အကြွေးလာဆပ်တာပါ
(၁) ဆောင်းနှောင်းနှင်းစက်တွေ ဝေနေပြီ သမီး . .. ကြွေလွင့်နှင်းမှုန်တွေကြားမှာ လမ်းလျှောက်နေရင်းက သမီးကို တမ်းတမ်းတတ သတိရလိုက်မိသည်။ သည်လို နှင်းမှုန်ကြွေလွင့် ဆောင်းမနက်ခင်းတွေမှာ သမီးနဲ့အတူ လမ်းလျှောက်ခဲ့ရတာကို အမေ ဘယ်မေ့နိုင်ပါ့မလဲ . . .၊ အခုတော့ အမေတစ်ယောက် တည်းပေါ့ သမီးရယ်၊ ယအမေနဲ့မဆုံနိုင်တော့တဲ့ ဟိုးအဝေးဆီကို သမီးထွက်သွားခဲ့ပြီ မဟုတ်လား။ခန္ဓာကိုယ်တစ်နေရာမှာ အနာတရဖြစ်ခဲ့ဖူးသူ တစ်ယောက်ဟာ အခုလို အအေးကဲ ရာသီကာလ မျိုးမှာ နာကျင်ကိုက်ခဲ ဝေဒနာကို ပိုပြီးခံစားရသလိုပါပဲ သမီး။
ဆောင်းနဲ့ဆက်စပ်ပတ်သက် နှင်းမှုန်နှင်းစက်တို့ ဖျန်းပက်တဲ့ မနက်ခင်းများမှာ အသက်ပြင်းပြင်း ရှူရှိုက် ခဲ့သမျှ သမီးနဲ့အမေ နှစ်ယောက်တစ်ဘဝလိုဖြစ်ခဲ့ရာက အခုတော့ တစ်ယောက်တစ်ဌာန တစ်ယောက်တစ်ဘဝစီ လို ကွာဟခဲ့ရပါပကော သမီးရယ် . . .။ စိတ်ထဲတွင် ပေါ်လာသော အတွေးပုံရိပ်တွေကို ရှုမှတ်ပစ်လိုက်ရသည်။ သမုဒယသစ္စာ နယ်ပယ်မှ သံယောဇဉ်မီးသည် ယခုအချိန်ထိ မငြိမ်းနိုင်သေးပါ။
ငါ့သမီးဟူသော သက္ကာယဒိဋ္ဌိနှင့်ယှဉ်သော အတွေး ကြောင့်ပင် ငြိမ်းလုဆဲမီးတို့သည် အစွယ်တငေါငေါနှင့် လောင်မီးထဟန် ပြင်လာကြပြန်သည်။
သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ စသည့် မီးစဉ်မီးတန်း ကြီးများက လှမ်းလင့်စောင့်ကြိုနေဟန်ရှိသည်။ "သတိ" သတိရခြင်းဟူသည် သစ္စာလေးပါးအတွက်သာ ဖြစ်သင့်သည်။ သောက ပရိဒေဝ ဒုက္ခ စသည်တို့ အတွက် အစပျိုးယမ်းမဖြစ်စေရ။ အစပျိုးယမ်း တောက်လောင်လျှင် ထိခိုက်ပျက်စီးမှု ပိုများတော့မည်။
ထိုအခါ ကြိုးစား တည်ဆောက်ထားခဲ့သမျှ သတိ သမ္ပဇဉ်တို့သည် အမွှာမွှာ အစိတ်စိတ် ပျံ့ကြဲ လွင့်စင် ကုန်တော့မည်။ စုစည်းထားသမျှ သတိ၊ သမာဓိအား တွေသည် ပညာဉာဏ်ဘက်ဆီသို့သာ ဦးတည်ရမည် ဖြစ်သည်။ သောကပုံရိပ်နှင့်ယှဉ်သော အတွေးကို "စိတ်မှန်"ရှေ့၌ ပေါ်လာသော အရိပ်တစ်ခုလို သဘောထားရမည်။ "စိတ်မှန်"သို့မဟုတ်"စိတ်ကြေးမုံ" ရှေ့၌ ပေါ်လာသော အတွေးသည် အရိပ်တစ်ခုမျှသာ . . . ပေါ်လာမှန်းသိသည်နှင့် ထိုအရိပ်သည် ရပ်တည် နားနေခွင့်မရတော့၊ လွင့်ပြယ် ဖယ်ခွာသွားရတော့ သည်သာ။
သို့မဟုတ်ပါက ထို သောကပုံရိပ်နောက်မှ အုံနှင့်ကျင်းနှင့် တပ်ဖွဲ့ချီတက်လာကြသော ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ စသည်တို့သည် မျက်ရည်စက်များကို ဖြစ်ပေါ်စေတော့မည်။ စိတ်နှလုံးအိမ်ကို ညှိုးချုံးညစ်နွမ်း စေတော့မည်။ ကိုယ်ရောစိတ်ပါ နွမ်းနယ်ကြေမွသွားစေ တော့မည်။
သမုဒယသံယောဇဉ်ဘက်မှ လှမ်းကြည့်သောအခါ သည်သတိ၊ သည်သမာဓိ၊ သည်ပညာတို့သည် ရက်စက်သယောင် ထင်ရပေမည်။ သို့သော် ကံ ကံ၏အကျိုး၊ ကုသိုလ်၊ အကုသိုလ်တို့၏ သဘောတို့ကို သံသရာအမြင်နှင့် ဖြန့်ကျက်ကြည့်လေသောအခါ ရက်စက်သည်ဟု မထင်ရတော့။
လူတိုင်းလူတိုင်း ကိုယ့် အကျိုးပေး ကိုယ်သယ်ဆောင်၍ လောကကြီးထဲသို့ ဧည့်သည်အဖြစ် ရောက်လာရခြင်း မဟုတ်လား။ ကိုယ့် အထုပ်ကိုယ်ဖြည်၍ နေထိုင်စားသောက် အသက်ရှင် သန်ခဲ့ရခြင်း မဟုတ်လား။ သည်လိုနားလည် ရှုမြင်ဆင်ခြင်နိုင်ဖို့၊ သည်လို သတိရဲ့တန်ဖိုးကို သိမြင်နိုင်ဖို့အတွက် ဟောပြော သွန်သင်ဆုံးမလမ်းညွှန်ခဲ့သူ ကျေးဇူးတော်ရှင် မဟာ ကမ္မဋ္ဌာနစရိယ ရွှေမင်းဝံဆရာတော်ဘုရား၏ ကျေးဇူး တရားများကား ဆပ်၍မကုန်နိုင်အောင် ရှိတော့သည်။
ဪသာ် . . .မမေ့ကောင်းတဲ့ ကျေးဇူးတရားတစ်ခု ကိုလည်း အမေ ဖော်ထုတ်ချင်ပါတယ်သမီး။ ရွှေမင်းဝံ သာသနာ့ရိပ်သာကို အမေရောက်ဖြစ်သွားရတာကလည်း သမီးရဲ့ကျေးဇူးကြောင့်ပဲလို့ အမေဆိုချင်ပါတယ်သမီး။
(၂) "သမီး ရိပ်သာဝင်ချင်တယ် အမေ" "သမီး ငယ်ပါသေးတယ်လေ၊ ဒါတွေ နောက် လုပ်ရင် ရပါတယ်၊ သမီးကျောင်းတက်ဖို့တွေက ရှိ နေသေးတာ" "ကျောင်းဖွင့်ရင်တော့ ကျောင်းတက်မှာပေါ့ အမေ၊ အခုဟာက ကျောင်းပိတ်တုန်း စာမေးပွဲ အောင်စာရင်း ကလည်း မထွက်သေးတော့ သမီး သူငယ်ချင်းတွေနဲ့ အတူတူဝင်ကြည့်ချင်တာပါ အမေ" "အေးလေ ဝင်တာပေါ့၊
ဒါပေမဲ့ သမီးအဖေ ရုံးခွင့်ရက်ရတုန်း အမေတို့ အညာဘုရားဖူးခရီးထွက် ကြမလို့ အဲ့ဒီခရီးကပြန်မှ ရိပ်သာဝင်တာပေါ့နော်" "အမေ တကယ်ပြောတာနော်" "တကယ်ပေါ့ သမီးရယ်" တကယ့်တကယ်မှာတော့ သမီးအဖေကြီးနဲ့တောင် အမေ မတိုင်ပင်ရသေးဘူးသမီး . . .၊ တရားထိုင်တဲ့ ဘက်ကို သမီးအာရုံရောက်သွားမှာစိုးလို့သာ အမေ ပရိယာယ်ဆင်ပြီး လမ်းလွှဲလိုက်ရတာ။
သမီးက ငယ် သေးတယ်၊ ပြီးတော့ ဉာဏ်ထက်မြက်တယ်၊ ရုပ်ရည် ရှိတယ်၊ ရှေ့အလားအလာတွေ အများကြီး ရှိနေတယ်။ ဒီလိုအချိန်မှာ တရားဘက်ကို သိပ်စိတ်ဝင်စားသွားရင် သမီးအောင်မြင်မှုတွေ အကုန်ဆုံးရှုံးသွားလိမ့်မယ်။ သမီးပညာအရှိန်နဲ့ရလာမယ့် လောကီစည်းစိမ်တွေ လက်လွှတ်ဆုံးရှုံးသွားရလိမ့်မယ်။ ပြီးတော့ ပိုက်ဆံရှိတဲ့ အရာရှိကြီးကြီးရဲ့ သားတစ်ယောက်နဲ့ အိမ်ထောင်ကျ ဖြစ်သွားရင် မေမေတို့ မော်ြွကားနိုင်ပြီပေါ့။ လောကီ စည်းစိမ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ သမီးကို အမေမြင်ချင် နေသေးတယ်သမီး။
တရားဘက်ကို သမီးစိတ်ဝင်စား သွားရင် သမီးဆီမှာထားတဲ့ အမေတို့မျှော်လင့်ချက်တွေ ဆုံးရှုံးကုန်မယ်သမီး။ အဲဒါကြောင့် အမေဥပါယ်တံမျဉ်နဲ့ အညာ ဘုရားဖူးခရီးစဉ်ကို ရေးဆွဲလိုက်ရတာ။ သမီး အဖေက အကုန်လုံးသဘောတူပါတယ်။ ရုံးမှာခွင့်တင် တယ်။ ခွင့်ရတယ်။ ကားငှားတယ်။
ပြီးတော့ မိသားစု တစ်တွေ ပျော်ပျော်ပါးပါး ဘုရားဖူးခရီးထွက်ခဲ့ကြတယ် ပေါ့။ ဒါဆိုရင် သမီးလည်း ရိပ်သာဝင်ဖို့ စိတ်ကူးမရတော့ဘူး။ ဘုရားဖူးတယ်ဆိုတာလည်း ဘာသာတရား အရိပ်ခိုတာပဲ မဟုတ်လား။ ကုသိုလ်ပဲပေါ့သမီးရယ်။ အရေးအကြီးဆုံးက သမီးစိတ်ပြောင်းသွားဖို့ပဲလေ ...။
ဒါပေမဲ့ မြန်မာပြည်တစ်ပတ်သာ ဘုရားဖူးခရီးစဉ် ပြီးသွားတယ်၊ သမီးကတော့ စိတ်မပြောင်းခဲ့ပါဘူး။ အိမ်ပြန်ရောက်တာနဲ့ သမီးဘက်က တောင်းဆိုချက် တွေ ထွက်လာတော့တာပါပဲ။ "အမေ-အမေတို့ဆန္ဒအတိုင်း မိသားစုပျော်ပျော် ပါးပါး ဘုရားဖူးခရီးထွက်ခဲ့ကြပြီးပြီနော်။ သမီး ဆန္ဒအတိုင်း ရိပ်သာဝင်ခွင့်ပြုတော့နော် အမေ" အမေအကြံအိုက်နေတယ်သမီး၊ ဒါပေမဲ့ သမီးတို့ စာမေးပွဲ အောင်စာရင်းထွက်မယ့်ရက် နီးနေတာကို အမေဖြတ်ခနဲသတိရလိုက်မိတယ်။
"ဪ အေး . . .အေး . . .ရိပ်သာဝင်တာ လည်းဝင်တာပေါ့ သမီးရယ်၊ အခု သမီးတို့ အောင်စာရင်း တွေ ထွက်ဖို့က သုံးရက်လောက်ပဲ လိုတော့တာပဲ၊ စာမေးပွဲအောင်စာရင်းထွက်ပြီးမှ ပျော်ပျော်ပါးပါး ဝင်တာပေါ့ မဟုတ်လား" "အမေ ဒီတစ်ခါ တကယ်နော်" "အေးပါ သမီးရယ် အမေတကယ်ပြောတာပါ" "ဒါဆိုရင် သမီးသူငယ်ချင်းတစ်ယောက်စီ သွား လိုက်ဦးမယ်၊ သူလည်းရိပ်သာဝင်မယ် ပြောတယ်၊ အဲ့ဒါသွားပြီး တိုင်ပင်လိုက်ဦးမယ် အမေ" "အေး ..အေး သွားသွား သမီး" အမေ့အတွက် အသက်ရှူပေါက်တစ်ခု ရခဲ့ပြန်ပြီလို့ ထင်ခဲ့တယ် သမီး။
ဒါပေမဲ့ နာရီပိုင်းအတွင်းမှာ အသက်ရှူမွန်းကြပ်စေမယ့် သတင်းဆိုးကို အမေ ကြားရလိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့မိပါဘူး သမီးရယ်။ "ကလင် ကလင် ကလင်" "ဒေါ် ....ရှိပါသလား" "ဟုတ်ကဲ့ ကျွန်မ ဒေါ် ....ပါ" "ဪသာ် ကျွန်တော်တို့ ယာဉ်မှုခင်းဌာနကပါ" "ရှင်" "အဒေါ်ရဲ့သမီးက မ .....ပါလား ခင်ဗျာ" "ဟုတ်ပါတယ်ရှင် . . .သမီး . . .ဘာများဖြစ်လို့ပါလဲ" "ဪ ပြောရမှာတော့ စိတ်မကောင်းပါဘူး ခင်ဗျာ၊ အဒေါ့်သမီးကို လိုင်းကားအမှတ် ( ) က ဝင်တိုက် သွားလို့ နေရာမှာတင် ပွဲခြင်းပြီးသေဆုံးသွားပါတယ်၊
အဲဒါအခု ကျွန်တော်တို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေပါတယ်၊ နေရာက ...." နောက်ပိုင်းစကားသံတွေ အမေမကြားတော့ဘူး သမီး။ အမေသိတာက အမေ့နားထဲကို သံရည်ပူကြီး လောင်းချခံလိုက်ရသလို ဖြစ်ပြီး၊ အဲဒီသံရည်ပူ စီးကြောင်းကြီးဟာ အမေ့ရင်ထဲထိစီးဆင်းလို့ အမေ့နှလုံး အိမ်ကို လောင်ကျွမ်းပြာကျသွားစေသလိုပါပဲသမီး ...။
တယ်လီဖုန်းနားထောင်ရင်း ပုံလျက်ကလေး ခွေလဲ နေတဲ့အမေ့ကို ဝိုင်းထူပွေ့မကြတာတွေ၊ ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ သမီးရဲ့အလောင်းကို အမေ့ကို ဖွင့်မပြတော့ တာတွေ၊ သမီးသူငယ်ချင်းအိမ်နားမှာ သမီးကားတိုက် ခံရလို့ သမီးသူငယ်ချင်းကိုယ်တိုင် ထွက်ကြည့်ရာက သမီးဖြစ်နေမှန်းသိတော့ သမီးသူငယ်ချင်း အကြောင်း မကြားနိုင်လောက်အောင် တုန်လှုပ်ကြေကွဲနေလို့ ယာဉ်ထိန်းရဲကို အကြောင်းကြား ခိုင်းခဲ့တာတွေ၊ ဘေးက လူတွေရဲ့ အားပေးသံတွေဟာ အမေ့သောကကို ပိုတိုး စေတာတွေ၊ သမီးရက်လည် ဆွမ်းသွတ်တဲ့အထိ အမေ့ မျက်ရည်မတိတ်နိုင်တာတွေ ပြောရရင်မကုန်နိုင်အောင် ပါပဲ သမီးရယ်။ အမေ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ သွေးတွေဟာ မျက်ရည်တွေပဲ ဖြစ်စေခဲ့သလားလို့တောင် အမေထင်ခဲ့မိပါတယ်သမီး . . ....။
သမီးကိုဆုံးရှုံးခဲ့ရလို ကြေမွပူဆွေးတဲ့စိတ်နဲ့ အိပ်ရာထဲပုံလဲခဲ့ရတဲ့ အမေ့စိတ်ထဲမှာ သမီးရဲ့ဆန္ဒ တစ်ခုကို အမေ မဖြည့်ပေးနိုင်ပါလားဆိုတာ နောင်တ ရမိတယ်သမီး။ နောင်တဆိုတာ နောင်မှတလို့ ရစကောင်းပေမဲ့ လက်တွေ့မှာတော့ အမေ့အတွက် သမီး ကလေးတစ်ယောက် ဆုံးရှုံးခဲ့ရပြီမဟုတ်လား။ ဒီနောင်တ ထဲမှာ ယူကျုံးမရဖြစ်စေတာတစ်ခုကို အမေသွားမြင် တယ်။ အကယ်၍သာ သမီးကို တရားရိပ်သာ မဝင်နိုင် အောင် အမေတို့ဥပါယ်တံမျဉ်မလုပ်ခဲ့မိရင် သမီး ဒီလို အသက်ဆုံးရှုံးရမယ် မဟုတ်ဘူးဆိုတာကိုပါ . . .။ (ဒါကတော့ အဲဒီအချိန်တုန်းက အတွေးပေါ့၊
အကြောင်း အကျိုးသဘောသဘာဝ နားမလည်ခင် အချိန်တုန်းက အတွေးပေါ့၊ သမီးရဲ့ ဘဝကံအကြောင်း သတ္တဝါတစ်ခု ကံတစ်ခုဆိုတဲ့ သဘာဝကို နားမလည်သေးခင် အချိန်ကပေါ့) အဲဒီတော့ အမေ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့် သလဲ။ ဒီလိုပဲ အမေတစ်သက်လုံး ငိုသွားရတော့ မှာလား။ အမေ အလေးအနက် စဉ်းစားကြည့်မိတယ်။ ကွယ်လွန်သွားသူတွေရဲ့ဆန္ဒကို ကျန်ရစ်ခဲ့သူတွေအနေနဲ့ ဖြည့်ဆည်းပေးသင့်တယ်။ လုပ်ကိုလုပ်ပေးသင့်တယ်လို့ အမေနားလည်လာမိတယ်။
အမေ့အနေနဲ့ သမီးအပေါ်မှာ အကြွေးတင်ခဲ့ သလိုဖြစ်ခဲ့တာက သမီးအားထုတ်ချင်တဲ့ သတိပဋ္ဌာန် အကျင့်မြတ်တရားကို သမီးအားမထုတ်ဖြစ်အောင် အမေတားခဲ့သလို ဖြစ်မိခဲ့တာ။ အဲဒီအေြွကးကို အမေ ပြန်ဆပ်ရမယ်သမီး။ ဒါဟာ သမီးဘဝနဲ့လဲပြီး၊ သမီး အသက်နဲ့လဲပြီး အမေ့ကို ရိပ်သာတွန်းပို့လိုက်တာပဲ လို့ အမေခံစားမိတယ် သမီး . . .။ တရားအားထုတ်ဖို့ ဝါသနာမပါခဲ့တဲ့ အမေဟာ သမီးအပေါ်တင်နေတဲ့အေြွကးကို ကျေအောင်ဆပ် ချင်စိတ်နဲ့ ရိပ်သာကို ဝင်ဖြစ်ခဲ့ပါတယ် သမီး။ အဲဒီ စိတ်ဟာ အမေ့ကို သတိပဋ္ဌာန်တရားရဲ့ အေးမြတဲ့ ရင်ခွင်ထဲကို အရောက်ပို့ပေးစေနိုင်ခဲ့တယ် သမီး . . .။
(၃) "သောကဆိုတဲ့ ပရိဒေဝတရားတွေက လွန်မြောက် ချင်ရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဧကာယန မဂ္ဂတဲ့၊ ဒီသတိပဋ္ဌာန်တစ်လမ်းပဲ ရှိတယ်တဲ့။ ဒီ သတိပဋ္ဌာန်လမ်းပေါ်မှာ လျှောက်လှမ်းပြီးတော့ သွား မယ်ဆိုပါရင် အဲဒီပူဆွေးမှုဆိုတဲ့ သောကတရားတွေက လွန်မြောက်နိုင်ပါတယ်။ ဒီသောကတရားဆိုတာက ပုထုဇဉ်ပုဂ္ဂိုလ်တွေ မှန်သမျှဟာ သားကြောင့်ပဲဖြစ်စေ၊ သမီးကြောင့်ပဲဖြစ်စေ၊ ပစ္စည်းကြောင့်ပဲဖြစ်စေ၊ စီးပွား ဥစ္စာကြောင့်ပဲဖြစ်စေ၊ ရာထူးအာဏာကြောင့်ပဲဖြစ်စေ၊ ဒီပူဆွေးမှုဆိုတဲ့ သောကတရားတွေဝင်လာရင် အဲဒီ သောကတရားတွေက လွန်မြောက်နိုင်တဲ့တရားဟာ အခုယောဂီများ အားထုတ်နေတဲ့ သတိပဋ္ဌာန်တရားပဲ ရှိတယ်။
ဒီသတိပဋ္ဌာန်တရားကို ရိုရိုသေသေ ရှုမှတ် ပွားများလိုက်မယ်ဆိုပါရင် အဲဒီသောကဆိုတဲ့တရားတွေ တစ်ချက်မှတ်ရင် တစ်ချက်ငြိမ်းတယ်၊ နှစ်ချက်မှတ်ရင် နှစ်ချက်ငြိမ်းတယ်၊ တစ်နာရီမှတ်ရင် တစ်နာရီ ငြိမ်း တယ်၊ မှတ်တိုင်းမှတ်တိုင်း အဲ့ဒီသောကတရားတွေ မငြိမ်းနိုင်ပေဘူးလား။"
"တကယ်လို့ မိမိမှာ ပါရမီထူးရှိလို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဆိုတဲ့ အရိယာနွယ်ဝင်တွေ ဖြစ်သွားမယ်ဆိုရင် အဲဒီသောကတရားတွေ အမြစ် ပြတ်ငြိမ်းမသွားနိုင်ပေဘူးလား။ လုံးဝကိုငြိမ်းသွားနိုင် တယ်။ အရိယမှတ်ဉာဏ်ကို မရနိုင်ဘူးဆိုရင်တောင်မှ အရှုခံအာရုံအပေါ်မှာ ရှုမှတ်စိတ်ကလေး စွဲစွဲမြဲမြဲ တည်နေပြီဆိုရင် သား၊ သမီး၊ ပစ္စည်း၊ ဥစ္စာ၊ ရာထူး၊ စည်းစိမ်ဆိုတဲ့ ပူဆွေးမှုတရားတွေ ဝင်ခွင့်ရပါဦးမလား ဗျာ" "မရပါ အရှင်ဘုရား" ရွှေမင်းဝံဆရာတော်ဘုရား၏ ငြိမ်သက်တည်ကြည် သော အသံတော်သည် စိတ်နှလုံးအိမ်ကို လွှမ်းမိုး ချုပ်ကိုင်လိုက်သည်သို့ ရှိသည်။
မေတ္တာဓာတ်ပါသော တရားရေစီးသံသည် မီးလောင်ပြင်လိုဖြစ်နေသော ရင်ခွင်ကို အေးမြခြင်းဘက်ဆီသို့ ပို့ပေးနိုင်လေသည်။ ဆရာတော် လမ်းညွှန်သည့်အတိုင်း သတိပဋ္ဌာန်တရားကို နှစ်လနီးပါး ရိုရိုသေသေ ရှုမှတ် အားထုတ်ပစ်လိုက်သည်။ အသေးစိတ်အမူအရာတွေကို မြင်အောင်ကြည့်သည်။ ရုပ်နာမ်နှစ်ဖြာ ကြောင်းကျိုးဆက်စပ်ပုံတွေသည် အချိန် ကြာလေ သိမြင်လာလေဖြစ်၏။
သောကအခြေခံဖြင့် ရိပ်သာ ဝင်ခဲ့ရသော စိတ်သန္တာန်၌ နောက်ထပ်သောက တွေ ဝင်မလာစေဖို့ အမှတ်စိပ်စိပ် သတိတရားဖြင့် တရစပ်ပိတ်ကာလိုက်၏။ "ငါ" မရှိမှန်းရိပ်မိလာ သောအခါ ငါကိုအခြေပြု၍ ငါ့သား၊ ငါ့သမီး၊ ငါ့စည်းစိမ်၊ ငါ့ရာထူး၊ ငါ့မျှော်လင့်ချက် စသည့် ငါ့ကိုယ်ပွားများ ဝင်မလာနိုင်တော့ ...။ သိပ်ကိုမှန်ကန်တဲ့ သတိပဋ္ဌာန်တရားပါလား။
ဤမျှ ငြိမ်းအေးချမ်းသာမှုကို ပေးစွမ်းနိုင်သည့် သတိပဋ္ဌာန် တရားကို သမီးအားမထုတ်ဖြစ်သွားခဲ့ခြင်းအတွက် တစ်ခါတစ်ခါ ဝမ်းနည်းစိတ်ကလေးများ ဝင်ချင်သေး၏။ သတိဖြင့်ပင် ပေါ်လာသောစိတ်ကလေးကို ရှုမှတ် ပစ်လိုက်ရသည်။ ယခုတော့ မျက်ရည်တို့ဖြင့် မို့မောက် ခဲ့သော မျက်ဝန်းတွေလည်း ပုံမှန်အတိုင်း ဖြစ်ခဲ့ရပြီ။ မရပ်မနားနိုင်သော မျက်ရည်တို့၏ လားရာကိုလည်း သတိပဋ္ဌာန်တရား၏ သတ္တိကြောင့် ထွက်ပေါ်လာသော ဉာဏ်စွမ်းအားဖြင့် ငုံ့ကြည့်သလို မြင်လာရသည်။
လက်ရင်းကို ကပ်ကြည့်သောအခါ သောကမွေးဖွားရာ အရပ်ကို တွေ့ခဲ့ရပြီ။ "တဏှာ၊ ဥပါဒါန်" သူတို့ဖြစ် အောင် ဝေဒနာဟူသော ခံစားမှုက ပံ့ပိုးပေး၏။ ဝေဒနာ ဖြစ်ဖို့ ဖဿဟူသော အထိအတွေ့ကလာသည်။ ဖဿ ပေါ်နေခြင်းသည် သဠာယတနဟူသော မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တံခါးခြောက်ပေါက် ရှိနေလို့ . . .။
လည်ခဲ့လေသော သံသရာအကြောင်း၊ လည်နေဆဲ သံသရာအကြောင်း၊ လည်ဦးမည့်သံသရာအကြောင်းတို့ ကို သတိပဋ္ဌာန်မှ ဖြစ်ပေါ်လာသော ဉာဏ်စွမ်းအား ဖြင့် ရှုမြင်သုံးသပ်လာနိုင်ခဲ့ပြီ။ ရက်ပါင်း(၆၀)နီးပါး သတိပဋ္ဌာန်တရားအရိပ်၌ ရိုရိုသေသေ ယုံယုံကြည်ကြည် (ကြာလေ ယုံကြည်လာလေ) ဖြစ်၏။ ကြိုးစားရှုမှတ် လိုက်သောအခါ မျက်ရည်တို့သည်ပင် သွေ့ခြောက်ကုန် တော့သည်။ ရက်စေ့၍ ရိပ်သာမှထွက်ရန် ဆရာတော်ထံ သွားလျှောက်သောအခါ ဆရာတော်က -
"စပ်စုတယ်လို့ မထင်နဲ့နော်၊ ဒကာမကြီးကို ဘုန်းကြီးတစ်ခု မေးချင်တယ်၊ ဒကာမကြီးတရားကို စနစ်တကျနဲ့ ရိုရိုသေသေ အားထုတ်သွားတာကို ဘုန်းကြီးတို့ မှတ်တမ်းတင်ပါတယ်။ ဒကာမကြီးကိုလည်း လေးစားပါတယ်။ တရားကိုရိုသေတဲ့ ဒကာမကြီးကို လည်း ဘုန်းကြီးတို့ ရိပ်သာက ဆရာလေးတွေ၊ ဝေယျာဝစ္စအဖွဲ့တွေကတောင် တလေးတစားနဲ့ ကြည်ညို ကြပါတယ်။
ဘုန်းကြီးအနေနဲ့လည်း အားရပါတယ်။ ဒါပေမဲ့ ဒါက နောက်ပိုင်းပေါ့လေ။ ပထမပိုင်းရက် (၂၀)လောက်မှာ ဒကာမကြီးရိပ်သာ ရောက်ခါစက ဘုန်းကြီးသတိထားမိတယ်။ တရားထိုင်တဲ့ အချိန်တိုင်းမှာ ဒကာမကြီး မျက်ရည်တွေ အမြဲစီးကျနေတယ်၊ တရား နာတဲ့ အချိန်တွေမှာလည်း မျက်ရည်တွေ သုတ်နေတာ သတိထားမိတယ်။
အဲဒီအကြောင်းလေးကို ဘုန်းကြီးကို ပြောမပြနိုင်ဘူးလား" သတိပဋ္ဌာန်တရားရေစင်ဖြင့် သောကတွေ ငြှိမ်းသတ် နိုင်ခဲ့ပြီမို့ ဆရာတော် သိလိုသည်ကို ပုံမှန်စိတ်ဖြင့် လျှောက်ထားလိုက်နိုင်သည်။ ဖြစ်စဉ်ကို တင်ပြပြီးသော အခါ ရိပ်သာဝင်ခါစ ရက်(၂၀) အတွင်း ကျခဲ့သော မျက်ရည်တို့၏ နောက်ကွယ်မှ အဖြေကို ဆရာတော် ဘုရား သိရှိသွားပေပြီ။
"တပည့်တော်မမှာ အဲဒီအချိန်က သမီးနဲ့ရွယ်တူ မိန်းကလေးတွေကို ယောဂီတွေထဲမှာ တွေ့ရလေတိုင်း ငါ့သမီးလေး ဒီမှာတွေ့ရတဲ့ယောဂီတွေလို တရား အားမထုတ်ဖြစ်သွားခဲ့ရဘူးဆိုပြီး မျက်ရည်ကျခဲ့ရတာပါ။ သမီးအားထုတ်ချင်တဲ့ သတိပဋ္ဌာန်တရားကို သမီး ကိုယ်စား တပည့်တော်မ လာအားထုတ်ရင်း သမီးနဲ့ ပတ်သက်ခဲ့ရတဲ့ တပည့်တော်မရဲ့ သောကတွေလည်း ငြိမ်းခဲ့ရပါတယ် အရှင်ဘုရား။
တကယ်တော့ တပည့်တော်မ ဒီရိပ်သာဝင်ဖြစ်ခြင်း အဓိက ရည်ရွယ် ချက်ကတော့ သမီးအတွက် တပည့်တော်မ အေြွကး လာဆပ်တာပါ အရှင်ဘုရား" (၄) သမီးကြုံခဲ့ရတဲ့အဖြစ်ဆိုး၊ အမေခံစားခဲ့ရတဲ့ သောကမျိုး ဘယ်မိဘ၊ ဘယ်သားသမီးမှ မကြုံကြရ၊ မခံစားကြရပါစေနဲ့လို့လည်း အမေ လေးလေးနက်နက် ဆုတောင်းမေတ္တာပို့သနေမိပါတယ် သမီးရယ် . . .
သမီးအပေါ် တင်နေတဲ့အေြွကးကို သတိပဋ္ဌာန် အကျင့်မြတ်တရားနဲ့ တစ်ပိုင်တစ်နိုင် ဆပ်နိုင်ခဲ့ပြီမို့ ရောက်ရာအရပ်က သာဓုခေါ်ပါတော့ သမီးရယ် . ..။ အမေ့ဘဝ နောက်ဆုံးထွက်သက်အချိန်ထိ သတိပဋ္ဌာန် အကျင့်မြတ်တရားကို ရိုရိုသေသေ၊ လေးလေးစားစား၊ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး အားထုတ်သွားပါဦးမယ်လို့ သမီးကို အမေ ကတိပေး လိုက်ပါတယ် . . .။
မြသန်းစံ ၁၅-၁-၂ဝဝ၂
("မမေ့သူတို့ ဓလေ့တူ၍ အတွေ့တူတို့ အတူတွေ့" စာအုပ်မှ)
မှတ်ချက် ရွှေမင်းဝံဆရာတော်ဘုရားကြီး၏ "သတိပဋ္ဌာန် အကျိုးတရားတော်" (၈)ခွေတွဲ ဟောစဉ်တရား တိပ်ခွေမှ ထုတ်နုတ်၍ တန်ဆာဆင် ရေးသား ပါသည်။