Friday, June 8, 2018

ရဟန်းသံဃာနဲ့ ဒကာဒကာမ ဆက်ဆံရေး

ရဟန်းသံဃာနဲ့ ဒကာဒကာမ ဆက်ဆံရေး

ယနေ့ခေတ် ရဟန်းသံဃာ ကိုးကွယ်မှုအပိုင်းမှာ မနီးမဝေး ကိုးကွယ်ဆည်းကပ်တာ ပိုကောင်းတယ်။ ဘုန်းကြီးကျောင်းကို သွားစရာရှိရင်သွား၊ လှူစရာရှိတာလှူ၊ တရားနာစရှာရှိရင်နာ၊ မေးစရာရှိတာမေး ပြီးရင်ကိုယ့်သဒ္ဓါတရားနဲ့ကိုယ် ပြန်လာတာကောင်းတယ်။


မဟုတ်လို့ ရဟန်းသံဃာအချို့နဲ့ သိပ်ပြီးအနေနီးသွားရင် အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ၊ ဘုန်းကြီးရဟန်းနဲ့ မလျော်တဲ့အချက်တွေ တွေ့သွားတဲ့အခါ ပုထုဇဉ်သဘာဝ သဒ္ဓါတရား ကွက်တတ်ကြတယ်။ ပိုဆိုးတာက အဓိက တန်ဘိုးရှိတဲ့ အရာတွေကို မမြင်ဘဲ အသေးအဖွဲ အားနည်းချက်တွေပဲ ကြည့်မိပြီး အပြစ်တွေ လိုက်ယူမိနေတာက ပိုဆိုးတယ်။

 ဝိနည်းတော်ရဲ့ အကြီးအသေးကို မသိတော့ အာပတ်အသေးကို အာပတ်အကြီးထင်ပြီး အပြစ်မြင်သွားတာမျိုးလည်း ရှိတယ်။ သိပ်နီးသွားရင် စိတ်ကြီးစရာတွေပါ ကြုံရတတ်တယ်။ ဆုတ်ယုတ်ပြီး သဒ္ဓါတရားအားနည်းလာတဲ့ ခေတ်ကာလ အခြေအနေအရ ရဟန်းသံဃာဆည်းကပ်မှု အပိုင်းမှာ ကြိုးဆွဲရုပ်သေးကြည့်သလိုတောင် ကိုးကွယ်ဆည်းကပ်ရမလို ဖြစ်နေပါတယ်။ ကြိုးဆွဲရုပ်သေးဟာ အဝေးကကြည့်ရင် ရှုတ်နေတဲ့ကြိုးကို မမြင်ရတော့ အတော်လေးကြည့်ကောင်းပါတယ်။

အနီးနားကပ်ကြည့်လိုက်ရင်တော့ ရှုတ်နေတဲ့ကြိုးတွေကြောင့် ကြည့်ရတာ အဆင်မပြေလှပါဘူး။ ကြည့်မကောင်းပါဘူး။ ဒီလိုပါပဲ။ နောက်ပိုင်းသာသနာမှာ ကိုးကွယ်ခံသူဘက်ကရော၊ ကိုးကွယ်သူတွေဘက်ကပါ အကျင့်သိက္ခာကျင့်ကြံမှု အပိုင်းတွေ အားနည်းလာတဲ့အတွက် နီးကပ်သွားတာနဲ့ အပြစ်ဖြစ်စရာတွေ ပိုတွေ့လာရပြီး သဒ္ဓါမခိုင်တဲ့သူဆိုရင် ဘာသာကူးပြောင်းတာတို့ ဘာသာမဲ့ ဖြစ်သွားတာတို့တောင် ရှိလာသတဲ့လေ။

သိပ်နီးလို့ အပြစ်တွေပိုရသွားမယ်ဆိုရင် ရုပ်သေးကြည့်သလို အဝေးကသာ ဆည်းကပ်သင့်ပါတယ်။ အဲ အနေနီးလေ ပိုပြီးကြည်ကြိုဖွယ်ဂုဏ်တွေ များလေပဲဆိုရင်တော့ ဘယ်တော့မှ မခွါပါနဲ့။ ဒါဟာ မိမိသံသရာအတွက် အဘိုးမဖြတ်နိုင်တဲ့ လမ်းညွန်ဆရာပဲ မဟုတ်လား။ ပြီးတော့ ကိုးကွယ်ခံ ရဟန်းတော်များဘက်ကလည်း အထူးသတိပြုရမှာက လူကိုလူလိုပေါင်းလို့ ခင်မင်ရင်နှီးတဲ့အတွက် ရရှိလာတဲ့ လာဘ်လာဘမျိုးကို လုပ်ပြီးတော့ မယူသင့်ပါဘူး။

 လူမှုရေးကောင်းဖို့အတွက် ဝိနည်းသိက္ခာပုဒ်ဖျက်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒကာဒကာမ ဆက်ဆံရေးမှာ တစ်ခါတခါ ရင်နှီးလို့ လှူတာဟာ ကြည်ညိုလို့လှူတာမျိုး ဟုတ်ချင်မှဟုတ်မှာ ဖြစ်တဲ့အတွက် ရင်းနှီးတုန်းကောင်းနေပြီး မရင်းနှီးတဲ့အခါ အပြစ်တွေ ပါလာတတ်ပါတယ်။ တစ်ခုခုကို လုပ်ပေးလို့ လှူတာမျိုး ဥပမာ လူတွေမအားလို့ ကိုယ်ကသူတို့ကိစ္စ လုပ်ပေးတာတို့၊ ဗေဒင်ဟော၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်၊ ယတြာချေးပေးတာတို့ စတာတွေဟာ သူတို့လိုတာကို ကိုယ်ကလုပ်ပေးတဲ့အတွက် ကိုယ့်ကို တစ်ခုခု ပြန်လှူတာမျိုးပါ။

အဲဒါမျိုးက ဘာလုပ်ပေးလို့ ဘာရတာမျိုးဖြစ်တဲ့အတွက် ကိုယ်မလုပ်ပေးတာနဲ့ သူတို့ကလည်း လှူမှာမဟုတ်တော့ပါဘူး။ လူ့သဘာဝကလည်းအခက်သား လုပ်ပေးနေကျ မလုပ်ပေးရင် အရင်တုန်းက ဘယ်လောက်လုပ်ပေးခဲ့ခဲ့ အဲဒါတွေ မမြင်တော့ဘဲ အခုမလုပ်ပေးတာကိုပဲ အပြစ်လုပ်တတ်တာ မဟုတ်လား။ ကြည်ညိုမှုသဒ္ဓါတရားဟာ လူမှုရေးကောင်းရုံနဲ့ အစစ်အမှန်ကြည်ညိုမှု ဖြစ်ချင်မှ ဖြစ်မှာပါ။ သဒ္ဓါတရားနဲ့ကြည်ညိုခံရမှုကသာ အကောင်းဆုံးပါပဲ။ သဒ္ဓါခိုင်လေ အကြည်ညို တိုးလေပါပဲ။

သဒ္ဓါတိုးဖို့အတွက်ကတော့ အကျင့်မဆိုးအောင် ကြိုးစားရမှာဖြစ်ပါတယ်။ အကျင့်မဆိုးရင် သင့်တန်ခိုးလည်း တိုးနေမှာပဲပေါ့။ ဆိုလိုတာက မျက်မှောက်ခေတ် ရဟန်းတော်များနဲ့ ဒကာဒကာမ ဆက်ဆံရေးအပိုင်းမှာ သူ့လိုင်းနဲ့သူ ကိုးကွယ်ဆည်းကပ်တတ်ကြဖို့ပါပဲ။ ကိုးကွယ်သူကလည်း ကုသိုလ်တိုးအောင် ကိုးကွယ်ဖို့ အကိုးကွယ်ခံ ဘက်ကလည်း အကြည်ညိုခံထိုက်အောင် နေထိုင်ကျင့်သုံးဖို့ပဲ ဖြစ်ပါတယ်။

 ကိုးကွယ်ရာမှ ဘေးမဖြစ်ဖို့ဆိုရင် လိုအပ်ရင် အဝေးကပဲ ဆည်းကပ်ပြီး ရုပ်သေးကြည့်သလို ကြိုးရှုတ်တွေ မတွေ့အောင် ရှောင်ကြဉ်ကာ အားနည်းချက်တွေ့ရင်းလည်း အဲဒါသူ့အပိုင်း၊ ကိုယ့်ဘက်က စိတ်အစဉ်မရိုင်းအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် သူ့အပိုင်း၊ ကိုယ့်အပိုင်း သူ့လိုင်းကိုယ့်လိုင်း၊ သူ့သမိုင်းကိုယ့်သမိုင်း မရိုင်းကြစေဖို့ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင်၊ ကောင်းအောင်သာ လုပ်ကြဖို့ပါပဲ။ အလုပ်ကောင်းလုပ်နေတဲ့ ရဟန်းသံဃာကို လှူချင်တဲ့သူတွေက လိုက်ရှာနေတတ်သလို သဒ္ဓါကောင်းတဲ့ ဒကာဒကာမကို ချီးမြှောင်စောင့်ရှောက်ပေးမယ့် သူတော်ကောင်းတွေကလည်း အများအပြားပဲ မဟုတ်လား။

 မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ