"ဘာကြောင့် ကိုရင် ရှားပါးရသလဲ"
(၅- ၁၀- ၂၀၁၇) ယနေ့ သီတင်းကျွတ်လပြည့်နေတွင် မိမိထံသို့ ဆရာတော် ဦးဆေကိန္ဒ ကြွရောက်လာ၏။ ဆရာတော် ဦးဆေကိန္ဒသည် အနာဂတ်မျိုးဆက်သစ် ကလေးများနှင့် ကျောင်းသား/ ကျောင်းသူများကို မြတ်ဗုဒ္ဓအဆုံးအမများ အထူးပြု သင်ကြားပေးနေသည့် ဆရာတော် ဖြစ်သည်။ ဆရာတော်သည် မိမိနှင့် ညီအကိုလို ရင်းနှီးရကား " ညီတော်"ဟုပင် ခေါ်လေ့ ရှိပါသည်။ မိမိထံ ရောက်လာပြီး အလ္လာပ သလ္လာပစကားများ ပြောကာ သာသနာရေးဆိုင်ရာ ကိစ္စများကို ရင်းရင်းနှီးနှီး မိန့်ကြားပါသည်။" ကလေးတွေဟာ တိုင်းပြည်နှင့် သာသနာရဲ့ အနာဂတ်ဖြစ်ကြောင်း၊ ဒါကြောင့် ကလေးတွေရဲ့ ရင်ထဲမှာ မြတ်ဗုဒ္ဓ အဆုံးအမများ ထည့်ပေးဖို့ လိုကြောင်း၊ ယနေ့ခေတ်မှာ ဓမ္မစကူးလ် ကျောင်းတွေ ပေါ်ပေါက်လာတာဟာ အားရစရာ ကောင်းကြောင်း၊ ရေရှည်တည်တံ့ဖို့ ကြိုးစားရမည် ဖြစ်ကြောင်း၊ ပြီးတော့ သာသနာရဲ့ အနာဂတ် ဖြစ်တဲ့ ကိုရင်လေးတွေ ြ ပုစုပျိးထောင်ပေးဖို့ လိုကြောင်း" စသည်ဖြင့် မိန့်ကြားခဲ့ပါသည်။
"ကိုရင်တွေ နည်းနေပြီ" မိမိက " ဘုန်းကြီးဘုရား၊ အခုခေတ်မှာ ကိုရင်တွေဟာ ရှားပါးပစ္စည်း ဖြစ်နေပြီ၊ နောင် ဆယ်နှစ်ဆိုရင် အခုလက်ရှိ သံဃာဦးရေထက် တစ်သိန်းလောက် လျော့နည်း သွားနိုင်တယ်ဘုရား" ဟု လျှောက်ထားလိုက်၏။ "အေး ဟုတ်တယ်ကွာ၊ သံဃာငယ်လေးတွေ တဖြေးဖြေးနဲ့ လျော့နည်းနေပြီ၊ အနာဂတ်အတွက် ရင်လေးစရာ အလွန်ကောင်းတယ်၊ ဘာကြောင့်လဲ မသိပါဘူးကွာ"။ "ကလေး ရှားလို့ ကိုရင်ရှားလာတာပါဘုရား"။ "အေး' ဒါလဲ စဉ်းစားရမည့်အချက်ပဲ၊ ပြောပါဦး၊ ညီတော် အယူအဆလေး" " ရှေးတုံးက တစ်မိသားစုမှာ ပျမ်းမျှ ကလေး ၆ - ယောက် ယူပြီး အခုခေတ်မှာ တစ်မိသားစုမှ ပျမ်းမျှ ကလေး ၂- ယောက်ပဲ ယူကြောင်း သန်းခေါင်စာရင်း အရ သိရပါတယ်ဘုရား၊ ဒီတော့ မိသားစု ၁- သန်းဆိုရင် ကလေး ၄ - သန်းလောက် လျော့နည်းသွားပါတယ်၊ ဒါကြောင့် အခုခေတ် ရွာတွေမှာ ကလေးတွေ ရှားနေပြီ၊
တပည့်တော်တို့ ရွာက စာသင်ကျောင်းဆိုရင် ကလေး ၂၅- ယောက်လောက် လျော့နည်းသွားကြောင်း ကျောင်းဆရာက လျှောက်ပါတယ်ဘုရား"။ "အေး ' ဟုတ်တာပေါ့၊ ငါတို့ ငယ်ငယ်တုံးက ဆိုရင် မောင်နှမတွေ များတော့ ပျော်စရာ သိပ်ကောင်းတယ်ကွ" " မှန်ပါဘုရား၊
ဘုန်းကြီးတို့ ညီအစ်ကို မောင်နှမ ဘယ်နှစ်ယောက် ရှိလဲဘုရား"။ " ငါတို့လား၊ အများကြီးပဲ၊ ညီအစ်ကို မောင်နှစ်ယောက် ၁၀- ယောက်တောင် ရှိတာ၊ ညီတော်တို့ကော ဘယ်နှစ်ယောက် ရှိလဲ" " တပည့်တော်တို့လဲ ညီအစ်ကို မောင်နှမ ၁၀- ယောက် ရှိပါတယ်ဘုရား"။ "ဟေ' ဟုတ်လား"။ မိမိ၏ လျှောက်ထားချက်ကို သဘောကျပြီး ခပ်ပြုံးပြုံး ဖြစ်သွားလေတော့သည်။
"မျိုးဆက်သစ်များ ရှားပါး" ယခုခေတ်တွင် ဗုဒ္ဓဘာသာဝင် မိသားစုများ ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းလျက် ရှိ၏။ တချို့ချမ်းသော မိဘများသည် လူမှုဒုက္ခကို ကြောက်ပြီး ကလေး ၂ - ယောက်သာ ယူကြလေသည်။ ထို့ကြောင့် စာသင်ကျောင်းများ၌ ကလေးဦးရေ လျော့နည်းလျက် ရှိပါသည်။ ဗုဒ္ဓဘာသာဝင် ကလေးများ လျော့နည်းလာခြင်းသည် တိုင်းပြည်နှင့် သာသနာအတွက် အင်အား လျော့နည်းလာခြင်းပင် ဖြစ်သည်။ ဘာကြောင့်နည်း၊ နိုင်ငံ့တာဝန် သာသနာ့တာဝန်များကို ထမ်းဆောင်ကြမည့် ကာယလုပ်သား ဉာဏလုပ်သားများလည်း အင်အား လျော့နည်းသွားမည် ဖြစ်သောကြောင့်တည်း။
ထို့ကြောင့် ရန်ကုန်မြို့ရှိ တချို့ရပ်ကွက်များတွင် ဗုဒ္ဓဘာသာဝင် အများစု ရှိရာမှ ဗုဒ္ဓဘာသာဝင် အနည်းစု အဖြစ်သို့ ရောက်ရှိသွားပါတော့သည်။ "သားသမီးဆိုတာ ရတနာ" စာတတ်ပေတတ် ဆရာတော်ကြီးတစ်ပါးက ယခုခေတ်မိဘများနှင့် ပတ်သက်ပြီး အခုလို မိန့်ကြားဖူးပါသည်။ "ရှေးခေတ်မိဘတွေဟာ ယခုခေတ် မိဘများလောက် စီးပွားဥစ္စာ မပြည့်စုံကြဘူးကွဲ့၊ ဒါပေမဲ့ 'သားသမီးဆိုတာ ရတနာ' လို့ သဘောထားပြီး ကလေးများများ ယူကြတယ်၊ ဟုတ်တာပေါ့၊ သားသမီးဆိုတာ သက်ရှိရတနာပဲလေ။ ယခုခေတ် မိဘတွေကျတော့ အဲသလို မဟုတ်တော့ဘူး၊ 'သားရတနာ သမီးရတနာ' များကို ခေတ်ပေါ်ေ ဆးဝါးများဖြင့် တားဆီးနေကြတာကွဲ့၊ တို့ကတော့ မကြိုက်ဘူးကွယ်၊ ကလေး မရအောင် ခေတ်ပေါ်ဆေးဝါးတွေကို သုံးစွဲနေကြတာဟာ ကိုယ့်မိသားစုကို လာဘ်တိတ်အောင် လုပ်နေတာပဲ"ဟု မိန့်ကြားခဲ့ပါသည်။
"အကြောင်း ၂ - မျိုး" ခြုံငုံသုံးသပ်ရလျှင် ကလေးများတိုင်း ကိုရင်များမည်ဟု မပြောနိုင်သော်လည်း ကလေးနည်းရင်တော့ ကိုရင်နည်းမှာ သေချာလှပေသည်။ ထို့အပြင် ရုပ်ဝတ္ထုများတိုးတက်လာခြင်း ကြောင့် လောကီ အာရုံတွေများပြားလာပြီး ကလေးများသည် သာသနာ့ဘောင် မပျော်ပိုက်ကြတော့ပါ။ ထို့ကြောင့် ကိုရင်ရှားပါးရခြင်းသည် ကလေးမွေးဖွားနှုန်း ကျဆင်းခြင်းနှင့် ရုပ်ဝတ္ထုများ တိုးတက်လာခြင်းတို့ကြောင့် ဖြစ်ပေသည်။
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ