Wednesday, September 18, 2019

"'အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည် "

"အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည် "

သူမတူသော သည်းခံစိတ်

"ထောင်တန်တဲ့စကား ရယ်လျှင်ပေါ့" သတဲ့။
အလားတူ ရင်နှီးကျွမ်းဝင်မှု လွန်ကဲတဲ့အခါမှာ အရိုအသေတန်တက်တယ်။
တချို့နေရာတွေမှာ ရင်းနှီးမှုကိုပင်လျှင် အကြောင်းပြုပြီးတော့
မိတ်ပျက်ရတာတွေရှိသလို ,ခနိုးခနဲ့ အစော်ကားခံရတာတွေရှိတယ်။

ဧကနိပါတ် ,ဝိသဝန္တဇာတ် ရဲ့ ပစ္စုပ္ပန်ဝတ္ထုမှာပါတဲ့
ရင်းနှီးကျွမ်းဝင်မှုကို အကြောင်းပြုလို့
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတောင် သံဝေဂကြီးစွာရတော်မူတဲ့
ဇာတ်ဝတ္ထုလေးတစ်ပုဒ် ပြောပြချင်တယ်။
ဒီလိုပါ။
------
တစ်နေ့သောအခါကာလ ရဟန်းတစ်ပါးဆွမ်းခံကြွပြီး ပြန်လာတဲ့အခါမှာ သကာရည်တွေနဲ့ ပြည့်ဖောင်းနေပြီး ထောပတ် ရနံသင်းပျံနေတဲ့ မုန့်ဆီကြော်တစ်ခု ပါလာပါသတဲ့။
မုန့်ရှင် ရဟန်းဟာ သပိတ်ကို ဆွမ်းစားကျောင်းမှာ ထားခဲ့ပြီး
လက်စမသတ်ရသေးတဲ့ ဝေယျာဝစ္စအလုပ်ရှိတဲ့အတွက် အလုပ်ဆီသို့သွားပါတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ
အဂ္ဂသာဝကရဟန်းတစ်ပါးပင် ဖြစ်စေကာမူ ရေခပ်ခြင်း,တံမြက်လှည်းခြင်း, ဝစ္စကုဋီသန့်ရှင်းရေး လုပ်ငန်းများကို ကိုယ်တိုင်လုပ်ဆောင်တက်တဲ့အတွက် ထိုနေ့က ဆွမ်းမခံလိုက်ရဘဲ ကျောင်းဝေယျာဝစ္စအလုပ်များကို လုပ်ရင်း ဝမ်းဟာလာပါသတဲ့။
အဲဒီအခါ အစာအဟာရကိုတောင့်တလို့နေဆဲမှာ စားချင်စဖွယ်မုန့်ဆီကြော်ကို သပိတ်အဖုံးပေါ်မှာ အရန်သင့်တွေ့တော့ သပိတ်ကိုကြည့်လိုက်တဲ့အခါ
ကိုယ်နဲ့အကျွမ်းတဝင် ခင်မင်ရင်းနှီးရတဲ့ ရဟန်းရဲ့သပိတ်ဖြစ်ကြောင်း သိလိုက်ပါတယ်။
ထို မုန့်ပိုင်ရှင် ရဟန်းနဲ့ အရှင် သာရိပုတ္တရာကိုယ်တော်မြတ်ကြီးဟာ
တစ်ပါးနဲ့တစ်ပါးခွဲဝေမျှတ စားသောက်နေကြလည်း ဖြစ်ပါတယ်။
ဒီလိုနဲ့ မိမိစာလောင်မွတ်သိပ်နေသည့် အခိုက်
ဒီမုန့်ကိုယူစားသော်လည်း မိမိပေါ်ကြည်ဖြူမှာပါလေလို့ သဘောပိုက်ကာ မုန့်တစ်ခုလုံးကို စားလိုက်မိပါတော့တယ်။
အဲဒီနောက် အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးနဲ့
အခြားသောရဟန်းတွေဟာ ဝေယျာဝစ္စပြီးလို့ ဆွမ်းစားကျောင်းပေါ်ကို တက်လာကြတယ်။
သပိတ်ကိုယ်စီနဲ့ မိမိနေရာ မိမိအသီးသီးထိုင်ပြီး ဆွမ်းခံမကြွဖြစ်လိုက်တဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ သပိတ်ထဲကို ဆွမ်းခံလို့ရလာခဲ့တဲ့ ကောင်းနိုးရာရာ ဆွမ်းနှင့် ဟင်းလျာတို့ကို တစ်ပါးပြီး တစ်ပါး ထည့်ပေးကြပါတယ်။
ဒီအခိုက် ``ငါ့မုန့်ကို ဘယ်သူယူစားသလဲ´´ဆိုတဲ့ အသံမာမာ မြည်ဟိန်းတဲ့အသံထွက်လာပါတယ်။
အဲဒီအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက
``ငါ့ရှင် … ငါဆာဆာနှင့် စားလိုက်မိတယ်။
ငါ့ရှင်ပစ္စည်းကို အကျွမ်းဝင်ခြင်းကြောင့်
ငါ ယူစားလိုက်မိပါတယ်´´လို့ ညင်သာသော အသံတော်နဲ့ ဝန်ခံလိုက်တယ်။
စားကောင်းသောက်ဖွယ် လာဘ်လာဘထူးတွေ ရလာရင်
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို
သူ့ထက်ငါ အပြိုင်လှူနေကျတဲ့ ရဟန်းပရိတ်သတ်တွေဟာ
ထိုရဟန်းရဲ့ အပြုအမှုကြောင့် အထူးတဆန်းလည်း ဖြစ်နေကြပါတယ်။
ထိုမုန့်ပိုင်ရှင် ရဟန်းက
``သြော် စားရတဲ့ပုဂ္ဂိုလ်က တယ်လွယ်လွန်းလှပါတကား။
စားကောင်းသောက်ဖွယ်မှန်လျှင် မကြိုက်သူရှိပါ့မလား´´လို့ ဆိုလိုက်ပါသတဲ့။
ထိုစကားကြောင့် ဆွမ်းစားကျောင်းတစ်ခုလုံး တိတ်ဆိတ်လို့ သွားပါတော့တယ်။
အရှင် အာနန္ဒာနှင့်အတူ အခြားသော
ရဟန်းတွေဟာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး အတွက် စိတ်မကောင်းခြင်း ပြောရက်လေသော ရဟန်းအား မကျေနပ်ခြင်း, ပြောမိသူရဟန်းရဲ့
နောင်တကြီးစွာ ပူပန်ခြင်းစသော ခံစားချက်တွေနဲ့ ပတ်ဝန်းကျင်ရဟန်းများရဲ့ စိတ်နှလုံး တုန်လှုပ်နေဆဲမှာ …
အရှင်မြတ်ကြီးကတော့ တည်ငြိမ်တဲ့ ဣန္ဒြေနဲ့ မိမိသပိတ်ထဲက ဆွမ်းများကိုသာ အေးဆေးသက်သာ ဘုဉ်းပေးလို့နေပါတယ်။
သို့သော် ထိုနေ့မှစပြီးတော့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ
မုန့်စားခြင်းဆိုတဲ့ အမှုကို ရာသက်ပန်ပြုတော် မမူတော့ပါဘူးတဲ့။
အော် … သံဝေဂတရားကြီးမားလိုက်ပေစွ။
တစ်ခါတစ်လေမှာ ရင်းနှီးကျွမ်းဝင်လို့ ပြုလိုက်သောအမှု ,
ပြောလိုက်သောစကားတစ်ခွန်းကြောင့် အရှင်သာရိပုတ္တရာလို ကိုယ်တော်မြတ်ကြီးတောင် အစော်ကားခံရတယ်ဆိုတာ
သတိသံဝေဂ တရားရစေချင်တာရယ်ပါ။
(ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း{ပထမတွဲ}
ဓမ္မဒါန
Credit ---