"တောင်ဖီလာဆရာတော်၏ သီလဂုဏ်''
တောင်ဖီလာတောရ၌ ဆရာတော်သီတင်းသုံးတော်မူစဉ် ကြုံတွေ့ရသော အဖြစ်အပျက်တခု သည် မယုံကြည်နိုင်လောက်အောင် အံ့ဖွယ်သူရဲဖြစ်ခဲ့၏။ လောက၌ မည်သည့်အလုပ် မဆို မမျှော်လင့်သော အခက်အခဲများ ပေါ်ပေါက်လာတတ်၏။ ထိုအခက်အခဲများသည် "ညောင် ရေအိုးမှ မီး ထတောက်''ဟူသကဲ့သို့ မည်သို့မျှ မည်သို့မျှ ဖြစ်လာလိမ့်မည်ဟု မထင် စ ကောင်းသော ဌာနကလည်း ထွက်လာတတ်ပေ၏။ဆရာတော် တောရထွက်၍ မကြာမီပင် မမျှော်လင့်သော အခက်အခဲတခုသည် မထင်စ ကောင်းသော ဌာနမှ ထွက်ပေါ်လာခဲ့သည်ကို ရင်ဆိုင်ရ၏။ စစ်ကိုင်း အင်းဝ ပင်းယ တကြောတွင် ထိုအချိန်က မိုးလွန်စွာ ခေါင်ခဲ့၏။ တတိုင်းတပြည်လုံး ရိရှား ငတ်မွတ်ကြ၏။ မတရားမှုများ ပွားစီး၏။ အချိန်အခါမဲ့ မသွားဝ့ံကြ။
တခုသော နေဝင်ဖြိုးဖျ အကာလ အချိန်မဲ့တွင်မှ ဆံပင်ဖားလျား အဝတ်အစား အစုတ်အပြတ် နှင့် ဒကာမကလေးတယောက် တောင်ဖီလာတောရကျောင်းဆီသို ့ အမောတကော ပြေး လာနေ၏။
ရုပ်ရည် သနားကမား၊ ရုပ်လက္ခဏာနှင့် အဝတ်အစားသည် တခြားစီဖြစ်နေ၏။ ဆရာတော်သည် တောင်ကျရေ ခံရန် တူးထားသော ကန်အနီး လမ်းလျှောက်နေရာမှ ဘုရား ဝတ်ပြုရန် ဟန်ပြင်ခိုက် "ကယ်တော်မူပါ ဆရာတော်ဘုရား" အသံနှင့် ဖက်တော့ မယောင် ပြေးဝင်လာ၏။ နေဝင်သွားသော်လည်း လရောင်ကလေးရှိနေ၍ ဒကာမရုပ်သွင်ကို ပြဲ့ပြဲ့ ထင်ထင် မြင်နေရ၏။
"အင်း...ဒုက္ခပါတကား" ဟု ဆရာတော်ညည်းတွားခိုက် "တပည့်တော်မ လမ်းခရီးကြားမှာ ဒုက္ခတွေလာ၍ ဆရာတော်ကျောင်းမှာ နေပါရစေဘုရား" ဟု ငို၍ လျှောက်၏။ ဆရာတော်မှာ ဒုက္ခသည်အား ညအခါ တောတောင်ကြီး အတွင်း နှင် လွှတ်ရအခက် လက်ခံရအခက် ဖြစ်နေသည်။
"ဘုန်းကြီးကျောင်းမှာ ဒကာမနေ၍ ဘယ်မှာ ဖြစ်မည်လဲ" ဟု နှုတ်ကပင် ထွက်လိုက်ရ သော်လည်း လုံးဝရှောင်၍ မရနိုင်သည်ကိုကား သိနေသဖြင့် အကြံရခက်နေလေသည်။ "တညတာပါဘုရား" ဟူသော ဒကာမကလေး၏ အသံမှာ မျက်ရည်နှင့်အတူ အားကိုးလွန်း သော အမူအရာကို ဆောင်နေပြန်၏။ ဆရာတော်သည် အတန်ကြာ စကားဆိတ်၍ သက်ပြင်းချကာ စဉ်းစားပြီးနေ၏။
အကြံတခု ရကာ စိတ်သက်သာသွားသော အမူအရာဖြင့် ကျောင်းအပြင်ဘက် စင်္ကြန်၌အိပ်ရန် ခွင့်ပြု ရလေတော့သည်။ ဆရာတော်ကား နေရာပေး ညွှန်ပြီးနောက် တောင်ဖီလာစေတီရင်ပြင် တွင် ဘုရားဝတ်ပြု၍ တောင်စောင့်နတ်တို ့အား အမျှဝေ မေတ္တာပို ့နေလေတော့သည်။
ကျောင်းငယ်သို ့ မပြန်လည်းခက် ပြန်လည်းခက်ဖြစ်နေ၍ နောက်ဆုံး ကျောင်းကလေးသို့ ပြန်ကြွကာ "ဒကာမ အဲဒီမှာ အိပ်လေ" ဟု တုံးတိတိ ပြောဆိုကာ တံခါးမင်းတုပ်ကို ချ၍ ကျောင်းကလေး အတွင်း၌ ကမ္မဋ္ဌာန်းဘာဝနာပွားလေ၏။ ဤညတွင် လုံးဝ မအိပ်စက်မိ စေရန် သတိကို ဆောင်ထားရ၏။
ဝိနည်းတော်က-"တမိုးတရံတည်း၌ ဒကာမနှင့် (လူ သာမဏေနှင့်)အတူ မအိပ်ကောင်း"။ "သင်လာ၍ ငါညလုံးပေါက် တရားရှုရပေသည်"ဟု ဖြေဆည်အားတင်းလျက် အကျိုးကို သာ ရှုမြင်၍ တညလုံး တရားရှုမှတ်ရန် ပြင်ဆင်ရ၏။ ဆရာတော်တရားရှုမှတ်၍ သမာဓိ ရစ အချိန်မှာပင် တံခါးကို လက်ဝါးနှင့်ပုတ်သံ ကြားရ၏။ ဒကာမကလေးမှာ ကြောက်လွန်း ချမ်းလွန်း၍ ကျောင်းထဲသို ့အိပ်ခွင့်ပြုရန် ခိုက်ခိုက်တုန် သောအသံဖြင့် အသနားခံလာ၏။
အမျိုးမျိုးစဉ်းစားသော်လည်း သတ္တဝါနှင့် ကရုဏာစိတ် တို့သည် အလေးချိန် လျှာညီနေ၍ အိပ်ခွင့်ပြုရပြန်လေသည်။ ဆရာတော်ကား ကျောင်းအပြင်ဘက် စင်္ကြန်သို ့ထွက် တရားထိုင်ရလေ၏။ မကြာမီ မအိပ်ဝံ့ဆို၍ အထဲသို ့ ပြန်ဝင်လာရပြန်၏။ "နင် အဲဒီမှာနေ .. နောက်ထပ် လျှာမရှည်နှင့်" ဟုလည်း ထောင့်ချိုးတွင် နေရာချရင်း အသံမာဖြင့် မိန့်တော်မူ၏။
ဒကာမကလေးကား စုပ်ပြဲနေသော အကျီင်္နှင့် ရင်ကွဲထမီ ကလေးကို ဟိုလှည့်သည်လှည့် ဖုံးဖိရင်း ကျောင်းကလေးထောင့်ကွေး၌ ကုပ်၍နေရ ရှာ၏။ ဆရာတော်ကား မျက်နှာလွှဲကာ ကျောပေးနေရာယူ၍ ထွက်လေဝင်လေကိုသာ ပွတ် ကြိုးဆွဲသကဲ့သို ့ ရှုနေရ၏။ တုံးလုံးလှဲခြင်း လမ်းလျှောက်ခြင်း ပြုလိုသော်လည်း မျက်စိ ကို စုံမှိတ်ကာ ကြိတ်၍ ထိုင်နေတော်မူရ၏။ သတိရသမျှ သံဝေဂဖြစ်ဖွယ်၊ အသုဘဖြစ် ဖွယ်များကို နှလုံးသွင်း ရှုမှတ်နေ၏။ ဣသိသိင်္ဂရသေ့ကလေး အကြောင်းက ရုတ်တရက် ဝင်လာသဖြင့်"ငါကား ဘုရားရှင် တပည့်သား၊ ၆၀ ကျော်၊ သေလုပြီ''ဟု အားတင်းရပြန် သည်။
တချက်တချက်တွင် ဒကမကလေး၏ ညည်းသံပေါ်လာပြန်သည်။ ဆရာတော် ကား ဘာမျှမေးတော်မမူ။ ဥပေက္ခာရှု၍သာ နေလိုက်ရ၏။ တောင်ဖီလာစေတီမှ ဆည်းလည်းသံသည် အမြဲတမ်း ဆရာတော်ဘက်က ရှိနေ၏။ တချီတချီ လန့်ဖျပ်၍ ပျံသွားသော လင်းပြာချိုးငှက်တို့၏ အသံက စိုးရိမ်မကင်းသော ဘဝကို ဖော်ပြနေသည်။
လသာသာတွင် ကြောင့်ကြမဲ့ ပျော်ရွှင်မြူးတူးနေသော ညဉ့် ငှက်သံများမှာ ကြည်နူးဖွယ် ရှိလေ၏။ ကျားသစ်ရဲတို ့ဘေးကြောင့် ခွေးအနှင့် သားသမင်တို ့၏ အော်မြည်ပြေးလွှားသံများကို လည်း ကြားနေရပြန်သည်။ ကျားကိုက်၍ သေမူ တဘဝမျှသာတည်း ဟု ဆင်ခြင်နေမိ ၏။ .... ဝမ်းမီး ကောင်းသူအတွက် စားသမျှ အစာသည် အားဖြစ်၏။ သတိဉာဏ် ရှိသူအတွက် တွေ့သမျှ အာရုံသည် တရားချည်းပင်တည်း။
မိုးလင်းရန် တဖြည်းဖြည်း နီး၍ လာသဖြင့် ဆရာတော်မှာ တအားတက်လာ၏။ ပုညရှင်စေတီမှ ကျောက်စည် ထိုးသံကိုပင် သဲ့သဲ့ကြားနေရသည်။ 'အမလေး ကယ်တော်မူပါ ဆရာတော်ဘုရား၊ တပည့်တော်မ သေရပါလိမ့်မယ်" အသံကြောင့် ဆရာတော်မှာ - "ဟဲ့ ဒကာမ ဘာဖြစ်ရပြန်တာလဲ"ဟု ငေါက်ရင်း မီးအိမ်ကိုဖြုတ်ကာ အနီးသို ့သွားရ ပြန်ရာ နေမကောင်းသော အမူအရာဖြင့် တဟီးဟီး တုန်ခိုက်နေသည်ကို တွေ့ရ၏။ "အလို-ဘုရား ဘုရား" ဟု ရေရွတ်ကာ မျက်နှာလွှဲ၍- ငါ ့မှာ ဘာဆေးမျှ မရှိ၊ မိုးလင်း တော့မည်၊ သည်းခံပြီး ဘုရားအာရုံပြုလေ" ဟု မိန့်တော်မူ၏။
ဒကာမကလေးမှာလည်း သိမ်းကြုံး ပွေ့ဖက်တော့မည့်ဟန် ပြင်နေသဖြင့် ရုတ်တရက် ကျောင်းနံရံတွင် ထိုးစိုက်ထားသော ဒန်ပူသတ်သည့် ဓားမောက်ကို သွား၍ ယူလိုက် ၏။ ပြီးလျှင် မိမိခြေသလုံးအား ဓားနှင့် မွှန်းလေတော့သည်။ သွေးစိမ်းရှင်ရှင် ပန်း၍ ထွက်ကျလာ၏။ ဒကာမကလေးမှာ ဓားယူစဉ်ကပင် ကြောက်ရာမှ သွေးများကို မြင်ရလျှင် အံ့အားသင့် ထိတ်လန် ့သွားရှာ၏။ "တပည့်တော်မအား ခွင့်လွှတ်ပါဘုရား၊ တပည့်တော်မ မှားပါပြီ" ဟု ကန်တော့လေ၏။
မကြာမီ မိုးစင်စင်လင်း၍ ဒကာမကလေးကား ပြန်ထွက်သွား၏။ ပြန်ထွက်သွား၍ မကြာ မီပင် ခပ်လှမ်းလှမ်းမှ မကြားစဖူး လူသံများလည်း ကြားယောင်နေရ၏။ မကြာမီ အသံ များ တိတ်သွားသည်။ အဖြစ်အပျက်ကား ဆန်းကြယ်လေ၏။ ကြံကြီး စည်ရာဟု ထင်ဖွယ်ရှိသည်။ အကြောင်း ကား.... မိုးခေါင်ခြင်းသည် တောင်ဖီလာဆရာတော် အကျင့်သီလပြင်းထန်၍ဟု အမတ်အချို့ က သံတော်ဦးတင်ကြသည်။
မင်းကြီးကား မယုံလေ။ထိုအမတ်တို့က နိလိနိကာဇာတ် တွင် ဣသိသိင်္ဂရသေ့ အကျင့်ပြင်းထန်၍ ကာသိတိုင်း၌ မိုးသုံးနှစ် ခေါင်နေသဖြင့် သိ ကြားမင်းသည်ပင် ဗာရာဏသီမင်း၏ သမီး နိလိနိကာအား အဖျက်ခိုင်းရဖူးလေသည် ဟု သာဓက ဆောင်ကြပြန်လေသည်။
နောက်ဆုံးတွင် မင်းကြီးပါ သဘောတူရ၍ အမူ အရာကောင်း ရုပ်ချော မင်းသမီး တပါးကို သွန်သင်၍ အဖော်များထည့်ကာ စေလွှတ် ခြင်း ဖြစ်လေသည်။ မဖြစ်သင့်သော နေရာမှ မဖြစ်ထိုက်သောကိစ္စများ ဖြစ်တတ်သည် မှာ ဓမ္မတာပင်တည်း။ မင်းသမီးလည်း စေခိုင်းသည့်အတိုင်း တောင်ဖီလာဆရာတော်အား သီလအကျင့်ကို ဖြား ယောင်း ဖျက်ဆီးခဲ့ပါပြီ ဟု အပြစ်မှ လွတ်ရန် သံတော်ဦး တင်ရ၏။
ထိုသတင်းမျိုးသည် ကြော်ငြာခ မကုန်သော သတင်းမျိုး ဖြစ်သည့်အတိုင်း တမုဟုတ်ချင်း ပြန့်ကားသွားတော့ သည်။ ယုံသူလည်းယုံ မယုံသူလည်း မယုံကြ။ ထိုအခါ အလှူအတန်း ပြုလိုဟန်ဖြင့် လာသော မင်းကြီးနှင့် ပရိသတ်တို ့အား သင်္ကန်းစုတ် ပတ်တီးစည်းထားသော ခြေထောက်ပြရင်း ဓားမောက်ကို ယူကာ - "ငါ၏ သီလပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌ မြုပ်ပါစေသား။ စင်ကြယ်ပါမူ ရေဝယ် ကူးစေသား"ဟု တောင်ဖီလာကန်၌ပင် သစ္စာအဓိဋ္ဌာန်၍ ပြတော်မူလေသည်။ ဓားမောက်လည်း ရေတွင်ဖြတ်သန်း၍ ငါးကဲ့သို ့တလန်းလန်း ကူးသော ဟူ၏။
ဆရာတော်ကား ၁၀၁၂ ခုနှစ် သက်တော် ၇၂နှစ်တွင် ပျံလွန် တော်မူခဲ့သတည်း။ ယခုတိုင် ထိုတောရ၌ ဓားမကူးကန် ဟူ၍ ရှိနေသေးသည်။ ၁၂၂၈ ခုနှစ်တွင် မင်းတုန်းမင်း၏ မြောက် သားတော် စိန်တုံးမိဖုရားက ကန်ဟောင်းကို ထပ်မံ၍ ပြင်ဆင်ကြောင်း ကျောက်စာ ထိုးထားသည်ကို ရေကူးမှတ်သားခဲ့ရပါ၏။
ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်
(ရွှေဥမင်နှင့် တောင်ဖီလာပုဂ္ဂိုလ်အကျော် မှ)
Credit --- DHAMA BANK