လူငယ်နှင့် ဝိပဿနာ
ဘယ်အရွယ်မှာ တရားအားထုတ် ရမလဲ ? ဒီမေးခွန်း ရဲ့အဖြေ ကို မဖြေခင် အာရုံနှိုးတဲ့ အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ ဝတ္ထုလေး တစ်ပုဒ်ကို အရင်ပြောပြ ရအောင်ပါ။ မဟာဓန သူဌေးသား ရဲ့ ဝတ္ထုလေးပါ။ မြတ်စွာဘုရား လက်ထက်တော် က ကုဋေရှစ်ဆယ် ချမ်းသာတဲ့ သူဌေးသား တစ်ယောက်ရှိပါတယ်။သူဌေး သားရဲ့ မိဘတွေ က သားဖြစ်သူ ကို ချစ်လွန်းလို့ ဒီ တစ်သက် စားမကုန်ဘူး ဆိုပြီး ပညာမသင်စေဘဲ ထား ကာ၊ သီချင်း ဆိုတာ၊ တီးမှုတ်တာလောက် ပဲ သင်စေပါတယ်။ အရွယ်ရောက် လာတော့ သူ့လို ပဲ ကုဋှေရှစ်ဆယ် ချမ်းသာတဲ့ ပညာ မတတ်တဲ့ သူဌေး သမီးတစ်ယောက် နဲ့ အိမ်ထောင် ချပေးပါတယ်။
နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေ တစ်ရာ့ခြောက်ဆယ် ချမ်းသာတဲ့ သူဌေး လင် မယားပေါ့။ ဒီလို နဲ့ နှစ်ဖက် မိဘတွေ ကွယ်လွန်သွားကြ ရောပဲ ဆိုပါတော့။ သူဌေး ဆိုတော့ ဘုရင့်ဆီ ကို နေ့စဉ် အခစား ဝင်ရပါတယ်။ ဒါကို နေ့စဉ်တွေ့နေရ တဲ့ အရက်သမားတွေ က စည်းရုံးဖို့ပြင်ဆင်ကြ ပါတယ်။ တစ်နေ့ သူဌေးသား ဘုရင့်ဆီ က ပြန်အလာ လမ်းမှာ အရက်သမားတွေ က အရက် ကို သောက်ပြ၊ အမြည်း ကို စားပြနဲ့ ” အရှင့် သူဌေးသား အသက်တစ်ရာ ရှည်ပါစေ၊ အရှင် သူဌေး သား ကို အမှီပြုပြီး စားနိုင်သောက်နိုင်ရပါ လို၏” လို့ ဆုတောင်းကြပါတယ်။
ဒီလိုနဲ့ အရက်သမားတွေ နဲ့ ပေါင်းမိပြီး အရက်တွေ သောက်ဖြစ်သွားပါတယ်။ စာထဲမှာ ပြထားတာ ကတော့ သူဌေးသား က ငွေတွေ ကို ဘေးမှာ ပုံပြီး သူရဲ့သောက်ဖော် သောက်ဖက် အရက်သမားတွေနဲ့ ပန်းတွေ ဝယ်ခိုင်းလိုက်၊ နံ့သာတွေ ဝယ်ခိုင်းလိုက်၊ ပြီးတော့ တီးတတ်၊ မှုတ်တတ်တဲ့ သူတွေခေါ်တီးခိုင်း၊ မှုတ်ခိုင်း၊ သီချင်း ဆိုတတ်တဲ့ သူတွေခေါ် သီချင်း ဆိုခိုင်း၊ ကတတ်တဲ့ လူတွေကို ကခိုင်း၊ ဆုငွေတွေကို တစ်ထောင် နှစ်ထောင် မျိုး ဆုချလိုက်၊ အရက်တွေသောက်လိုက်နဲ့ အလုပ် မလုပ်ပဲ အရည် ချဉ်း ထိုင်သောက်နေ လိုက်တာ ပစ္စည်းတွေ ကုန်ခမ်းပြီး တောင်းစားရတဲ့ ဘဝရောက်သွားရောပဲ ဆိုပါတော့.
တစ်နေ့ မြတ်စွာဘုရား က တောင်းစားနေတဲ့ သူဌေး လင်မယားကို ရဟန်း သာမဏေတွေက စားကြွင်း စား ကျန်တွေ ပေးနေတာ တွေ့မြင်တော့ အရှင်အာနန ္ဒာကို အောက်ပါ အတိုင်း မိန့်တော်မူပါတယ်။ ချစ်သား အာနန္ဒာ အခုမြင်နေ ရတဲ့နှစ်ယောက်ကို ကြည့်စမ်းပါ။
သူဌေးသား ဟာ ပထမ အရွယ်မှာ တကယ် လို့ စီးပွား ရှာလိုက်ရင် ဒီမြို့ မှာ ပထမ အချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။ အိမ်မှ ထွက်ပြီး ရဟန်းပြု တရား အားထုတ်လိုက်မယ် ဆိုရင် အရဟတ္တဖိုလ် ကို ရလိမ့်မယ်။ သူ့မယား ဟာလည်း အနာဂမ်ဖိုလ်ိကို ရလိမ့်မယ်။ ဒါမှ မဟုတ် ဒုတိယ အရွယ်မှာ စီးပွား ရှာလိုက်ဦးမယ် ဆိုရင်လည်း ဒီမြို မှာ ဒုတိယ အချမ်းသာဆုံး သူဌေး ကြီးဖြစ်လိမ့်မယ်။
ရဟန်းပြု တရား အားထုတ်မယ် ဆိုရင် အနာဂါမ်ဖြစ်လိမ့်မယ်။ မယား ကလည်း သကဒါဂါမ်ဖြစ် လိမ့်မယ်။ ဒါမှ မဟုတ် သတိဉာဏ် ဝင်ပြီး တတိယ အရွယ်မှာ စီးပွားရှာလိုက်မယ် ဆိုရင်လည်း တတိယ အချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြု တရားအားထုတ်မယ် ဆိုရင်တော့ သကဒါဂါမ်ဖြစ်လိမ့်မယ်။ မယားက သောတာပန်ဖြစ်လိမ့်မယ်။ အခုအရွယ် မှာတော့ အချိန်တွေ လွန်ခဲ့ လှပြီ။ လူ့စည်းစိမ်တွေ မှ ဆုတ်ယုတ်ခဲ့ သလို ရဟန်းအဖြစ် ဆိုတဲ့ မဂ်ဖိုလ်တွေမှ လည်း ဆုတ်ယုတ် ခဲ့ပြီ။
ရေခြောက်သွေ့နေတဲ့ ရေအိုင် ကို ရောက်ရှိနေတဲ့ ကြိုးကြာငှက် လို ဖြစ်ခဲ့ရ ရှာပြီ” အားလုံးကြားဖူး ထားတဲ့ ဝတ္ထုလေးပါ။ အထက်က ဝတ္ထုလေးမှာ မြတ်စွာဘုရားက အရှင်အာနန္ဒာ ကို မှတ်ချက်ချပြတဲ့ စကားလေးက အဓိကလိုရင်း ပါ။ မြတ်စွာဘုရား ရဲ့ အဓိက လိုရင်း မှတ်ချက်ကလေးကို ပဲ ကိုင်ပြီး ပြောရအောင်ပါ။
လောက လူသားတွေပြောနေကြတဲ့ စကားရှိပါတယ်။ ဘာလဲ ဆိုတော့ ” ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ် မှာ ဥစ္စာရှာ၊ တတိယ အရွယ်မှာ တရားရှာတဲ့” ဒီဆောင်းပါး မှာတော့ တရားထူး တရားမြတ် ရဖို့ နည်းလမ်း ကိုပဲ ဦးစားပေးရေးသွား မှာဆိုတော့ ကျန်တဲ့ အစိတ် အပိုင်းတွေကို မသုံးသပ်တော့ ပါဘူး။
ဒီတော့ တရားထူး တရားမြတ် ရဖို့ ဘယ် အရွယ်ဟာ အခွင့်အရေး အသာဆုံးလဲ ဆိုရင် မြတ်စွာဘုရားရှင် ရဲ့စကားတော် ကို ထောက်ပြီး ပထမအရွယ် ဟာ တရားထူး တရားမြတ် ရဖို့ အခွင့်အရေး အသာဆုံးပါ။ မဟာဓန သူဌေးသား ဝတ္ထုလေးကို ထပ် အာရုံပြုကြည့်ပါဦး။ မဟာဓန သူဌေးသား လင်မယား ဟာ ပထမ အရွယ်မှာ တရား အားထုတ်ရင် ယောက်ျားက ရဟန္တာဖြစ်ပြီး မိန်းမ က အနာဂါမ်ဖြစ်ရမှာပါ။
ပထမရွယ်မှာ သတိမေ့ပြီး တရားအား မထုတ်ဖြစ်တာ ထားလိုက်ပါဦး။ ဒုတိယ အရွယ်မှာ သတိ သံဝေဂဖြစ်ပြီး တရားအားထုတ်မယ် ဆိုရင်လည်း ယောက်ျား က အနာဂါမ်တည်ပြီး မိန်းမ က သကဒါဂါမ်ဖြစ်ရမှာပါ။ ဒုတိယ အရွယ်မှာ သတိမေ့ပြီး တရားအား မထုတ်ဖြစ်တာ ထားလိုက်ပါဦး. တတိယ အရွယ် မှာ သတိ သံဝေဂဖြစ်ပြီး တရား အားထုတ်လိုက်မယ် ဆိုရင်လည်း ယောက်ျား လုပ်သူက သကဒါဂါမ်ဖြစ်ပြီး မိန်းမ လုပ်သူက သောတပန်ဖြစ်ရမှာပါ။
အခုတော့ အရွယ်သုံးပါး လွန်ခဲ့ပြီဖြစ်သလို တရားထူး တရားမြတ်တွေ နဲ့ ဝေးသွား ခဲ့ရပါပြီ။ ဒီဝတ္ထုလေး ကို ထောက်ပြီး တရားထူး တရားမြတ်ရဖို့ ပထမ အရွယ်ဟာ ပထမအခွင့် အရေး အသာဆုံးပါ။ ဒုတိယ အရွယ်ဟာ ဒုတိယ အခွင့်အရေး အသာဆုံးပါ။ တတိယ အရွယ်ဟာ တတိယအခွင့်အရေး အသာ ဆုံးပါ။ အဓိကပြောလိုရင်း ကတော့ ငယ်ရွယ်နုပျိုနေ တဲ့ ပထမ အရွယ်ဟာ တရားထုူး တရားမြတ်ရဖို့ အခွင့် အရေး အသာဆုံးဖြစ် သလို တရားအား ထုတ်လို့ အကောင်းဆုံး အရွယ် လည်းဖြစ်ပါတယ်။ စာရေးသူ ကတော့ လူငယ်တွေ နဲ့ တွေ့ရတဲ့ အခါတိုင်း ” တရား အားထုတ်တာ ငယ်လေကောင်းလေ ပဲ” ဆိုပြီး အထူးပဲ တိုက်တွန်းဖြစ်ပါတယ်။
လူငယ်တွေ ဟာ လောကီ အာရုံတွေနဲ့ အများကြီး မတွေ့ရသေးတော့ တကယ့်အဖြူထည်လေးတွေ ပါ။ အရောင် မတင်ရသေးပါဘူး။ အရောင် မတင်ရသေးတဲ့ အဖြူဆွတ်ဆွတ် မှာ ဘာ အရောင်တင်တင် စွဲ ပါတယ်။ ဒါကြောင့် အဖြူထည် အရွယ်လေးတွေ မှာ ၀ိပဿ နာအရောင် ဆိုးပေးရင် သိပ်စွဲလွယ် သလို သိပ်လည်း ခိုင်ခန် ့ပါတယ်။ ဣသာမစ္ဆရိယ ရာဂ လောဘ ဒေါသ သောက စတဲ့ ကိလေသာ အညစ်အကြေးတွေ နည်းနေသေးတာရယ်၊ ရုပ် ကလည်းနုပျို၊ နာမ် ကလည်း နုပျိုနေတာရယ်ကြောင့် တရား အားထုတ်ရတာ အကောင်းဆုံးအရွယ်ပါပဲ၊ ရုပ်ကလည်းနုပျို နာမ်ကလည်း နုပျိုနေတဲ့ အချိန်ဟာ ဘာလုပ်လုပ် တက်တက်ကြွကြွ ရှိသလို ရုပ်နောက်ကို နာမ် ကကောင်းကောင်းလိုက်နိုင် သလို နာမ်နောက် ကိုလည်း ရုပ် ကကောင်းကောင်းလိုက်နိုင်ပါတယ်။
ကမ္မဌာန်း ဆရာက ထိုင်ဆိုလည်း ထိုင်လိုက်နိုင် တာပါပဲ။ ထ ဆိုလည်း ထလိုက်နိုင် တာပါပဲ။ စင်္ကြံလျှောက် ဆိုလည်း လျှောက်လိုက်နိုင်တာ ပါပဲ။ ဒီလိုပြင်မှတ်လိုက် ဆိုလည်း မှတ်လိုက်နိုင် တာပါပဲ။ ဒါဟာ နုပျိုခြင်းရဲ့ အခွင့်အရေးတွေ ပါပဲ။ နုပျိုခြင်း ဆိုတာ ဘဝ မှာ တစ်ကြိမ်သာ ရတာပါ။ ဘဝမှာ တစ်ကြိမ်သာ ရတဲ့ နုပျိုခြင်း ဆိုတဲ့ အခွင့်အရေးကို ရနေ တုန်းမှာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ် ကို လုပ်ပစ်လိုက်တာဟာ ဘဝအတွက် အဓိပ္ပါယ်ရှိသွား တာ ပါပဲ။ နုပျိုတုန်း မှာ တရားအားထုတ်ပါ ဆိုတော့ ပညာသင်ကြားမှု အလုပ်လုပ် မှု အားလုံး ကို စွန့်လွှတ်ပြီး အားထုတ် ရမှာလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
၀ိပဿ နာ တရားအားထုတ်တယ် ဆိုတော့ ကိုယ့်ဟာ ကိုယ် အားထုတ်လို့ မရပါဘူး။ ဆရာ လိုပါတယ်။ နည်း လို်ပါတယ်။ ဆရာနဲ့ နည်းရဖို့အတွက် ရိပ်သာ တစ်ခုခုမှာ ဆယ်ရက်ဖြစ်စေ၊ ဆယ့်ငါးရက်ဖြစ်စေ ဝင်ရ ပါ့မယ်။ တစ်လလောက် ဝင်လိုက်နိုင်တယ် ဆိုရင်တော့ အကောင်းဆုံး ပါပဲ။ လူဆန်ဆန်ပြောရင်တော့ သင်တန်း တက်လိုက်တာပါပဲ၊ ဒါဆို နည်းကောင်းကောင်း ရသွားပါပြီ၊
နည်းရပြီ ဆိုရင် ကိုယ့်အိမ် မှာ အချိန်ပိုင်းလေးနဲ့ အားထုတ်သွား လို့ရ ပါတယ်။ မနက် နာရီဝက် ၊ နေ့ခင်း နာရီဝက်၊ ည နာရီဝက်လောက် အားထုတ် သွားနိုင်တယ် ဆိုရင်ပဲ မဆိုးပါဘူး။ တရား အားထုတ်ပြီးစ မှာ စိတ်ထားလေးတွေ က ကောင်းနေတတ် ပါတယ်။ စိတ်ထားလေးကောင်းနေတော့ ဘယ်သူနဲ့ ပဲ စကားပြောပြော အဆင်ကိုပြေနေတာပါပဲ။
တစ်ဖက်သား က မချေမငံပြောလာရင်တောင် ကိုယ် ကလည်း သည်းခံပြီးသား ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် နေ့ခင်းပိုင်းလောက် အရောက်မှာတော့ စိတ်ထားလေး က နည်းနည်း ညံ့ချင်လာပါပြီ။ ဒီတော့ ဘက်ထရီ အားကုန်တဲ့အခါ ချာဂျင်ပြန်သွင်း ရသလိုပါပဲ။ ကိုယ့်နှလုံးသား ထဲကို ၀ိပဿ နာချာဂျင် နာရီ ဝက်လောက် ဒါမှ မဟုတ် ဆယ့်ငါး မိနစ်လောက် ပြန်သွင်းရပါတယ်။
ဒီလို ပါပဲ ညပိုင်း ကျတော့ စိတ်ထားလေး က ညံ့ချင် လာပြန်ပါပြီ။ ဒါကြောင့် တစ်ခါ ၀ိပဿ နာချာဂျင် နာရီ ဝက်၊ ဆယ့်ငါး မိနစ်လောက် ထပ် သွင်းရပါတယ်။ တစ်နေ့ကို ၀ိပဿ နာချာဂျင် မနက်တစ်ခါ၊ နေ့လည် တစ်ခါ၊ ည တစ်ခါ တစ်နေ့ သုံးခါလောက်တော့ နေ့စဉ်သွင်းပေးရပါတယ်။ ဒီ အပြုအမူလေးတွေ ဟာ ကိုယ့် ဘဝနဲ့ ကိုယ့် လုပ်ငန်းခွင်ကို အထောက်အကူပြုပြီးသားဖြစ်နေတတ် ပါတယ်။
တစ်နေ့ တစ်နေ့ လူမျိုးစုံတွေ နဲ့ တွေ့နေရတာ ဆိုတော့ ဆုံးဖြတ်ချက် မှား မသွားအောင် ကိုယ့်နှလုံးသား ကို ၀ိပဿ နာချာဂျင်လေးတွေ အားကုန် ခါနီးတိုင်း ပြန်ပြန် သွင်းသွင်းပေးရပါတယ်။ တကယ်လို့ တစ်စုံ တစ်ယောက် နဲ့ အဆင်မပြေဖြစ်ပြီး စကား ကို ပက်ကနဲ့ ပြောပြော မိခဲ့ပြီဆိုရင် ကိုယ့်ကိုယ်ကို သတိထား ကြည့် လိုက်ပါ။ ၀ိပဿ နာချာဂျင် အားကုန်နေလို့ဆိုတာ တွေ့ရပါလိမ့်မယ်။
တရား အားထုတ်လို့ ရတဲ့ အရသာဟာ ဘာနဲ့မှ လဲလို့ မရပါဘူး။ ဒါက အားထုတ်ဖူး သူတိုင်း သိပါတယ်။ မဝင် ဖူးသေးရင်သာ ဖြစ်ပါ့ဖြစ်ပါ့ မလား ဆိုပြီး စိုးရိမ်နေတတ် တာပါ။ ရိပ်သာထဲရောက်သွား ရင်တော့ သူလိုကိုယ် လို လူတွေ အများကြီးနဲ့တွေ့ပြီး အဆင်ပြေသွားကြတာပါပဲ။ ကဲ ထားပါတော့။ တတိယ အရွယ် အို မှ တရားဝင်ပြီပဲ ဆိုပါတော့။
တတိယ အရွယ်ဆိုတာ ရုပ်ကလည်းအို၊ နာမ် ကလည်း အိုလာပါပြီ။ ရုပ်ကလဲ အိုလာပြီ ဆိုရင် ထိုင်ရ၊ ထရ တာ လည်း အဆင်မပြေတော့ သလို ထိုင်တဲ့ အခါမှာလည်း ကြာကြာ မထိုင်နိုင်တော့ပါဘူး။ ဆယ့်ငါး မိနစ် တစ်ခါလောက် ပြင်ပြင်နေရ ပါတယ်။ တချို့ ဝတဲ့သူတွေ ဆိုရင် ထိုင်ရတာ တော်တော်လေးခက်ခဲပါတယ်။ တစ်ချို့ ဆိုရင် လူတွဲ နဲ့မှ ထို်င်နိုင် ထနိုင်ပါတယ်။ ဒါဟာ ရုပ်အိုခြင်း ရဲ့ လက္ခဏာပါ။ နာမ် အိုတယ်ဆိုတာ က သတိတွေမေ့မေ့နေတာ ပါ။
ဥပမာ အခန်းထဲဆေးယူ သွားမယ်ဆိုပြီး ဝင်သွား၊ အခန်း ထဲ ကျတော့ ငါဘာယူ မလို့ပါလိမ့် ဆိုပြီး မေ့နေ၊ အခန်းထဲကနေ အပြင်ပြန်ထွက် လာပြီးမှ သြော် ငါ ဆေးယူ ဖို့ ဝင်သွားတာပဲဆိုပြီး သတိရပြီး အခန်းထဲပြန်ဝင်ရ၊ ဒါ နာမ်အို မှုရဲ့ လက္ခဏာ တချို့ပါ။ တရား ထိုင် တဲ့ အခါမှာ လည်း ရုပ်အို လာတဲ့ အတွက် ကြာကြာ မထိုင်နိုင်၊ ကြာကြာ မထိုင်နိုင်တော့ မကြာ ခဏပြင်၊ မကြာခဏပြင်တော့ သမာဓိပျက်၊ နောက် နာမ်က အိုလာတဲ့ အတွက် ကမ္မဌာန်း အာရုံပေါ်မှာ သတိ က ကောင်းကောင်း မကပ်နိုင်တော့ပါဘူး။
နာမ်နဲ့ လုပ်ရတဲ့ အလုပ်မှာ နာမ် က အိုသွားတဲ့ အတွက် ကောင်းကောင်း အလုပ် မလုပ်နိုင်တဲ့ သဘောပါ။ ဒီတော့ သမာဓိ က တော်တော်နဲ့ မဖြစ်၊ သမာဓိ မဖြစ်တော့ ဉာဏ်စဉ်တွေ က မထင်နဲ့၊ ကမ္မဌာန်း ဆရာက တရားစစ်တဲ့ အခါကျတော့ ရှေ့က ယောဂီ ငယ်ငယ် ကလေးမလေးတွေ က ” ဘယ်လို မှတ်လိုက်တယ် ဘုရား၊ ဘယ်လို မှတ်လိုက်တယ် ဘုရားနဲ့” လျှောက်စရာတွေ တစ်လှေကြီး နဲံ လျှောက်သွား၊ ကိုယ့်မှာတော့ ဘာမှလျှောက်စရာ မရှိ၊ ဒီတော့ စိတ်ဓါတ်တွေ ကျပြီး အိမ်ပြန် ချင်စိတ်ပေါက်လာ၊ အိမ်ပြန်ရောက်ပြီး နောက် တခါ တရားဝင်ဖို့ သားသမီးတွေက တိုက်တွန်းရင် တစ်ကြိမ်တည်းနဲ့ သေ မလောက်ကြောက်သွားတော့ တာပါပဲ၊ ဒါ တတိယ အရွယ်လို့ခေါ် တဲ့ ရုပ်နာမ် အိုခြင်း ရဲ့ ဆိုးပြစ်လက္ခဏာတွေ ပါပဲ။
နောက် တတိယ အရွယ် ရဲ့ ဆိုးကျိုးလဲ တစ်ခုရှိပါသေးတယ်။ ယောဆရာတော်ဘုရား ရဲ့ တရားတွေ ထဲမှာ အိုလာပြီ ဆိုရင် ” အိုပယ်ဖြစ် တတ်တယ်” ဆိုတဲ့ စကားလုံးလေး မကြာခဏ ပါလေ့ရှိပါတယ်။ အိုပယ် ဆိုတဲ့စကားလုံး ကလေးက သိပ်လှ တာပါ။ အိုလာပြီ ဆိုရင် ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေ က ကိုယ့်ကို ပယ်ထားလိုက် တာပါ။ ထမင်းကျွေးရုံ ၊ အဝတ် ဆင်ရုံက လွဲလို့ အကြံဉာဏ် ယူတာ တိုင်ပင်ဆွေးနွေးတာတွေ မရှိတော့ပါဘူး။
ကိုယ့်နဲ့ ခပ်လှမ်းလှမ်း မှာ မြေးတွေ က တိုးတိုး တိုးတိုးနဲ့ စကားပြောနေမယ်။ ကိုယ်က ဒါကို ဟဲ့ မြေးတို့ ဘာတွေပြောနေတာလဲ လို့ သွားမေးမယ်။ ဒီတော့ မြေးတွေ က အို ဒါလူကြီးတွေ ရဲ့ ကိစ္စမဟုတ်ပါဘူး၊ လူငယ် ကိစ္စပါလို့ ပြန်ပြောခံရ။ တချို့ဆို ငွေကြေးချမ်းသာ ပါရဲ့၊ ပညာလည်း တတ်ပါရဲ့၊ မိသားစု အသိုင်းအဝိုင်း ကလည်း ပေါပါရဲ့၊ သတင်း စာ စာ အုပ်ကြော်ငြာလေးကို ဖတ်ပြီး ” သားရေ အရှင်ဆန္ဒာဓိက ရဲ့ နောက်ဆုံးထွက် စာအုပ်ကလေး ဝယ်ခဲ့ ပါဦး” လို့ မှာဖြစ်လိုက်ပါရဲ့။
တစ်ရက်လာ လည်း ပါမလာ၊ နှစ်ရက် လာလည်း ပါမလာ၊ ရက်တွေ သာကြာသွား တယ်၊ လိုချင်တဲ့ စာအုပ် က မရ၊ ကိုယ်တိုင် ထွက်ဝယ်ဖို့ကျတော့လည်း ကား ရှိပေမယ့် မောင်းပို့မယ့်သူ မရှိ၊ ဒါတွေ ဟာ အိုပယ်ရဲ့ ထင်ရှားတဲ့ လက္ခဏာဆိုး တချို့ပါ။ တခြား ဒီထက် ဆိုးတဲ့ ကိစ္စတွေ လည်း ရှိချင်ရှိဦးမှာပါ။ တကယ်လို့ ပထမ အရွယ်မှာ တရားကို ကြိုးကြိုး စားစား အားထုတ် ခဲ့ရင် သူတို့ ဘယ်လောက်ပဲ ” အိုပယ်” လုပ်ထား လုပ်ထား၊ ကိုယ်က ကိုယ့်ဝိပဿ နာတရားလေး နဲ့ နေနေ လိုက်ရင် ” အိုပျော်” ဖြစ်သွားမှာပါ။
၀ိပဿ နာတရား ဆိုတာ တစ်ယောက်တည်း တစ်စိတ်ထည်း အားထုတ် ရတာဆိုတော့ သူတို့ အိုပယ် လုပ်လေ ကိုယ့် အတွက် တရားမှတ် ရတာ အကောင်းဆုံးဖြစ်လေပါပဲ။ တရားထူး တရားမြတ် ရတာကို ခဏထားလိုက် ပါဦး။ လူ့ဘဝ သက်တမ်း ကို ယေဘုယျ ခုနှစ်ဆယ့် ငါးနှစ် နဲ့တွက်လိုက် ရင် အသက်နှစ်ဆယ့်ငါးနှစ် အတွင်းဟာ တရားအားထုတ်ဖို့ ပထမ အကောင်းဆုံးအရွယ်ပါ။
အသက်ငါးဆယ် အတွင်းဟာ တရားအားထုတ် လို့ ဒုတိယ အကောင်းဆုံးပါပဲ၊ ကျန်တဲ့ တတိယ အရွယ်သက် တမ်း ကိုတော့ ဆက်မပြောပါရစေနဲ့တော့။ ကိုယ့် အရွယ် ကိုယ်ပြန်ကြည့်ပြီး ဆုံးဖြတ်ဖို့ပဲ လိုပါတယ်။ လူ့ဘဝ ကို ရလာတယ်။ လူ့ဘဝကို ရလာပြီး လူ့ဘဝ ရဲ့ အနှစ်သာရဖြစ်တဲ့ ၀ိပဿ နာတရားလေး မှ အား ထုတ် မသွားရဘဲ သေသွားမယ် ဆိုရင် လူ့ဘဝ ကို ရလာတာ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး ။ လူ ဆိုတာ သေမျိုးပါ။
မသေခင်လေး မှာ ဒီ ၀ိပဿ နာတရားလေးတော့ ကုသိုလ်ဖြစ်လောက်ပဲဖြစ်ဖြစ်၊ ဗဟုသုတဖြစ်လောက်ပဲဖြစ်ဖြစ်၊ ပါရမီ ပါသွားအောင် အားထုတ် သွားသင့်ပါတယ်။လောကီ ထဲမှာ နေနေကြ တာဆိုတော့ လောကီ အာရုံတွေနဲ့တော့ ကင်းလို့ မရပါဘူး၊ ဒါပေမယ့် မော်ဒန်တွေ ၊ ပို့စ်မော်ဒန်တွေ၊ မန်ယူတွေ၊ အာစင်နယ်တွေ၊ နှစ်လုံး သုံးလုံးတွေ၊ ရားထူး ဌာနန္တရတွေ၊ အပြန်အလှန် တုံ့ပြန်မှုတွေ၊ အောင်မြင်ကျော်ကြားမှုတွေနောက် တစ်ကောက်ကောက် လိုက်နေရမှုတွေနဲ့တော့ အရွယ်သုံးပါးလုံးကို အချိန်ကုန်မသွားသင့်ပါဘူး။
ဒါတွေကို သင့်ရဲ့ ဘဝအစိတ် အပိုင်းတစ်ခု အနေနဲ့ပဲ သဘောထားသင့်ပါတယ်။ ဘဝရဲ့ အဓိက အခန်း ကဏ္ဍထဲမှာ ရှိမနေသင့်ပါဘူး။ ကဲ စာဖတ်သူ ” ဘယ် အရွယ်မှာ တရားအားထုတ် လို့ အကောင်းဆုံး လဲလို့ ” မေးလာခဲ့ရင် ပထမ အရွယ် ပါပဲ၊ ဘဝမှာ တကြိမ်သာ ရတဲ့ နုပျိုခြင်းကို ၀ိပဿ နာအရာမှာ ကောင်းကောင်းကြီး အသုံးချပစ်လိုက် စမ်းပါ။ ဒီ စာစုကို သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီး ရဲ့ လင်္ကာလေးနဲ့ ပဲ နိဂုံး ချုပ်လိုက်ကြရအောင်ပါ။
အိုရ မည့်ဘေး မရောက်သေး မျှော်တွေး ဆင်ခြင်ပါ။ မအိုသေးခင် တရားဝင် အဆင်ပြေလှသည်။ အိုသော အခါတွင် တရားဝင် အဆင် မပြေပြီ၊ အိုသော ခါမှ တရား မရ မှားကြ ပါလိမ့်မည်။
ကျမ်းကိုး ၁။ ဓမ္မပဒ ( ဒုတိယဝတ္ထုတွဲ) မဟာဓန သူဌေးသားဝတ္ထု။
၂။ သိကောင်းစရာ ဤခြောက်ဖြာ။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး။
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ဇန်နဝါရီ၊ ၂၀၀၆။
အရှင်ရာဇိန္ဒ ( ရဝေနွယ်အင်းမ )