Friday, September 20, 2019

ကာယာနုပဿနာ ရှုပွါးနည်း

ကာယာနုပဿနာ ရှုပွါးနည်း

ဝိပဿနာတရား အားထုတ်ကြတဲ့ ရည်ရွယ်ချက်က ပုထုဇဉ် နယ်ပယ်ကနေ အရိယာနယ်ပယ်ကို ရောက်အောင် သွားနေကြတာပဲ ဖြစ်တယ်။
အရိယာပုဂ္ဂိုလ်က လေးမျိုး ရှိပါတယ်။

၁ ။ သောတာပန် အရိယာ။
၂ ။ သကဒါဂါမ် အရိယာ။
၃ ။ အနာဂါမ် အရိယာ။
၄ ။ ရဟန္တာ အရိယာ။
အရိယာပုဂ္ဂိုလ် လေးမျိုးက တစ်ဆင့်ပြီးမှ တစ်ဆင့် တက်သွားရတာမို့ သောတာပန်မှ မတည်သေးတဲ့ ပုဂ္ဂိုလ်ဟာ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မတည်နိုင်ပါဘူး။
ဒီတော့ အရိယာ နယ်ထဲကို ဝင်ချင်တယ်ဆိုရင် ပထမဆုံး သောတာပန်တည်အောင် အရင် လုပ်ရပါမယ်။
သောတာပန် တည်တယ်ဆိုတာ ဘာကိုပြောတာလဲ ?
သောတာပန် တည်တယ်ဆိုတာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာကို အပြီးတိုင် ပယ်သတ်နိုင်တာကို ခေါ်တာပါ။
ဒါက သောတာပန်ရဲ့ ထူးခြားတဲ့ လက္ခဏာပါ။
တစ်ချို့သော သူတွေက သမထ အလင်းမှန်းလည်း မသိ။ ဝိပဿနာ အလင်းမှန်းလည်း မသိ။
အရိယာဖြစ်ပြီ သောတာပန်တည်ပြီလို့ ပြောနေကြပေမဲ့
သက္ကာယဒိဋ္ဌိ ဘာပြောမှန်း မသိ၊ ဥစ္ဆေဒဒိဋ္ဌိ ဘာပြောမှန်း မသိ၊ သဿတဒိဋ္ဌိ ဘယ်နေမှန်း မသိ။
အမရာဝိက္ခေပဒိဋ္ဌိ၊ သီလဗတ္တပရာမာသ ဒိဋ္ဌိ၊
ဣဿရနိမ္မာန ဒိဋ္ဌိ ဘာတစ်ခုမှ နားမလည်ဘဲ ပါးစပ်ဖျား သောတာပန် တည်နေတဲ့သူတွေ အများကြီး။
ပုထုဇဉ် နယ်ကနေ အရိယာနယ်ကို တက်လှမ်းတော့မယ်ဆိုရင် အောက်ဆုံးအဆင့် ဖြစ်တဲ့
သောတာပန် အဆင့်ကနေ တက်ရမှာပါ။
သောတာပန်ဖြစ်အောင် ကျင့်ဆဲပုဂ္ဂိုလ်ဟာ ကိုယ့်မှာ ဒိဋ္ဌိ ကပ်နေတာ အရင်သိရပါမယ်။ ဒိဋ္ဌိ ကပ်နေမှန်း မသိတဲ့ပုဂ္ဂိုလ်ဟာ ဒိဋ္ဌိကို မခွာနိုင်ပါဘူး။
သောတာပန် တည်အောင် ဝိပဿနာ ရှုကြပြီ ဆိုတော့လည်း ဒိဋ္ဌိ တန်းလန်းနဲ့ ရှုနေတဲ့ ဝိပဿနာက
အားနည်းတဲ့ ဝိပဿနာပါ။ အားကြီးတဲ့ ဝိပဿနာဖြစ်ဖို့ ဒိဋ္ဌိကို အရင် ခွါရပါမယ်။ အားကြီးတဲ့ ဝိပဿနာမှသာ
သောတာပန် အရိယာဖြစ်အောင် လုပ်ပေးနိုင်မှာပါ။
သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ စတဲ့ ဒိဋ္ဌိ သုံးမျိုးကို ဖြုတ်ပယ်ဖို့ နည်းလမ်း သုံးသွယ် ရှိပါတယ်။
စာအနေနဲ့ ပြောရရင် ပရိညာ သုံးပါးပါ။
၁ ။ ဉာတ ပရိညာ၊
၂ ။ တီရဏ ပရိညာ၊
၃ ။ ပဟာန ပရိညာ။
မြန်မာလို ပြောရရင် အသိဖြုတ်၊ အပွါးဖြုတ်၊ အပယ်ဖြုတ်လို့ ခေါ်ပါတယ် ။
ပရိညာ သုံးပါး၊ ဒိဋ္ဌိဖြုတ်နည်း သုံးမျိုးမှာ အရေးအကြီးဆုံးက ဉာတပရိညာ ဆိုတဲ့ အသိဖြုတ်ပါ ။
အသိမှ မဖြုတ်နိုင်ရင် တိရဏပရိညာ ဆိုတဲ့ အပွါးလည်း မဖြုတ်နိုင်ပါဘူး။ အပွါးမဖြုတ်နိုင်ရင်လည်း အပယ်ဖြုတ်လည်း မဖြုတ်နိုင်ပါဘူး။ အသိဖြုတ်နည်းကို ပိုင်ချင်တယ်ဆိုရင် ခန္ဓပဋိစ္စသမုပ္ပါဒ်ကို ပိုင်အောင် လုပ်ရပါမယ်။ ခန္ဓပဋိစ္စသမုပ္ပါဒ် နားမလည်သေးသမျှ
ခန္ဓာမှာ ဒိဋ္ဌိ ရှိနေတုန်းပါပဲ။
ဝိပဿနာ ရှုပွါးတော့မယ်ဆိုရင် စာပဋိစ္စသမုပ္ပါဒ်ကို အခြေခံပြီး သိအောင် လုပ်ရပါမယ်။ အသိမပါတဲ့ အကျင့်ဟာ သာသနာပ အကျင့်ပဲ။ အသိပါတဲ့ အကျင့်မှသာ သာသနာတွင်း အကျင့်။ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်ကိုးပါးထဲမှာလည်း ပါပါတယ်။
`` ဝိဇ္ဇာစရဏ သမ္ပန္န ´´ တဲ့ ။ ဝိဇ္ဇာ ဆိုတာ သိတာ၊ စရဏက ကျင့်တာ၊ သမ္ပန္နက ပြည့်စုံတာ။
ဆိုလိုချင်တာက အသိကော အကျင့်ကော ပြည့်စုံမှ လိုရာနိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်မှာပါ။
ကျင့်တော့ ကျင့်နေပြီး အသိ မပါဘူးဆိုရင် နိဗ္ဗာန် မရောက်နိုင်ပါဘူး။ ဝိပဿနာ အားထုတ်တော့မယ့် ပုဂ္ဂိုလ်ဟာ ဝိပဿနာ ဆိုတာ ဘာပြောမှန်း သိထားရမယ်။
တရား အားထုတ်နေပြီးတော့ သမထမှန်း မသိ၊ ဝိပဿနာမှန်း မသိ။ သမထရဲ့ အမြင်က ဘယ်လို၊ ဝိပဿနာရဲ့ အမြင်က ဘယ်လို။ သမထက ဘာကို အာရုံပြုတယ်၊ ဝိပဿနာက ဘာကို အာရုံပြုတယ် ဆိုတာ သိထားရပါမယ်။
သမထ၊ ဝိပဿနာ၊ အရှုခံ၊ အရှုဉာဏ်ကို မသိဘဲ ဝိပဿနာ ရှုတယ်ဆိုတာ လူမြင်ကောင်းရုံသာ ရှိတာဘဲ။
လူသာဓုခေါ်၊ နတ်သာဓုခေါ်အောင် လုပ်နေတာဘဲ။ အဓိက,က ကိုယ့်ကိုယ်ကိုယ် သာဓုခေါ်နိုင်ဖို့သာ
အရေးကြီးတယ်လို့ မှတ်ပါ။
ဓမ္မသင်္ဂဏီ ပါဠိတော်မှာ ဘာလာလဲ ဆိုရင် `` ပညတ္တိ ံဌပေတွာ၊ အနိစ္စာဒိ အာကာရေန၊ ဝိဝိဓံ ပဿတီတိ
ဝိပဿနာ´´တဲ့။
ပညတ္တိ ံဌပေတွာ = ပညတ်ကို ခွါလှပ်၍၊
အနိစ္စာဒိ အာကာရေန = အနိစ္စ အစရှိသော (အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ)၊ ဝိဝိဓံ = ထင်ထင်ရှားရှား ခန္ဓာ၏ ဖြစ်ပျက်ကို မြင်အောင်၊ ပဿတိ = ရှုမှတ်ရာ၏။
ဣတိတသ္မာ = ထို့ကြောင့်၊ ဝိပဿနာ = ဝိပဿနာ မည်၏။
လိုရင်းကို ပြောရရင် ပညတ်ကိုခွါပြီး ခန္ဓာရဲ့ ဖြစ်ပျက်ကို မြင်အောင် ရှုတာဟာ ဝိပဿနာ ပါတဲ့။
ပညတ်ကို အရင် ခွါရမယ်။ ပြီးရင် ခန္ဓာရဲ့ ဖြစ်ပျက်ကို မြင်အောင် ရှုရမယ်။ ဒါမှ ဝိပဿနာ အလုပ်လို့ ခေါ်တာပါ။
ပညတ်ကို အရင် သိအောင်လုပ်ရရင် ပညတ် က -( ၆ ) မျိုး ရှိတယ်။ ( ၈ ) မျိုးလည်း ရှိပါတယ်။
ယောဂီတို့အတွက် ဝိဇ္ဇာမာန ပညတ်နဲ့ အဝိဇ္ဇာမာန ပညတ် အကျဉ်းချုပ် ဒီနှစ်မျိုး သိထားရင် လုံလောက်ပါပြီ။
အဝိဇ္ဇမာန ပညတ် ဆိုတာက မရှိတာကို အရှိလုပ်ပြီး ခေါ်ဝေါ်ပညတ် ထားတာပါပဲ။
ဥပမာ = ယောဂီတို့ကို အများက သတ်မှတ်ထားတာက လူ။
ဒါဖြင့် လူဆိုတာ ခေါင်း၊ ခါး၊ ခြေ၊ လက်ကို ပြောတာလားလို့ မေးလိုက်တော့ လူဆိုတာ မရှိတော့ဘူး။ အဟုတ်မရှိပေမဲ့ အခေါ်တော့ ရှိတယ်။
တကယ် ရှိနေတာက ခန္ဓာ ငါးပါး။ တကယ်ရှိတဲ့ ခန္ဓာငါးပါးကိုပဲ လူ၊ နတ်၊ ဗြဟ္မာရယ်လို့ ဣရိယာပုထ် အမူအရာကိုကြည့်ပြီး သမုတ်ထားတာပဲ။
တကယ် မရှိပေမဲ့ အခေါ်ရှိတယ်။ လူ၊ နတ်၊ ဗြဟ္မာ အခေါ်ရှိသလို ခေါင်း၊ ခါး၊ ခြေ၊ လက်တို့လည်း အခေါ်ရှိပါတယ်။ အဲလို အခေါ်ရှိပေမဲ့ ခေါင်းကို ကိုင်ကြည့်ရင် မာတယ်၊ ပျော့တယ် ဆိုတာကို တွေ့ရမယ်။ ပူတယ်၊ နွေးတယ် ဆိုတဲ့ သဘောကို တွေ့ရမယ်။ ယိုစီး ဖွဲ့စည်းတဲ့ ချွေး သွေး သလိပ် ရှိတယ်။ လေလည်း ရှိတယ် ။
ဒီခန္ဓာကိုယ်ထဲ တကယ်ရှိတာက ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့ ဓါတ်ကြီးလေးပါး ပါပဲ။ ခေါင်း ခါး ခြေ လက် ကလေး လူကြီး အသက် လိပ်ပြာ
ဆိုတာတွေက တကယ်ရှိ မဟုတ်ပဲ အခေါ်ရှိတွေ။ ဓါတ်ကြီးလေးပါးက တကယ် ရှိတာ။ ခန္ဓာငါးပါးက တကယ်ရှိတယ်။ ရုပ်နာမ် နှစ်ပါးက တကယ်ရှိတယ်။ ငါ သူတပါး ယောက်ျား မိန်းမ ဆိုတာ အခေါ်ပဲ ရှိတယ်။
တကယ် မရှိတာကို ရှိသယောင်ယောင်နဲ့ ယောကျ်ား မိန်းမ ပုဂ္ဂိုလ် သတ္တဝါဆိုပြီး သမုတ်ထားတာ။ အဲလို သမုတ်ထားတဲ့ သမုတိပညတ်ကို လောက သင်္ကေတ လောကနဲ့ ဆက်ဆံတဲ့ နေရာမှာသုံးတာ။
ယောကျ်ား မိန်းမ ကလေး လူကြီး အဖေ အမေ ဆရာ စတဲ့ အသုံးအနှုန်းတွေကို လောကထဲမှာ ပြောဆို ဆက်ဆံတဲ့ နေရာ၊ ရောင်းဝယ်တဲ့ နေရာ စတဲ့ နေရာတွေမှာ သူ့ူ့နေရာနဲ့ သူ သင့်တော်စွာ သုံးရပါတယ်။
ဝိပဿနာ ရှုတဲ့နေရာကို အဲဒီ အဝိဇ္ဇမာန ပညတ်တွေ ယူမလာပါနဲ့။
တချို့များဆို - ဦးခေါင်း ရှုပါ။ ခါး ရှုပါ။ လက်မောင်း ရှုပါ ။ လည်ပင်း ရှုပါနဲ့ ရှုခို်င်းနေကြတာ။ ဒါ ဗုဒ္ဓ အလိုကျ မဟုတ်ပါဘူး။
ခန္ဓာကို်ယ် အတ္တဘောကြီးကို ရှုရမှာလည်း မဟုတ်ပါဘူး။
ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရားကြီးက
``ဝိပဿနာရှုတယ် ဆိုတာ ခွေးဟောင်တဲ့ ခန္ဓာကြီး မရှုကောင်းဘူးကွ´´ ဆိုပြီး မိန့်တော်မူထားပါတယ်။
ခွေးဟောင်တဲ့ ခန္ဓာကြီးဆိုတာ တခြား မမှတ်လိုက်နဲ့။ ခန္ဓာကိုယ် အတ္တဘောကြီးကို ပြောတာ။ ခွေးဆိုတာ ခန္ဓာရဲ့ အပြင်ဗဟိဒ္ဓ အထည်ကို ဟောင်တာ။ ခန္ဓာ အတွင်းက ဖြစ်ခြင်း၊ ပျက်ခြင်းကို ဟောင်တာ မဟုတ်ဘူး။
ဝိပဿနာ ရှုတဲ့နေရာမှာ ဒီအခေါ်အဝေါ် တွေကို ဉာဏ်နဲ့ ခွါထားရပါမယ်။ ပညတ် နှစ်မျိုးထဲက ကျန်တဲ့ ပညတ်တစ်မျိုးဖြစ်တဲ့၊ အရှိတရား ပေါ်မှာ နားလည်အောင် ပြောဆိုသုံးနှုန်းတဲ့ ဝိဇ္ဇာမာနပညတ် ကိုပဲ ဝိပဿနာ ရှုရာမှာ သုံးပါတယ် ။
ဝိပဿနာအလုပ် လုပ်ပြီဆိုတော့ `ဝိပဿနာအစ အာနာပါနက´ ဆိုတဲ့ အတိုင်း ဝင်လေ၊ ထွက်လေ ရှုမှတ်တဲ့ အာနာပါနက စရမှာပါ။ အာနာပါနဿတိကို ပွင့်တော်မူကြတဲ့ ဘုရားအဆူဆူတို့ လက်လွတ်တော် မမူကြပါဘူး။
အာနာပါန ရှုမှတ်တော့မယ်ဆို ပါဋ္ဌိတော်မှာ `သတောဝါ အဿသတိ၊ သတောဝါ ပဿသတိ´တဲ့။
သတော = သတိရှိသည်ဖြစ်၍၊ အဿသတိ = ထွက်လေကို ထုတ်ရာ၏။ သတော = သတိရှိသည်ဖြစ်၍၊ ပဿသတိ = ဝင်လေကို ရှူရှိုက်ရာ၏တဲ့။
အရမ်း မရှူပါနဲ့။ အရမ်း မရှိုက်ပါနဲ့။ ဝင်လေလေး ဝင်လာရင် သြော် ဒါ ဝင်လေလေး ပါလား။
ထွက်လေလေး ထွက်သွားရင် ထွက်လေလေး ပါလားလို့ သတိထားပေးပါ။ ဝင်လေ ထွက်လေကို သတိထားပြီးတော့ သမာဓိ ထူထောင်ရပါမယ်။
အဿသော ပဿသော ကာယသင်္ခေါရေ ဆိုတဲ့ အတိုင်း ဝင်လေ ထွက်လေ ဆိုတာ ကာယ ဆိုတဲ့ ရုပ်တရား ဖြစ်ပါတယ်။ ဒီရုပ်တရားလေး အပေါ်မှာ
ဒါဝင်လေရုပ် ဒါထွက်လေရုပ်ပဲလို့ မှတ်သားနေတာဟာ
ကာယာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပါတယ်။
ကာယာနုပဿနာဆိုတာ ကာယရယ် အနုပဿနာရယ် ပေါင်းစပ်ထားတာပဲ။ ဝင်လေ ထွက်လေက ကာယ၊
အနုပဿနာက အစဉ်တစိုက် ကြည့်နေတာ။ ဝင်လေ ထွက်လေလေး ရှိနေတာကို ရှိတယ်လို့ သိတာက သတိရှိနေလို့ သိတာဖြစ်ပါတယ်။ သတိနဲ့ သိတာဖြစ်လို့ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။
ဝင်လေမှာ လေဆိုတာကလည်း ရုပ်တရား။ နှာသီးဖျားကလည်း မာတဲ့ ပျော့တဲ့သဘော၊ အေးတဲ့ နွေးတဲ့သဘော၊ ဖောင်းတဲ့ ပိန်တဲ့ သဘောဆိုတဲ့ ဓါတ်ကြီးလေပါး ရှိနေတဲ့အတွက် ရုပ်တရားပါပဲ။
အပြင်က လေကလည်း ကာယဆိုတဲ့ ရုပ်တရား၊ နှာသီးဖျားကလည််း ကာယ ရုပ်တရား။ နှာသီးဖျားလေးမှာ အဲဒီ လေကလေး ဝင်ထွက်နေတာကို
သာမန်ကြည့်ရုံသာ မဟုတ်ဘဲနဲ့ အထူး ဂရုစိုက်ပြီးတော့ ကြည့်ရမယ်။
ဒါမှလည်း ဝိသေသေ ပဿတီတိ ဝိပဿနာ ဆိုတာနဲ့ ကိုက်ညီပါတယ်။
လေက နှာသီးဖျားမှာ ဝင်လာတော့ တိုးဝှေ့ ထိခိုက်ပြီး ဝင်လာပါတယ်။ တိုးဝင်လာတဲ့ လေလေးဟာ ငါ မဟုတ်ဘူး ရုပ်တရားပဲ။ အတိုးခံရတဲ့ နှာသီးဖျားလေးက ငါ မဟုတ်ဘူး ရုပ်တရားပဲ။ လေကလေးက ဝင်လာတဲ့ အခါ အေးပြီးတော့ ဝင်လာတယ်။ ပြန်ထွက်တဲ့ အခါ နွေးပြီးတော့ ထွက်သွားတယ်။ အေးတယ်၊ နွေးတယ် ဆိုတာ ရုပ်ရဲ့သဘော။ တိုးဝှေ့ ထိခိုက်တာလည်း ရုပ်ရဲ့ သဘောပါပဲ။
ဝိပဿနာဆိုတာ အဲဒီလို သဘောကို မြင်အောင် ရှုရမယ်။ အထည်ကို မြင်နေရင် ပညတ်ပဲ ဖြစ်မှာ။
သဘောကို မြင်မှ ပရမတ် ဖြစ်တာပါ။
ပရမတ် ပညတ် ခွဲကြည့်လိုက်တော့ ဝင်လေ ထွက်လေက ပညတ်၊ တိုးနေတာလေးက ပရမတ်။
ရှုတဲ့ အချိန်မှာ အေးနေတာလေးက ပရမတ်။ ထွက်သွားတဲ့ အချိန် နွေးနေတာလေးက ပရမတ်။
တိုးနေတာလေးက ငါ့ရဲ့သဘောလား၊ ရုပ်ရဲ့သဘောလား ဆိုတော့ ရုပ်ရဲ့သဘော။ ရုပ်ဆိုတာ ပုဂ္ဂိုလ် သတ္တဝါလား၊ ခန္ဓာလား ဆိုတော့ ခန္ဓာ။ အဲဒီ ခန္ဓာက တိုးနေတဲ့ ရုပ်ရဲ့သဘောပါပဲ။ ဝိပဿနာ ဆိုတာ
သဘောလေးကို ရှုရမှာ ဖြစ်ပါတယ်။
(ဓမ္မရံသီဆရာတော် ဦးသုနန္ဒ)

Credit •• ဥဇ္ဇယ