Friday, June 8, 2018

ရှိလို့လှူခြင်းမဟုတ်၊ လှူလို့ရှိလာခြင်းသာ

ရှိလို့လှူခြင်းမဟုတ်၊ လှူလို့ရှိလာခြင်းသာ

 မကြာသေးခင်က ကျောင်းနေဘက် သူငယ်ချင်း ရဟန်းတော်တစ်ပါး ကြွလာပါတယ်။ အဆင်ပြေသလို နေရာချပေးပြီးတော့ “သူငယ်ချင်း ဘာလိုသေးလဲ”လို့ သူ့ကိုလျှောက်ပါတယ်။ “ချည်သင်္ကန်းပေါ့ပေါ့ပါးပါး တစ်စုံလောက်ရရင် မဆိုးဘူး”လို့ သူက ပြန်ပြောပါတယ်။ စာရေးသူလည်း ချက်ချင်းပဲ အခန်းထဲကြွပြီး ချည်သင်္ကန်းတစ်စုံလှူလိုက်ပါတယ်။ အဲဒါကို တပည့်ကိုရင်တစ်ပါးကတွေ့ပြီး နောက်တော့လျှောက်ပါတယ်။


“ဆရာတော်က ဆရာတော်ဝတ်ဖို့ချန်ထားတဲ့ (၇)သောင်းတန် အဲဒီသင်္ကန်းကို သူငယ်ချင်း ဆရာတော်ကို လှူလိုက်တော့ ဘာဝတ်မှာလဲဘုရား”တဲ့။ ရှိတာဝတ်တာပေါ့ ကိုရင်ရယ်ဆိုတော့ “ဆရာတော် မနှမျောဘူးလားဘုရား၊ ဆရာတော် ဝတ်စရာမရှိရင် ဘယ်လိုလုပ်မလဲဘုရား”ဆိုပြီး ကိုရင်က ထပ်မေးပါတယ်။

 “ကိုရင်ရေ အဲအတွက်တော့ မပူနဲ့ လှူရင်ရှိလာလိမ့်မယ်။ မရှိတဲ့သူဟာ မလှူလို့မရှိတာ၊ ထားတဲ့သူက ရှားတယ်။ ပွားတဲ့သူက များတယ်။ ခုဆရာတော်လှူတာ မရှားအောင်လှူတာ၊ ရှိအောင်လှူတာ”လို့ သူ့ကို ရှင်းပြဖြစ်ပါတယ်။ တစ်လောကလည်း နောင်တော်ကြီးတစ်ပါးက တကူးတက ဖုန်းဆက်ပြီး မိန့်ပါတယ်။ “မနာပဒါယီရေ ငါအခုရွာမှာ စာသင်ကျောင်းတစ်ဆောင် ဆောက်နေတာ။

အဲဒါ ကြမ်းခင်းကြွပြားတွေခင်းချင်တာ။ ငါ့ညီကို အလှူခံမလို့“ဆိုပြီး မိန့်တော်မူပါတယ်။ “မှန်ပါ နောင်ကြီးရေ၊ တပည့်တော်လည်း စာသင်ကျောင်းဆောင်တစ်ခု ဆောက်နေတာ၊ ထင်တာထက်ပိုကုန်နေတယ်ဘုရား၊ ပြီးတော့ ရွာလမ်းကိစ္စ၊ ရန်ကုန်ကျောင်းကိစ္စ၊ တပည့်တော် ဆေးကုရမယ့် ကိစ္စ၊ ကျောင်းသားတွေ ပညာသင်စရိတ် ကိစ္စ စသဖြင့် တပည့်တော်လည်း အတော်လေးတော့ ခေါင်းခဲနေတယ်ဘုရား”လို့ ပြန်လျှောက်တော့ နောင်တော်ကြီးက “အေးပါကွာ… အဲဒါဆိုလည်း နေပါစေတော့”လို့ မိန့်ပါတယ်။

ကိုယ့်စိတ်ထဲမှာ အတော်လေး စိတ်မကောင်းဖြစ်သွားတယ်။ နောင်တော်ကြီးက တစ်ခါမှ အလှူမခံဖူးဘူး။ အခု အလှူခံတာလည်း သူ့အတွက် မဟုတ်ဘူး။ တကယ်လိုလို့ နေမှာပဲလေလို့ စဉ်းစားမိပြီး။ “နောင်ကြီးရေ အများကြီးမဟုတ်ပေမယ့် တပည့်တော် တတ်နိုင်သလောက် ငါးသိန်းလောက်တော့ ဘဏ်ကလွဲပြီး လှူပေးပါမယ်ဘုရား”လို့ ပြန်လျှောက်လိုက်ရတယ်။

 နောင်တော်ကြီးလည်း အတော်ဝမ်းသာပီတိ ဖြစ်သွားတဲ့ သဘောရှိပါတယ်။ ကိုယ့်ထက်ပိုပြီး လိုနေတာဆိုတော့ ကိုယ်ရှိရေးထက် သူအဆင်ပြေရေး အလေးပေးလှူလိုက်တဲ့ သဘောပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကလည်း ကံမဘက်ကို တရားပွဲအကြွ တိုက်ကြီးမှာရှိတဲ့ နယ်ဘက်က ဆရာတော်ကြီးတစ်ပါးကို ဝင်ပြီး ဂါရဝပြုတော့ ဆရာတော်ကြီးက “မောင်ပဥ္ဇင်းရေ ကားလေးတစ်စီလောက်ရချင်တာ၊ အဲဒါ ပိုက်ဆံသိန်းအစိပ်လောက်ရရင် ကောင်းမှာပဲ”လို့ မိန့်တော်မူပါတယ်။

 “မှန်ပါ တပည့်တော်ကြိုးစားပါမယ်ဘုရား”လို့ လျှောက်ပြီး ကံမ၊ စီရွာတရားပွဲကြွဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီည တရားပွဲ ဓမ္မပူဇာ (၄၄)သိန်းလောက်ရပါတယ်။ နောင်နှစ်အတွက် သူတို့ကို (၁၀)သိန်းမတည် ပြန်လှူထားခဲ့ပြီး ကျန်တဲ့ဝတ္ထုတွေကို ဆရာတော်ကြီးကား အလှူအတွက် လှူဒါန်းမည့်အကြောင်း လျှောက်ထားဖြစ်ခဲ့ပါတယ်။ ဆရာတော်လည်း ဝမ်းသာအားရဖြစ်ပြီး ”ဦးဇင်းလေးက ရှိတော့လည်း လှူနိုင်တာ ဝမ်းသာစရာပဲ”လို့ မိန့်တော်မူပါတယ်။ “ရှိလို့လှူနိုင်တာ မဟုတ်ပါဘုရား။ လှူလို့ ရှိနေတဲ့ သဘောပါဘုရား”လို့ ပြန်လျှောက်ရင်း ကိုယ့်အလှူအတွက် ဝမ်းသာပီတိ ဖြစ်နေမိပါတယ်။

တကယ်တော့ အလှူဆိုတာ ရှိလို့လှူတယ်ဆိုတာထက် လှူချင်တဲ့ သဒ္ဓါတရား ရှိမှပဲ လှူဖြစ်တာ ဖြစ်ပါတယ်။ ရှိတဲ့သူတိုင်းလည်း လှူနိုင်ကြတာ မဟုတ်ပါဘူး။ လှူရဲတဲ့ သတ္တိရှိမှသာ လှူနိုင်ကြတာ ဖြစ်ပါတယ်။ သိပ်တန်ဘိုးထားလေလေ စွန့်လွှတ်ဖို့ ခက်ခဲလေ ဖြစ်တတ်တဲ့ စိတ်ကို သတ္တိရှိရှိ စွန့်လွှတ်ကြည့်နိုင်တာဟာ တော်ရုံသဒ္ဓါတရားနဲ့တော့ မလွယ်လှပါဘူး။

 ရယူလိုစိတ် များလေလေ၊ စွန့်လွှတ်ဖို့ ခဲရင်းလေလေ ဖြစ်နေတဲ့ စိတ်အစဉ်ကနေ ရုန်းထွက်ပြီး စွန့်လွှတ်လှူဒါန်းနိုင်တယ်ဆိုတာ သဒ္ဓါသတ္တိ အားကောင်းလို့ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စွန့်လွှတ်ဖြစ်ခဲ့တဲ့ ကိုယ့်အလှူတွေအတွက်တော့ အတော်လေးကို ကျေနပ်နေမိပါတယ်။ ငယ်ငယ်က မရှိခဲ့တဲ့ အနေအထားကနေ အခုလို လှူချင်တာတွေကို လှူနိုင်တဲ့အထိ ရှိလာတာဟာ တကယ်တော့ လှူလို့ရှိလာတဲ့ သဘောပဲဖြစ်ပါတယ်။

 စွန့်လို့လွတ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။ တွယ်တာမှုကို စွန့်နိုင်လာတဲ့အတွက် စိတ်အစဉ်ဟာ ကိလေသာအပူက အထိုက်အလျောက် လွတ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလှူဆိုတာ အများကြီးလှူမှ အလှူမဟုတ်ပါဘူး။ စွန့်လွှတ်ရဲတဲ့ သတ္တိရှိရင် ကိုယ့်ရှိသလောက်နဲ့ အလှူမြောက်ပါတယ်။ လှူရဲ၊ စွန့်ရဲတဲ့ သတ္တိဟာ လွတ်လပ်ပေါ့ပါးမှုအတွက် အကောင်းဆုံးသော အထောက်အပံ့ပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်

 မနာပဒါယီ အရှင်ဝိစိတ္တ