မြန်မြန်တရားရစေဖို့ အထောက်အကူပေးတဲ့ အချက်(၆)ချက်
ကိစ္စမများ၊ စကားနည်းစေ၊ အိပ်နေမှုနည်း၊ ကိုယ်တည်းပျော်လေ၊ ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ၊ တရားရေး၊ အားပေးဂုဏ်ခြောက်ထွေ။➠ “ကိစ္စမများ”☆
➖ ➖ ➖ ➖ ➖ ➖
✪ တရားအားထုတ်နေဆဲကာလမှာ ကိစ္စနည်းရမယ်။ ဖျော်ရည်ကို ခဏခဏ ဖျော်သောက်လိုက်၊အဝတ်တွေ လျှော်လိုက်၊ဖုန်းလေးဆက်လိုက်၊ဧည့်သည်တွေ့လိုက်နဲ့ လုပ်နေရင် အမှတ်လွတ်တဲ့အချိန်တွေ များကုန်မယ်။ စီးပွားရေးကိစ္စတွေ မိသားစုကိစ္စတွေ လာရှုပ်နေရင်လည်း သမာဓိမရတော့ဘူး။ အကုန်လုံးကို ဥပေက္ခာပြုထားရမယ်။
✪ တချို့ဆရာတော်ကြီးတွေ အဖေအမေသေသွားတာတောင် မသွားဘူး။ ကျမ်းတွေအများကြီးပြုစုသွားတဲ့ ဆရာတော်ကြီးဦးဗုဓ်ကိုကြည့်ပါလား။ ခမည်းတော်ကြီးသေတုန်းကလည်းမသွားဘူး။ မယ်တော်ကြီးသေတော့လည်း နီးနီးလေးတောင်မသွားဘူး။ စိမ်းကားလို့ မသွားတာမဟုတ်ဘူး။ သေသွားပြီးတဲ့အလောင်းကြီး အခေါင်းထဲရောက်ခါမှ သွားတော့ရော ပြန်ရှင်လာမှာမှမဟုတ်ဘဲ။ မသွားဘူး။ အလုပ်ပျက်တယ်။ ဒီလိုနှလုံးသွင်းတာနော်။ အဲဒီလိုနှလုံးသွင်းမျိုးကိုအတုခိုးရမှာ။ ☆ အဲဒီလိုမဟုတ်ဘဲ ဟိုကိစ္စလည်း ငါပါမှ။ ဒီကိစ္စလည်း ငါရှိမှဆိုရင်တော့ တရားတွေပျက်ကုန်မှာပဲ။ ကိစ္စများရင် တရားမရဘူးသာမှတ်။ နောက်တစ်ချက်က
➠ “စကားနည်းစေ”☆
➖ ➖ ➖ ➖ ➖ ➖ ➖
✪ စကားပြောရင်သမာဓိပျက်လို့ ‘ယောဂီတွေ စကားမပြောကြနဲ့’လို့ ခဏခဏ သတိပေးနေတာ။ ထိုင်မှတ်တဲ့အချိန်မှာ ပင်ပင်ပန်းပန်းနဲ့ကြိုးစားမှတ်မှရတဲ့ သမာဓိလေးဟာ တရားနဲ့မဆိုင်တဲ့စကားကို ငါးမိနစ်လောက် ပြောလိုက်တာနဲ့ အကုန်ပျက်ရော။နောက်တစ်ချိန် ပြန်ထိုင်တဲ့အခါ စိတ်တွေပျံ့ပြီး အာရုံနဲ့မှတ်စိတ်က တော်တော်နဲ့ကိုမမိတော့ဘူး။
✪ ဒါကြောင့် ယောဂီတွေပြောနိုင်တဲ့ စကား(၁၀)မျိုးကိုတောင် လိုရင်းတိုရှင်းပဲ ပြောရမယ်။ အချိန်အကြာကြီးမပြောရဘူး။ (၁) အလိုနည်းမှုနဲ့ဆိုင်တဲ့စကား (၂) တင်းတိမ်ရောင့်ရဲမှုနဲ့ဆိုင်တဲ့စကား (၃) အပေါင်းအသင်းကင်းကွာမှုနဲ့ဆိုင်တဲ့စကား (၄) ဝီရိယနဲ့ဆိုင်တဲ့စကား (၅) ဆိတ်ဆိတ်ငြိမ်ငြိမ်နေရခြင်းတန်ဖိုးနဲ့ဆိုင်တဲ့စကား (၆) သီလနဲ့ဆိုင်တဲ့စကား (၇) သမာဓိနဲ့ဆိုင်တဲ့စကား (၈) ပညာနဲ့ဆိုင်တဲ့စကား (၉) လွတ်မြောက်မှုချမ်းသာနဲ့ဆိုင်တဲ့စကား (၁၀) မဂ်ဖိုလ်နိဗ္ဗာန်နဲ့ဆိုင်တဲ့စကား ☆ ဒါကိုတော့အကျယ်မချဲ့တော့ဘူး။ သိစေချင်တာက ဝစီပိတ်ကျင့်ရမှာမဟုတ်ပေမဲ့ စကားနည်းမှ တရားစွဲမယ်ဆိုတာကိုပဲ။ ပထမမိုးညှင်းဆရာတော်ဘုရား ကြီးဆိုရင် တရားကျင့်တဲ့အခါတုန်းက‘စကားမပြောတရားမဟော’ ဘဲနဲ့(၁၀)နှစ်ကြာတယ်တဲ့။ ကြည်ညိုစရာ အတူယူစရာ မကောင်းဘူးလားဗျာ။ ☆ ‘ကောင်းပါတယ်ဘုရား’
➠ “အိပ်နေမှုနည်း”☆
➖ ➖ ➖ ➖ ➖ ➖ ➖
✪ အိမ်ရေးပျက်မှာ မကြောက်ပါနဲ့။ မြန်မြန်တရားရချင်တဲ့ယောဂီက မနက်အစောကြီးထရ တာကို စာဖွဲ့မနေဘူး။ ညဘက်တွေမှာတောင် တစ်ရေးနိုးတာနဲ့ ထမှတ်တာ။ နာရီဝက်ပဲရရတစ်နာရီပဲရရ။ညဆိုတာအတတ်နိုင်ဆုံး တစ်ချိန်နှစ်ချိန်တော့ ထထိုင်ရတယ်။
✪ နိုးလာတာနဲ့ ပြန်အိပ်တယ်ဆိုရင် ရပ်ထဲရွာထဲကလူတွေနဲ့ ဘာထူးတော့မှာလဲ။ တစ်သံသရာလုံး အိပ်လာတာ။ ခဲခဲယဉ်းယဉ်းရလာတဲ့ လူ့ဘဝကို အိပ်ပြီးတော့အချိန်တွေဖြုန်းမပစ်နဲ့။ ရှုမှတ်ကြ။
➠ “ကိုယ်တည်းပျော်လေ”☆
➖ ➖ ➖ ➖ ➖ ➖ ➖ ➖
✪ ကိုယ့်အမှတ်လေးနဲ့ကိုယ် တရားနဲ့ပျော်ပါ။ အဖော်ရှိရင် မကင်းရာမကင်းကြောင်း၊စကားတွေ ပြောနေရဦးမယ် ။ စိတ်တိုင်းမကျတာတွေလည်း ကြုံတွေ့နိုင်တယ်။ တစ်ယောက်တည်းနေတာ အကောင်းဆုံးပဲ။
✪ ကြံ့ချိုလိုကျင့်၊ သမင်ချိုလိုမကျင့်နဲ့။ သမင်တွေဆိုရင်တောထဲမှာ ရန်သူနဲ့တွေ့လို့ ပြေးရလွှားရတဲ့အခါ သူရဲ့ချိုတွေက ဟိုငြိဒီငြိနဲ့ရှေ့ကို မရောက်နိုင်တော့ဘူး။ ဒုက္ခဖြစ်ရော။ ကြံ့တွေကျတော့ ဦးချိုကတစ်ချောင်းတည်း ဘာမှငြိစရာ မရှိဘူး။
✪ အဲဒီလိုပဲ ယောဂီဆိုတာအပေါင်းအဖော်တွေများရင် တရားက ရှေ့ကိုမတက်နိုင်တော့ဘူး။ ကြံ့ချိုလို တစ်ခုတည်း တစ်ယောက်တည်းကတရားကိုပိုလုပ်ဖြစ်တယ်။ တတ်နိုင်ရင်တောရဆောက်တည်ကြ။
➠ “ဆုံးမလွယ်ကြောင်း”☆ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖
✪ ‘ဆရာကပြောချင်တာပြော ငါလုပ်ချင်တာလုပ်မှာပဲ’ဆိုရင်တော့တရားရမှာ မဟုတ်ဘူး။ အများအားဖြင့် စာပေဗဟုသုတများတဲ့ယောဂီက မာန ရှိတတ်တယ်။ အကုန်လုံးကို သိမ်းကြံုးပြောတာတော့မဟုတ်ဘူး။ ဖြစ်တတ်တဲ့သဘောကို ပြောတာ။
✪ ကိုယ့်ကိုယ်ကိုအထင်ကြီးတော့ ဆရာကိုအထင်သေးတာပေါ့ဗျ။ အထင်သေးတော့ ဆရာသမားပြောတာကို နားမထောင်ဘူး။ အဲဒီအဖြစ်မျိုးကိုရှောင်ပြီး ဆိုဆုံးမလွယ်မှလည်း တရားရမြန်တာ။
➠ “မိတ်ကောင်းရှိစေ”☆ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖
✪ ဒါကအရေးကြီးတယ် ကိုယ့်ထက်တရား အတွေ့အကြံုများပြီး ကြိုးကြိုးစား စားအားထုတ်တဲ့ ယောဂီနဲ့ပေါင်းပါ။ တရားအားထုတ်ရင်း တစ်ခါတလေ ကိုယ်ဉာဏ်မမီတာလေးတွေ့ကြံုတတ်တယ်။ ယောဂီဆိုတာဆရာသမားကို အမြဲတမ်းမမေးဝံ့ဘူး။ ကြောက်တာလည်းပါမယ်။ ဒါလေးတောင်မသိရကောင်းလား ဆိုပြီးအထင်သေးခံရမှာစိုးလို့လည်းဖြစ်တတ်တယ်။
✪ ကိုယ်မေးချင်တဲ့အချိန်မှာ ဆရာသမားကလည်း အလုပ်များရင်များနေမှာကိုး။ အဲဒီတော့အမြဲတမ်း ဆရာသမားကိုပဲမေးဖို့ဆိုတာ အဆင်မပြေဘူး။ ကိုယ့်မှာ မိတ်ကောင်းဆွေကောင်း ရှိတဲ့သူ ကျတော့ တော်ရုံတန်ရုံကိစ္စကို သူ့မေးလိုက်တာနဲ့ အဆင်ချောသွားရော။ တချို့ကအသက်ငယ်ပေမဲ့ ဓမ္မဗဟုသုတလည်းများတယ်။ ဆရာသမားကောင်းနဲ့ တရားအားထုတ်ထားတဲ့ အတွေ့ အကြံုလည်းများတော့လမ်းကြောင်းမှန်အောင် ညွှန်ပြနိုင်တယ်နော်။
✪ တရားမြန်မြန်ရချင်တဲ့သူက အဲဒီလိုအပြင်မိတ်ကောင်းကိုလည်းရွေးပေါင်းရတယ်။ ပါပမိတ္တနဲ့မပေါင်းရဘူး။ မူးရူးဆိုးသွမ်းနေမှပါပမိတ္တခေါ်တာမဟုတ်ဘူးနော်။ အချိန်ဖြုန်းနေတဲ့ပုဂ္ဂိုလ်နဲ့ မရှုမမှတ်တဲ့ပုဂ္ဂိုလ်ဟာ ပါပမိတ္တပဲ။ ဒါကြောင့်မို့ မြန်မြန်တရားရချင်တဲ့ယောဂီဟာ ဟိုလျှာက်သွားဒီလျှောက်သွား ယောဂီတွေနဲ့ မပေါင်းရဘူး။ ကိစ္စများစကားများတဲ့ ယောဂီတွေကိုလည်းရှောင်ရမယ်။
✪ အတွင်းမိတ်ကောင်းကျတော့ သဒ္ဓါ ပညာနဲ့ပေါင်းပါ။ သတိ ပညာနဲ့ပေါင်းပါ။ လောဘ ဒေါသနဲ့ မပေါင်းပါနဲ့။ ဒီ(၆)ပါးနဲ့ပြည့်စုံရင် တရားမြန်မြန်ရတယ်။ နောက်ထပ် ဘာအကြောင်းတရားတွေရှိသေးလဲ ကြည့်ကြရအောင် ••• ☆ အားထုတ်နေတာချင်းအတူတူ သူကဘာဖြစ်လို့မြန်မြန်တရားတက်သွားတာလဲ။ ဆန်းစစ်ကြည့်တဲ့အခါ ••• (၁) အမှတ်ဆက်လို့ (၂) အပေါ်ယံလေးလျှံ ပြီးမမှတ်ဘဲ စူးစူးစိုက်စိုက်မှတ်လို့။ (၃) ဣန္ဒြေတွေ ညှိတတ်လို့။ ဒီလိုလဲသိထားရမယ်နော်။
✪ အမှတ်ဆက်တာက သုံးမျိုးရှိသေးတယ်။ ပထမတစ်မျိုးက ထိုင်လျက်နဲ့လည်းအမှတ်ဆက်တယ်။ သုခဝေဒနာပေါ်လာရင် မှိန်းနေတဲ့ အကျင့်မရှိဘူး။ စိတ်ကူးရင်လည်း မှတ်တယ်။ ပျင်းရင်လည်းမှတ်တယ်။ အချိန်မရွေး၊ နေရာမရွေး၊ အာရုံမရွေးမှတ်တယ်။
✪ အရေးကြီးတယ်နော်ယောဂီတို့ ဉာဏ်စိုက်ထားပါ။ ထိုင်မှတ်နေပေမဲ့ တချို့က အမှတ်ဆက်တာမဟုတ်ဘူး။ တချို့ယောဂီကအာရုံကို တစ်ခုတည်း လှေနံဓားထစ်ပဲ။ ရွရွမွမွ တောင့်တောင့်တင်းတင်းနဲ့ ပူတာ အေးတာ လှုပ်တာ ဒါပဲမှတ်တယ်။ စိတ်ကိုကျတော့ လုံးလုံးမမှတ်ဘူး။ အဲဒိတော့ အမှတ်ကဆက်ပါ တော့မလား။ ☆ ‘မဆက်ပါဘူးဘုရား’
✪ ဘာအာရုံလာလာရှုမှတ်တတ်မှ မြန်မြန်တရားတက်တာနော်။ ဒါကြောင့်မို့ မဟာစည် ဆရာတော်ဘုရားကြီးက ပေါ်ရာပေါ်ရာကိုရှုမှတ်ခိုင်းတာ။ ရုပ်ပေါ်ရင်ရုပ်ကိုရှု။ ဝေဒနာပေါ်ရင်ဝေဒနာကိုရှု။ စိတ်ပေါ်ရင်စိတ်ကိုရှု။ သဘောပေါ်ရင်သဘောကိုရှု။
✪ သတိပဋ္ဌာန်လေးပါးလုံး အကုန်ပါသွားရော။ အဲဒီတော့ ထိုင်မှတ်နေတဲ့အခါအမှတ်က ဆက်နေတဲ့အတွက် တရားမြန်မြန်တက်တယ်။
✪ ဒုတိယတစ်မျိုးက ဣရိယာပုတ်နဲ့လည်း အမှတ်ဆက်တယ်၊ ထိုင်တဲ့အချိန်ပဲ မှတ်တာမဟုတ်ဘူး။ သွားတဲ့အခါလည်းမှတ်တယ် ။ရပ်နေတဲ့အခါလည်းမှတ်တယ်။ မအိပ်မီ တုံးလုံးလှဲတဲ့အခါမှာလည်းမှတ်တယ်။ ဣရိယာပုတ်မရွေးမှတ်တယ်။
✪ တတိယတစ်မျိုးက မဂ်ဉာဏ်ဖိုလ်ဉာဏ်ရတဲ့အထိလည်း အမှတ်ဆက်တယ်။ တစ်နှစ်ကို တစ်လနှစ်လ အားထုတ်လိုက်အိမ်ပြန်လိုက်။ ဒါမျိုးမဟုတ်ဘူး။
✪ ‘လမ်းဆုံးမရောက် လက်မမြှောက် တောက်လျှောက်သွားရမည်’ဆိုတဲ့အတိုင်း အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ရတဲ့အထိ တောက်လျှောက်အားထုတ်မယ်၊ ဒီလိုဆုံးဖြတ််ပြီးအားထုတ်တာ။ ဒါကြောင့် မြန်မြန်တရားရဖို့ဆိုတာ အမှတ်ဆက်ဖို့လိုတယ်။ အချိန်မရွေး၊ နေရာမရွေး၊ အာရုံမရွေး၊ ဣရိယာပုတ်မရွေး မှတ်ရမယ်။ စူးစူးစိုက်စိုက်မှတ်ဖို့့ လိုတယ်။
【 မြစိမ်းတောင်ဆရာတော်အရှင်ဇာနေယျ 】
❝ အပ္ပမာဒေန သမ္မာဒေထ ❞ ရွှင်လန်းချမ်းမြေ့ပါစေ
Credit --- Aung Zaw Lay