"အတ္တာဟိ အတ္တနော နာထော"
★ မြတ်စွာဘုရားရဲ့ စကားတစ်ခွန်းဟာ အလွန်တန်ဖိုးရှိတယ်။ "အတ္တာ ဟိ အတ္တနော နာထော" မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာလို့၊ တခြားလူ ကိုးကွယ်ရာမဟုတ်ဘူး။★ အရာခပ်သိမ်းမှာ ကိုယ့်ကိုယ်ကို အားကိုးရမယ်၊ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်ပြီးတော့ ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတာ သဘောပေါက်နားလည်ရမယ်။
★ မိမိသည်သာ ကိုးကွယ်ရာဆိုတာ ကိုယ်ရဲ့ဆန္ဒ၊ ကိုယ်ရဲ့လုံ့လဝီရိယ၊ ကိုယ်ရဲ့အသိဉာဏ်ကို တန်ဖိုးထားပြီး၊ ဆန္ဒဖြင့် မျှော်လင့်ပြီး၊ လုံ့လဝီရိယဖြင့် မရရအောင်ကြိုးစားပြီး အသိဉာဏ်ဖြင့် မှန်ကန်တဲ့ နည်းလမ်းတွေကို ရှာဖွေအားထုတ်ရမယ်။ ဒါဟာ လက်တွေ့ အင်မတန်ကျတဲ့ ကျင့်စဉ်တစ်ခုကို မြတ်စွာဘုရားက ဖော်ထုတ်တယ်။
★ အဲတော့ မေးစရာတစ်ခုရှိလာတယ်၊ "အတ္တာ ဟိ အတ္တနော နာထော" မိမိသည်သာလျှင် မိမိ၏ ကိုးကိုယ်ရာလို့ မြတ်စွာဘုရားက ဒီအတိုင်းဟာထားတာ ဟုတ်ပြီ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားကို ကိုးကွယ်ရာဟူ၍ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဆိုတဲ့စကားနဲ့ မဆန့်ကျင်နေဘူးလားလို့ မေးကောင်းမေးကြလိမ့်မယ်။
★ မိမိကိုယ်ကို အားကိုးခြင်း၊ ဘုရားကို အားကိုးခြင်းဆိုတာ အတိုင်းအတာ အကန့်အသတ်ခြင်း မတူဘူး။
★ မြတ်စွာဘုရားကို အားကိုးတာ ဘယ်အဆင့်နဲ့ အားကိုးတာလဲဆိုတာ အမှန်တရားကို သိဖို့အတွက် အားကိုးတာ။ မြတ်စွာဘုရားက ကယ်တင်တာလဲ မဟုတ်ဘူး၊ ‘မ’ မှာလဲ မဟုတ်ဘူး။ သို့သော် ဘုရားက လမ်းပြပေးတာ။
★ လောကမှာ သွားရမယ့် လမ်းကို မသိတာ အင်မတန်မှ ဒုက္ခရောက်တယ်၊ ပြသာနာကြီးတစ်ခုပဲ။ အဲတော့ သွားရမယ့်လမ်းကို ပြနိုင်တဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှ အရေးကြီးတာပေ့ါ။
★ မြတ်စွာဘုရားကို အားကိုပါတယ်ဆိုတာ မြတ်စွာဘုရားက လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားဟောပြီး မလုပ်သင့်တာတွေကို ရှောင်ရမယ်၊ လုပ်သင့်တာတွေကို လုပ်ရမယ်လို့၊ အတိုင်းအတာ တစ်ခုအနေနဲ့ သတ္တဝါတွေကို ဆုံးမသြဝါဒ ပေးထားတယ်။ အဲဒီ ဆုံးမသြဝါဒကို လိုက်နာကျင့်သုံးဖို့ ကိုယ့်ဟာကိုလုပ်ရမယ်၊ ဒီလိုဆိုလိုတာပေ့ါ။
★ ဘုရားရဲ့ ဘုန်းတန်ခိုးတွေကို မှီခိုပြီး မြတ်စွာဘုရားက အရာရာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ တမျှော်မျှော် တခေါ်ခေါ်နေရမယ့် ကိစ္စမျိုး မဟုတ်ဘူး။ ဘုရားက ဒါလုပ်၊ ဒါမလုပ်နဲ့၊ ဒါမလုပ်နဲ့ ဆိုတာကို ရှောင်ပြီးတော့ ဒါလုပ်ဆိုတာကို လုပ်ဖို့ ဒါကိုဟောတာ။
★ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ဘုန်းကြီးတို့ တစ်တွေ ကျင့်သုံးနေထိုင်တာ ဒါ "အတ္တာ ဟိ အတ္တနော နာထော" ပဲ။ မိမိသည်သာ ကိုးကွယ်ရာပဲ။
★ ဒီ့ထက်ရှင်းတဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင် လူတွေဟာ နေမကောင်းထိုင်မသာဖြစ်တဲ့အခါ ဘယ်သွားလဲဆိုရင် ဆရာဝန်ဆီသွားကြတယ်။ ဆရာဝန်ဆီ ဘာအတွက် သွားတာလဲဆိုရင် ဘာရောဂါလဲသိဖို့၊ ဘာကြောင့် ဒီရောဂါ ဖြစ်တာလဲ၊ ဒီရောဂါဖြစ်လာလို့ရှိရင် ဘယ်ဆေးသောက်၊ ဘယ်လိုနေရင်ပျောက်မလဲ၊ ဒါသိဖို့ သွားတာ။ အဲတော့ ဆရာဝန်က ရောဂါပျောက်အာင် လုပ်ပေးနိုင်သလားဆိုရင် မလုပ်ပေးနိုင်ဘူး။
★ လုပ်မပေးနိုင်ဘူးဆိုတာ အင်မတန်ထင်ရှားတယ်။ ဘာပြုလို့လဲ ဆိုရင် ဆရာဝန်က ဆေးထိုးပေးရင် ပေးတယ်၊ သောက်ဆေး ပေးရင်ပေးမယ်။ လူနာကိုယ်တိုင်က ဆေးသောက်ရမယ်။ အဲဒီကတည်းက ကိုယ်တိုင်လုပ်ရတဲ့ဟာ။ ဆရာဝန်ဆီ သွားတာဟာ ဒီရောဂါတွက် ဘာဆေးသောက်ရမလဲဆိုတာ သိဖို့သွားတာ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီးတော့ ဆေးသောက်မှ ရောဂါပျောက်မယ်၊ ဒီလိုဆိုလိုတာ။ ဒါ လက်တွေ့ပဲ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏
‘မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီနေထိုင်ခြင်း’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ Credit --- Shwe Thu