယ် သူ့ဟာလိုချင်တယ်။ လိုချင်တယ် သိမ်းပိုက်တယ် တွယ်တာတယ်။ မကောင်းဘူး ဘာဖြစ်လို့ မကောင်းလဲ? လူတွေကတော့ ထင်တယ် လောဘဆိုတာ ရှိရမှာပေါ့ လောဘမရှိရင် မွဲသွားမှာပေါ့ ငတ်မှာပေါ့လို့ ဒီလိုတွေးကြတယ်။
 ★ တစ်ချို့ကလည်း စဉ်းစားမှု လွဲမှားသွားတာတွေရှိတယ်၊ တစ်ချို့က စီးပွားဥစ္စာရှာတာတောင်မှပဲ လောဘနဲ့ရှာတယ်လို့ ထင်ကြတယ်။ လောဘက စီးပွားမရှာတတ်ဘူး၊ လောဘနဲ့စီးပွားရှာရင် သူခိုး ဓားပြပဲ သေချာတယ်။ လောဘကြောင့် လူတွေချမ်းသာတာမဟုတ်ဘူး သို့သော် လူတွေက လောဘရှိလို့ ချမ်းသာတယ်လို့ ထင်နေတာ။
 ★ သေသေချာချာ စဉ်းစားကြည့် ချမ်းသာတာဟာ အသိဉာဏ်နဲ့ လုံ့လကြောင့် ချမ်းသာတာ။ ဘယ်လိုရောင်းရမယ်၊ ဘယ်လို ၀ယ်ရမယ်ဆိုတဲ့ Economic ဆိုတဲ့ စီးပွားရေးပညာတတ်တာ အဲ့ဒါ လောဘ မဟုတ်ဘူး ပညာ။ အဲ့ဒီအတိုင်း ကြိုးစားအားထုတ်တယ် ဘယ်လိုရောင်းရင် ဘယ်လိုအကျိုးမြတ်နိုင်တယ် ဘယ်လို ဘယ်အလုပ်လုပ်ရင် ကောင်းတယ်ဆိုတာကို သိတာ ပညာ လောဘ မဟုတ်ဘူး။
 ★ လောဘကြောင့် ချမ်းသာတာ မဟုတ်ဘူး၊ ပညာနဲ့ဝီရိယကြောင့် ချမ်းသာတယ်ဆိုတာကို သတိထားဖို့ လိုအပ်တယ်ပေါ့။ အဲတော့ လောကမှာ အဲ့ဒါဆိုလို့ရှိရင် လောဘဆိုတာ လူတိုင်းရှိတယ် တက္ကသိုလ်တက်ပြီး စီးပွားရေးဘွဲ့ယူစရာမှ မလိုတော့တာ လောဘကရှိနေပြီးသားပဲလေ။ လောဘကြောင့် ကြီးပွားတာ မဟုတ်ဘူးဆိုတာ တထစ်ချမှတ်ရမယ်။
 ★ လောဘက တွန်းအားတစ်ခုအနေနဲ့တော့ ဖြစ်ကောင်းဖြစ်မယ် သူက စီးပွားရှာတတ်တာ မဟုတ်ဘူး။ ရှာတတ်တာက ပညာ ကြိုးစာတာက ၀ီရိယ။ ၀ီရိယနဲ့ပညာ ပေါင်းစပ်လိုက်မှ ကောင်းမြတ်တဲ့အကျိုးတွေကို ရနိုင်တာပေါ့။ အေး ဒါကြောင့်မို့ ကိုယ့်စိတ်ကို အမြဲမပျက်ဆင်ခြင်သုံးသပ်ပြီးတော့ အဖြေထုတ်နိုင်ရမယ်။ အဲ့ဒီလို အဖြေထုတ်မှ လူ့ဘဝမှာ လူတော်လူကောင်းဆိုတာ ဖြစ်တယ်။
 ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
 “မြတ်ဗုဒ္ဓ၏ သမီးတော်များတရားတော် အပိုင်း(၃၆)” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
 Credit --- Shwe Thu