Friday, June 1, 2018

"ရှင်သာရိပုတ္တရာ၏ မိဘကျေးဇူးဆပ်နည်း"

"ရှင်သာရိပုတ္တရာ၏ မိဘကျေးဇူးဆပ်နည်း"

-အရှင်သာရိပုတ္တရာသည် မိမိ၏အသက်အပိုင်းအခြားကို ကြည့်သောအခါ (၇)ရက်လောက်သာ ရှိတော့သည်ကို သိရ၏။ -ထိုအခါ မယ်တော်ကြီးကို သတိရလေသည်။ ရှင်သာရိပုတ္တရာ၏ မယ်တော်ကြီးသည် သားတော်(၇)ယောက်, သမီးတော်(၇)ယောက်တို့ ရဟန္တာများ ဖြစ်ကြသော်လည်း ဗြဟ္မာကိုသာ ကိုးကွယ်ရာဟု အယူရှိသော သူဋ္ဌေးကတော်ကြီးတည်း။


-မယ်တော်ကြီး၌ ကျွတ်ထိုက်လောက်သော ကောင်းမှု ပါရမီ ရှိသည်ကို၎င်း, သားတော်၏ တရားဖြင့်ပင် တရားထူးရမည်ကိုလည်း မြင်တော်မူသည်။ ထို့ကြောင့် မိမိမွေးဖွားခဲ့ရာ တိုက်ခန်း၌ပင် ပရိနိဗ္ဗာန်စံမည်ဟု ဆုံးဖြတ်တော် မူသည်။ ထို့နောက် မြတ်စွာဘုရားထံ ခွင့်ပန်၍ မယ်တော်ကြီးထံ ပြန်ခဲ့၏။ မယ်တော်ကြီးအိမ်သို့ ရောက်လျှင် မထေရ်မြတ်မှာ ပြင်းထန်သော ဝမ်းသွေးရောဂါ ဖြစ်တော်မူ၏။ မယ်တော်ပုဏ္ဍားမကြီးက မိမိအခန်းတံခါးကို မှီ၍ ခပ်လှန်းလှန်းမှ ရပ်ကြည့်နေချိန်တွင် . . . . .

-နောက်ဆုံးဖူးမြော်ခြင်း လုပ်ကျွေးခြင်း အနေဖြင့်. . .

(၁)စတုမဟာ နတ်မင်းကြီးလေးယောက် လာရောက်ကြ၏

 (၂) သကြားမင်းကြီး လာရောက်၏

(၃)ဗြဟ္မာမင်း လာရောက်၏ . . . . အရှင်သာရိပုတ္တရာက ပြုစုလုပ်ကျွေးမည့်သူ ရှိပါ၏ ဟု ပြော၍ ပြန်လွတ်၏။ -ထိုအခါ မယ်တော်ပုဏ္ဍားမကြီးသည် နတ်ဗြဟ္မာ တို့ လာခြင်း, ပြန်ခြင်းကို မြင်ရ၍ သားတော်အား မေးမြန်း၏။ မယ်တော်ကြီး= ချစ်သား , ကိုယ်ရောင်တောက်ပစွာနဲ့ ပထမ လာသူတွေက အဘယ်သူများနည်း။ သားတော် = နတ်မင်းကြီးလေးယောက်ပါ မယ်တော်။ မယ်တော်ကြီး = ချစ်သားက နတ်မင်းကြီးလေးယောက်ထက် သာ၍ မြတ်သလား။ မိခင်ကို မြတ်စွာဘုရားအား ကြည်ညိုစေချင်သောကြောင့် မိမိ၏ မြတ်ကြောင်း ကို မဖြေဆိုဘဲ. . .

သားတော် = မယ်တော်ကြီး ထိုနတ်မင်းကြီးလေးယောက်သည် သားတို့ဆရာ မြတ်စွာဘုရား ပဋိသန္ဓေ ယူသောအခါမှစ၍ မွေးဖွားချိန်ထိ သံလျက်စွဲပြီး စောင့်ရှောက်ရတယ်။ ကျောင်းစောင့် ကပ္ပိယ အဆင့်လောက်သာ ဖြစ်တယ်။ မယ်တော်ကြီး = သူတို့ပြန်သွားပြီး လာတဲ့ နောက်တစ်ယောက်က ဘယ်သူလဲ။ သားတော် = နတ်တို့အရှင် သကြားနတ်မင်း ဖြစ်တယ်။ မယ်တော်ကြီး = ချစ်သားက သကြားမင်းထက် မြတ်သလား။ သားတော် = မယ်တော်ကြီး သားတို့ဆရာ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှ ဆင်းတော်မူရာ အခါ၌ သကြားမင်းဆိုသူသည် သပိတ်နှင့် သင်္ကန်းတစ်ထည်ကို ပွေ့၍ လိုက်ရပါသည်။ မြတ်စွာဘုရား၏ သပိတ်သင်္ကန်း ကို ယူရသော ရှင်သာမဏေနှင့် တူပါသည်။

 မယ်တော်ကြီး= သကြားမင်း ပြန်သွားသောအခါ ကိုယ်ရောင်တောက်ပစွာနှင့် လာသူကား အဘယ်သူနည်း။ သားတော် = အဲဒီသူကတော့ မယ်တော်ကြီးတို့ " ဘုရား ဘုရား " ဟု ကိုးကွယ်ထားသော မဟာဗြဟ္မာမင်းကြီး တည်း။ မယ်တော်ကြီး = သားတော်က ဗြဟ္မာမင်းထက် မြတ်သလေား။ သားတော် = မယ်တော်ကြီး ဤ မဟာဗြဟ္မာလေးယောက် တို့သည် မြတ်စွာဘုရား ဖွားတော်မူရာနေ့၌ ဘုရားလောင်း သတို့သားလေးကို ရွှေဇာသဘတ် ဖြင့် ခံယူကြရသည်။

ထိုအခါ မယ်တော်ကြီးမှာ ငါ့သား၏ တန်ခိုးသည် ဤမျှကြီးကျယ်သည် ငါ့သား၏ဆရာဆိုသော ဗုဒ္ဓမြတ်စွာ၏ တန်ခိုးသည် မည်မျှလောက် ကြီးကျယ် လိုက်မည်နည်းတွေး၍ ကြက်သိန်း တဖြန်းဖြန်းထကာ ပီတိသောမနဿ ဖြစ်လာ၏ မထေရ်မြတ်က" တရားဟောဖို့ အချိန်ကောင်း ရောက်ပြီ" ယူဆ၍ ဗုဒ္ဓမြတ်စွာ၏ အရဟံ သမ္မာသမ္ဖုဒ္ဓေါ" စသော ဂုဏ်တော်များကို ကျေးဇူးဆပ်သော အနေဖြင့် ဟောတော်မူရာ တရားတော်အဆုံး၌ မယ်တော်ကြီး သောတာပန် တည်လေသည်။

 (အရှင်ဇနကာဘိဝံသ-နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ) မှ အကျဉ်းအား ကောက်နှုတ်ပူဇော်ပါ၏

Credit >> ဓမ္မနှစ်သက်သူ