လူကအချိန်ကို စားနိုင်ကြပါစေ
ယနေ့သည်ကား မြန်မာတို့၏ နှစ်သစ်ကာလ နှစ်ဦးအစပင်ဖြစ်၏။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းခဲ့ပေပြီ။ အချိန်တွေကား အကုန်မြန်လွန်းလှပေ၏။ အချိန်ကုန်ခြင်းထက် အချိန်က အချိန်ကို စားသွားခြင်းပင်ဖြစ်၏။ ထို့အတူ အချိန်က လူကိုစားသွားခြင်းပင်ဖြစ်၏။ တစ်နှစ်ကုန်သွားခြင်းသည် မိမိအသက်အား တစ်နှစ်စားသွားခြင်းပင်ဖြစ်၏။လူ့ဘဝတွင် နေထိုင်ရမည့်သက်တမ်း တစ်နှစ်လျော့သွားခြင်းပင်ဖြစ်၏။ အချိန်က လူကိုစားသွားခြင်းသည် ဘဝအတွက် ဆုံးရှုံးမှုတစ်ခုပင်ဖြစ်၏။ စင်စစ် လူက အချိန်ကို စားနိုင်မှသာ ဘဝတန်ဘိုးရှိမည်ဖြစ်၏။ အသက်ရှင်ဆဲကာလ ဘဝအရှိကို ဓမ္မအသိဖြင့် နေထိုင်နိုင်ပါမှ ကုန်သွားသမျှ အချိန်တိုင်းသည် အကျိုးရှိမည်ဖြစ်ပြီး ဤသို့သော ကုန်ခြင်းကိုလည်း "လူကအချိန်ကိုစား၍ ကုန်ခြင်း"ဟု ဆိုရမည် ဖြစ်၏။
"အသက်ရှင်နေရသည့် ဘဝသည် မမြဲခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ ကိုယ့်အလိုအတိုင်း မဖြစ်ခြင်း အနတ္တသဘောများနှင့် အမြဲဆက်စပ်နေသဖြင့် အသက်ရှင်နေစဉ်ကာလ မမေ့မလျော့ သတိတရားရှိပြီး တရားနှင့်အညီ နေထိုင်နိုင်မှသာ ဘဝတန်ဘိုးရှိကြောင်း" ဗုဒ္ဓစာပေများ၌ ဖွင့်ဆိုရှင်းပြထားပေ၏။
ထို့ကြောင့် မိမိတို့သည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရာ နှစ်ဦးကာလ အခါသမယမှစ၍ အတိတ်က မကောင်းများကို သင်္ခန်းစာယူ၊ အကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး အနာဂတ်အတွက် အကောင်းဆုံးကို မျှော်မှန်းရင်း ပစ္စုပ္ပန်ကာလ အကောင်းဆုံးပုံဖော် ထုဆစ်ကြရမည် ဖြစ်သဖြင့် အချိန်ကလူကို အစားခံခြင်းမှသည် လူကအချိန်ကို အကျိုးရှိရှိ၊ ကုသိုလ်ရရ စားနိုင်ကြရသည့် အဖြစ်သို့ရောက်အောင် မိမိတို့၏ ဘဝကို ဓမ္မဖြင့် တည်ဆောက်နိုင်ကြပါစေကြောင်း နှစ်ဦးအမွန် ဆုမွန်ချွေလိုက်ရပါသည်။
"သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။ အကျိုးလိုလား မေတ္တာထား အာဃာတများ ကျပါစေ။ သက်ရှင်နေရ ချိန်ခဏ ကုသိုလ်မှန်သမျှ ရပါစေ။ ပြုပြုသမျှ ကုသလ ညီစွာအမျှ ရပါစေ။"
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ