" ရဠပါလသုတ္တန် "
ဆေး အင်မတန်ကောင်းတယ်။ ဘုန်းကြီးတော့ ဗုဒ္ဓဆေးကို အမျိုးမျိုးသောနည်းနဲ့ ပုထုဇဉ်ဘဝမှာသောက်သုံးနေတယ်။ တစ်နေ့မှာ ဒီဘဝကိုစွန့်ရမယ်။ စွန့်ရတဲ့အခါမှာ သာသနာတော်ရဲ့ထိပ်တန်းဖြစ်တဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော့ စိတ်တော်အစဉ် ဘယ်လိုနေပါလိမ့်မတုန်း၊ ရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံတော့ စိတ်တော်အစဉ် ဘယ်လိုနေပါလိမ့်မတုန်း၊ ရုပ်တော့ ဒုက္ခဘယ်လိုများ တွေ့ရပါလိမ့်မတုန်း။အရှင်မောဂ္ဂလန် ပရိနိဗ္ဗာန်စံခါနီးမှာ ရုပ်မှာဒုက္ခဘယ်လောက် တွေ့ရပါလိမ့်မတုန်း ဒါတွေ ဘုန်းကြီးကလေမကြာခဏလေ့လာတယ်။ ဘာကြောင့်လေ့လာတယ်။ဘုန်းကြီးဘဝပြောင်းရတော့မယ်ဆိုတော့ ဘယ်နည်းမှန်းမသိဘူး။အခုနေက တင်ကြိုလို့ဘယ်နည်းနဲ့မှမသိနိုင်ဘူး။ မသိနိုင်တော့ ဗြန်းခနဲ့ပဲဖြစ်ဖြစ်၊ ရောဂါဒဏ်နဲ့ပဲဖြစ်ဖြစ်၊တွေ့ရလို့ရှိရင် တချို့ရောဂါက ဗုဒ္ဓမြတ်စွာနဲ့ တူချင်တူမယ်။
ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓမြတ်စွာက ပရိနိဗ္ဗာန်စံခါနီးမှာ ဝမ်းတော်လားတော့ အားတော်နည်းနည်းသွားရာက နောက်ဆုံး ပရိနိဗ္ဗာန်စံရတဲ့အချိန် ရောက်လာတယ်။ ဒီတော့ ရောဂါဖြစ်လို့ရှိရင် ဗုဒ္ဓမြတ်စွာကို အောက်မေ့နေမယ်။ဗုဒ္ဓမြတ်စွာကိုသတိရနေမယ်။ ဗုဒ္ဓမြတ်စွာတောင်မှ ဒီရုပ်၊ ဒီနာမ်၊ ဒီခန္ဓာနဲ့တွေ့နေရတော့ ဒီဒုက္ခကမလွတ်ပါပဲလားလို့ သတိရပြီးတော့ ရောဂါဒဏ် ကိုခံမယ်လို့။
ဘုန်းကြီးကခုကတည်းက ဘယ်အချိန် ဘယ်ဆေးသောက်မယ်ဆိုတာ စဉ်းစားထားတယ်။ တစ်ခါ အရှင်သာရိပုတ္တရာပရိနိဗ္ဗာန်စံခါနီးကျတော့ သွေးတွေပွက်ပွက်အန်အန်ပြီးနေရာက နောက်ဆုံးအားတော်နည်းတော့ ပရိနိဗ္ဗာန်စံသွားတယ်။ ဘုန်းကြီးဘာနဲ့သေရမယ်ဆိုတာ မသိဘူးလေ။ အဲသလိုရောဂါဒဏ် အပြင်းအထန်ခံပြီးတော့သေရလို့ ရှိရင်လည်းပဲ အဲဒီချိန်မှာ ရှင်သာရိပုတ္တရာကိုတွေးနေမယ်။ ဒီရုပ်နာမ်ခန္ဓာနဲ့နေရတော့ကောရှင်သာရိပုတ္တရာ သက်သာသလား။ ဒီလိုတွေးနေမယ်။
ဘုန်းကြီးက ဘယ်လိုနည်းနဲ့သေရသေရ သေခါနီးသုံးဖို့ရာအတွက်ဆေးတွေ အဆင်သင့်ဆောင်ထားတယ်။ အရှင်မောဂ္ဂလန်ကျတော့ ရှေးတုန်းကဝဋ်ဆိုတာပါလာတော့ ရဟန္တာ ရဟန္တာဖြစ်တာတခြားပဲ၊တန်ခိုးကြီးတာ တန်ခိုးကြီးတာ တခြားပဲ ဝဋ်ကတော့ပါလာတာပဲ။
အရှင်မောဂ္ဂလန်လေ ခိုးသားငါးရာရိုက်လို့အရိုးကလေးတွေဆန်ကျိုးလေးတွေဖြစ်သွားတယ်။ အဲဒီဒဏ်နဲပဲ ပရိနိဗ္ဗာန်စံရတယ်။ အဲတော့ဘုန်းကြီးလည်း သူများနှိပ်စက်လို့ကွယ်လွန်ရလို့ ရှိရင်လည်းပဲ ရုပ်၊ နာမ်၊ ခန္ဓာရှိနေသမျှ အရှင်မောဂ္ဂလန်တောင်မှသူများလက်နက်ဒဏ်ကို ခံရသေးတာပဲ။ ငါကော ဘာမို့တုန်း ဟောသလိုတွေးပြီးတော့ ကျေကျေနပ်နပ်နဲ့ဝဋ်ကို ခံပြီးတော့ ဘဝကူးရမယ်လို့ဆေးတွေ အဆင်သင့်ပြင်ထားတယ်။ ဗုဒ္ဓမြတ်စွာလို ရောဂါဖြစ်လို့ရှိရင်လည်း ဗုဒ္ဓမြတ်စွာကိုအာရုံပြုပြီးတော့ ဘဝပြောင်းလိုက်မယ်။
အရှင်သာရိပုတ္တရာလို ရောဂါမျိုးဆိုလို့ရှိရင်လည်း အရှင်သာရိပုတ္တရာကို အာရုံပြုပြီးတော့၊ အရှင်မောဂ္ဂလန်လိုဒဏ်နဲ့ဆိုလို့ရှိရင်လည်း အရှင်မောဂ္ဂလန်ကို အာရုံပြုပြီးတော့ ရုပ်၊ နာမ်၊ ခန္ဓာရဲ့အပြစ်ကိုရှုပြီးတော့ ဘဝကူးရမှာပဲလို့အဆင်သင့် ဆေးတွေဆောင်ထားတယ်။ ပြင်ထားတယ်။
ဘုန်းကြီးတို့ တရားတော်တွေဟာ နည်းအမျိုးစုံနဲ့ ဆေးအမျိုးစုံဖြစ်နေတာပဲ အင်မတန်ကောင်းတယ်။တရားတော်တွေ အင်မတန်ကောင်းတယ်၊ ဒီလို နားလည်စေချင်တယ်။ သာသနာတော်ကို ကိုးကွယ်ရတာ ဘယ်လောက် စိတ်သက်သာရာရသလဲဆိုတာ။ သာသနာတော်ကို ကူညီထောက်ပံ့ပြီးနေရတယ်ဆိုတာ ကူညီထောက်ပံ့ပြီးနေရတာကတခြား တရားတွေသိပြီးနေတဲ့အတွက်ကြောင့် ဘဝကူခါနီးအထိတောင်မှ စိတ်တွေဘယ်လောက်သက်သာပြီးတော့ ဟိုဘဝရောက်တာတောင်မှ ဘယ်လောက်ရေလာမြောင်းပေးနိုင်သလဲလို့ ဘုရားကိုကျေးဇူးတင်လို့ တရားကိုကျေးဇူးတင်လို့ သံဃာတော်တွေကို ကျေးဇူးတင်လို့ ကြည်ညိုလို့။
ယခုတိုင်တောင် သာသနာတော်ကြီးကို မပျောက်ပျက်အောင် ဆောင်ရွက်ပြီး လာခဲ့တဲ့ ပုထုဇဉ်ပင်ဖြစ်သော်လည်း သီလရှိပြီးတော့ ဆရာတော်၊ သံဃာတော်တွေ ယခုအထိဆောင်ရွက်လာကြလို့ ဒီတရားတွေ သိပ်အားကိုးစရာကောင်းတယ်။ ဒီတရားတွေအတိုင်းနေလိုက်တဲ့အတွက်ကြောင့် အပြစ်ကင်းတယ်။ လောကမှာလည်းအပြစ်ကင်းတယ်။ သံသရာမှာလည်းအပြစ်ကင်းတယ်။ သုဂတိဘဝဆိုတာ လွယ်လွယ်ကလေးရနိုင်တယ်။ မဂ်ဖိုလ်နိဗ္ဗာန်လမ်းရောက်နေပြီ။ တရားတွေ သိပ်ကောင်းတာပဲ။
ရုပ်နာမ်တွေ သိပ်မြင်တာပဲဆိုတာ ဒီလိုဆောင်လာခဲ့ကြလို့။ အင်မတန်ကျေနပ်စရာကောင်းတယ်။အင်မတန် ကျေးဇူးတင်စရာကောင်းတယ်။ တရားတော်ကို အားကိုးရမယ်။ သူရော ကိုယ်ပါများပြားစွာသော ဤသတ္တဝါအပေါင်းကို တရွေ့တရွေ့ တနေ့နေ့နှင့် တငွေ့ငွေ့ပွားသဒ္ဓါတရားက၊ သေရခြင်းဟူသော မရဏသို့အမြဲပို့ဆောင် နေလေတော့၏။ ဝမ်းတွင်းပါ သဒ္ဓါက ရုပ်တရားက တဖြည်းဖြည်း ကလေးပဲဆိုအုံးတော့ တစ်နှစ်သားနဲ့ နှစ်နှစ်သား သေချာကြည့် နှစ်နှစ်သားရုပ်ကလေး နည်းနည်းရင့်လာတယ်။
တဖြည်းဖြည်းနဲ့ပိုရင့်လာတယ်။ သဒ္ဓါက အချိန်ရှိသ၍ မရဏသေသည်အထိအောင်ပို့ဆောင်နေပါလား။ အကြောင်းထူး ကံထူးမရှိလို့ရှိရင် တော်တော်ကြီးသည့်တိုင်သူလိုက်လာတာပဲ။ ပိုတော့ပိုနေတာပဲ သေအောင်။ အကြောင်းထူး ကံထူးရှိရင် ကြားမှာကိုသေတာပဲ။ ရှေးကံတွေက ပါလာတယ်။ သူရော ကိုယ်ပါသတ္တဝါအပေါင်းကို အိုခြင်းဆိုတဲ့အတွင်းက သဒ္ဓါတရားသည် သေခြင်းဆိုတဲ့မရဏတရားသို့ အမြဲကပ်ဆောင်၍နေတတ်လေ၏။
ဤသို့ အကျဉ်းချုပ်၍ တရားအမြွက်ကိုမြတ်စွာဘုရား၏ တရားဆေးကို အမြဲသောက်သုံး၍နေတဲ့ သူတော်ကောင်းသည် မပြတ်မလပ်သတိထား၍ အမြဲဆင်ခြင် စဉ်းစားထိုက်လေပေသည်။ ဘုန်းကြီးကလေ လူတွေကိုစဉ်းစားစေချင်တယ်။ ဘုန်းကြီးလည်း စဉ်းစားသလို စဉ်းစားစေချင်တာ။ သူရော ကိုယ်ပါများပြားစွာသော သတ္တဝါအပေါင်းသည် တကယ့်အရေး တကယ့်ဘေးတွင်တကယ့်အသွေး တကယ့်သားဟု အားထောက်လောက် စရာ တစ်စုံတစ်ယောက်မျှမရှိကြချေ။စင်စစ်ဧကန် ဘေးကိုပြန်၍ တွန်းလှန်ရုန်းကန် ပုန်းကွယ်စရာလည်းမရှိကြချေ။ သံဝေရစရာတယ်ကောင်းတယ်။
တကယ့်အရေးတဲ့ ဘာတုန်း အိုရေး၊ နာရေး၊ သေရေး။ အဲဒီအချိန်မှာတဲ့ တကယ်အားထားစရာမရှိပါဘူး။ တစ်ခါတစ်ခါ စစ်ကြီး အကြီးအကျယ်ဖြစ်လို့ သားတကွဲသမီးတကွဲ ဆွေတကွဲ မျိုးတကွဲကွဲရပေမယ်လို့ သူ့နည်းနဲ့သူနဲ့ ပြန်တွေ့အောင် ကြိုးစားလို့ အားထားလို့ ရသေးတယ်။အိုဘေးကြီးနဲ့ ကြုံလာလို့ရှိရင် ဘေးကနေကြည့်နေရတယ်။ တော်တော့်ကို မကျေနပ်စရာကောင်းတယ်။ ငါ့အဖေ၊ ငါ့အမေ၊ ငါ့ဆရာအိုပြီ။ မျက်စိတွေမွဲလာပြီ။ ဘယ်နှယ့်မှမတတ်နိုင်ဘူး။ မျက်မှန်တပ်တို့ဘာတို့။ ဒါလေးဖေးဖေးမမလေးပဲ တတ်နိုင်တာ။
ဆံပင်တွေ ဖြူလာပြီ။ဘယ်လိုမှမတတ်နိုင်ဘူူး။ အရေတွေတွန့်လာပြီ ဘယ်နှယ့်မှ မတတ်နိုင်ဘူး။လူငယ်တွေဖက်က လိုက်ကြည့်တော့လည်း ရဟန်းသံဃာတော်တွေ ဘုန်းကြီးက ဘယ်လောက်စောင့်ရှောက်ပါတယ်ဆိုလည်း တကယ့်အရေး နာဘေးကြုံလာ ဘုန်းကြီးမတတ်နိုင်ဘူး။ စောင့်ရှောက်ကြပါ။ ဆေးရပါစေ။ ဒါပဲတတ်နိုင်တယ်။ ဒါထက်ပိုပြီး မနာအောင်မတတ်နိုင်ဘူး။မိဘတွေ ကိုယ့်သားကိုယ့်သမီးအပေါ်မှာကိုယ့်အသက် နဲ့တန်းတူညီမျှ ချစ်ပါတယ်ဆိုပေမယ့် မတတ်နိုင်ဘူး။
တကယ့်အရေး တကယ့်ဘေးတွင် တကယ့်အသွေး တကယ့်အသားဟု အားထားလောက်စရာ တစုံတယောက်မျှမရှိကြချေ။ ဗုဒ္ဓမြတ်စွာက အင်မတန်လေးလေးပင်ပင်ရှိတယ်။ တကယ့်အရေးနော်စောစောကတည်းက အလေးထားကြ။ ဗုဒ္ဓမြတ်စွာရှေ့မှောက်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလန်အရင် ပရိနိဗ္ဗာန်စံပါတယ်။ ဗုဒ္ဓမြတ်စွာဘယ်လိုမှ မတတ်နို်င်ပါဘူး။ စင်စစ်ဧကန် ဘေးကိုပြန်၍ တွန်းလှန်ရုန်းကန်ပုန်းကွယ်စရာလည်းမရှိကြချေ။ ဤသို့အကျဉ်းချုပ်၍ တရားမြွက်ကို မြတ်စွာဘုရား၏ တရားတော်ကို အလွန်လေးစားတဲ့ သူတော်ကောင်းဟူသမျှတို့သည် နေ့စဉ်မပြတ် သတိထား၍ စဉ်းစားဆင်ခြင်ထိုက်လေသတည်း။
အားလုံးသတ္တဝါတွေ ငါ့မှာဆွေမျိုးညာတိ ဘယ်လောက်ရှိပေမယ့် အဲဒါတွေ မပိုင်ပါဘူး။ ငါ့မှာ စိမ်းစည်ဥစ္စာတွေဟာ လူ့အဆင့်တန်းလိုက်ပြီးထောင်ပေါင်း ဘယ်လောက်ရှိတယ် ရာပေါင်းဘယ်လောက်ရှိတယ် သိန်းပေါင်း ဘယ်လောက် ရှိတယ် ပြောပေမယ့် ပြောရရုံပါပဲ မသေခင်ကလေး သုံးနိုင်စွဲနိုင်ပါတယ်။ တကယ်သေတော့မယ်ဆိုတော့အဲဒီပစ္စည်းတွေ တစ်ခုမှ ကိုယ်ပိုင်မဟုတ်ဘူး။ အားလုံးစွန့်ခဲ့ရမယ်။ အဲဒိပစ္စည်းတွေ ကိုယ်ပိုင်မဟုတ်တဲ့အပြင် တစ်သက်လုံးယုယလာတဲ့ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်ပိုင်မဟုတ်တော့ဘူး။ ကိုယ့်ခန္ဓာကိုယ် ကိုယ်ပိုင်မဟုတ်တာကမှ သာပြီးတော့ဆိုးသေး။
ပစ္စည်းတွေ ကိုယ်ပိုင်မဟုတ်တာတော့ ကျန်တဲ့သူတွေ ထိန်းကြ၊သိမ်းကြ၊ စောင့်ရှောက်ကြ၊ သုံးစွဲကြ၊ ယူငင်ကြ။ဒီခန္ဓာကိုယ်ကြီး စွန့်လိုက်ပြီဆိုတော့ ဘယ်သား၊ ဘယ်သမီး၊ ဘယ်ဖ၊ ဘယ်မိ၊ ဘယ်ဆွေမျိုးကမှ သိမ်းဆည်းထားမယ်လို့မရည်ရွယ်ဘူး။ သိမ်းဆည်းလည်းမထားချင်ဘူး။ ဝတ်ကျေတန်းကျေ အိမ်ပေါ်မှာတေ့ာ သုံး၊ လေး၊ ငါးရက် ထားပါတယ်။ ဘုန်းကြီးတွေ ကျောင်းပေါ်မှာတော့ ထားပါသေးတယ်။
ဒါပေမယ့် သိမ်းဆည်းပြီးတော့ ဘယ်တော့မှမဖျက်ဘူး၊ ဘယ်တော့မှ မဖျောက်ဖျက်ဘူးလို့ဘယ်သူမှမရှိဘူး။ အကုန်လုံးလေ ပထမလွမ်းလို့ ငိုတယ်၊ ဒုတိယ တတိယငိုတယ်နောက်တော့ နည်းနည်းအနံ့တွေဘာတွေ ထွက်လာတယ်ဆိုတော့ တောရွာတွေဘာတွေမှာ မထားချင်တော့ဘူး။ ဗမာ့ထုံးစံတွေအရ ကြာကြာထားတယ်ဆိုတာ နောက်ဆုံး ကျေကျေနပ်နပ်စွန့်လိုက်နိုင်ဖို့အတွက် ရက်ရှည်ထားတာတဲ့။
ဘုန်းကြီးက မေးဖူးတယ် ဘာဖြစ်လို့ အဖိုးရယ် လူတွေဟာ ကြာကြာထားကြတုန်းဆိုတော့ ကွယ်လွန်ခါနီးတော့မပစ်ရက်သေးဘူးလေတဲ့။ နောက်တော့ ရက်ကလေးနည်းနည်းကြာလာတော့ ပစ်ကိုပစ်ချင်လာပြီ။ ပစ်ကိုပစ်ရက်လာပြီ။ အဲဒါကြောင့်မို့လို့ ရက်ကြာကြာထားတာပါလို့ အဖိုးကပြောခဲ့ဖူးတယ်ကိုး။ ဒါကြောင့် ဒီပြင့်ဥစ္စာတွေက ကိုယ်ပိုင်မဟုတ်ဘူးဆိုပေမယ့်နောက်က သိမ်းတဲ့သူတွေကသိမ်းဆည်းကြတယ် ယူရစ်ကြတယ်။ ကိုယ့်ကိုကိုယ် ကိုယ်ပိုင်မဟုတ်ဘူးဆိုတာကတော့အိမ်ပေါ်မှာ ထားခဲ့ရပေမယ့် နောက်လူတွေက မြတ်မြတ်နိုးနိုးကြာကြာကြီး သိမ်းမထားလိုကြဘူး။
သူ့အချိန်နဲ့သူ စွန့်ပစ်ဖို့ရန်ပဲ ရည်ရွယ်တယ်။ အဲတော့ ဘာမှကိုယ်ပိုင်မရှိပါပဲလား။ ဒီတရားဟာ အင်မတန်လေးလေးနက်နက် စဉ်းစားထားဖို့ကောင်းတယ်။ သူရော ကိုယ်ပါများပြားစွာကြောင်း ဤသတ္တဝါအပေါင်းသည် ကိုယ်ပိုင်ပြုစရာ တစ်ခုကမျှမရှိကြချေ။ သက်ရှိသက်မဲ့အလုံးစုံကို စွန့်ပစ်လျက် ကံ၏ညွန်းရာ မလွန်သာပဲ ဝန္တာကိုထမ်းပရမ်းပတာ မြန်းရရှာလိမ့်လတ္တံ့။
ဤသို့ အကျဉ်းချုပ်၍ တရားမြွက်ကို မြတ်စွာဘုရား၏ တရားတော်ကို အလွန်လေးစားတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် နေ့စဉ်မပြတ် သတိထား၍ စဉ်းစားဆင်ခြင်ထိုက်လှပေသည်။ အားလုံးသတ္တဝါတွေဟာလေ လိုနေတာပဲ။ ဘာပြီးတော့ ဘာလိုနေတယ်။ အဲဒီဟာများလာတော့ နောက်ထပ်လိုနေပြန်တယ်။ဘုန်းကြီးကသံဃာတွေများလာတော့ဘာလိုတယ်မလိုနဲ့ ဒီတရားနဲ့။ ဖြစ်ချင်သလိုဖြစ်လိမ့်မယ်။ သူ့ကံအားလျော်စွာဖြစ်လိမ့်မယ်။ ဘုန်းကြီးတို့တောင် ဘာလိုတယ်ဆိုတာ သတိကလေးက ရနေသေးတယ်။ လူဆိုတာတော့ မပြောနဲ့တော့ ဘာလိုသေးတုန်း။အိမ်လိုတယ်။ အိမ်သေးပြီးပြန်တော့ အိမ်ကောင်းကောင်း လိုတယ်။ အိမ်ကောင်းကောင်းပြီးပြန်တော့ တိုက်ကောင်းကောင်းလိုတယ်။ လိုလိုက်တာ နေစရာလည်း။စားစရာတွေက ဘာစားတယ် ဘာလိုတယ်။ ဝတ်စရာတွေက ဘာလိုတယ်။ လိုလိုက်တာ။ အဲဒီလို စားဝတ်နေရေး ပြည့်စုံပြီဆိုတော့ နှစ်သိမ့်မလားအောက်မေ့တော့ ထပ်ပြီးတော့ အပိုလိုချင်လာပြန်တယ်။
စားဝတ်နေရေးပြည့်စုံပြီ တင့်တင့်တယ်တယ်ဖြစ်နေပြီ ထပ်လိုချင်သေးတာပဲ။ဘယ်သူကလိုနေတုန်း။ ဝမ်းထဲက တဏှာကလိုနေတာ။ နွားခပ်ငယ်ငယ်တုန်းကအရာလေး ပါလာတဲ့နေရာ ဂြိုလ်ကောက်ကလေး နွးကြီးလေ ဂြိုလ်ရှည်လာလေ ဘုန်းကြီးတော့ ဗမာစကားကတော့ သံပရာသီးကြီးလေချဉ်လေ အဲသလိုပဲ လူတွေဟာလေ ပစ္စည်းဥစ္စာပေါများလာလေလိုချင်တဲ့ဟာတွေ ပေါ်လာလေပဲ။ ပိုပိုပြီးလိုချင်လာတယ်။ ပစ္စည်းဥစ္စာပေါများလာပေမယ့် နှစ်သိမ့်သွားလိမ့်မယ်မထင်နဲ့။ ပိုပြီး လိုချင်တယ်။ဘယ်ကလိုချင်တာတုန်း တဏှာကလိုချင်တာ။ တဏှာကလေ မီးလိုပဲ လောင်စာများလေ တောက်လေ နောက်ထပ်လောင်စာထည့်လေ တောက်လေ။
တဏှာကလည်းပဲလေ နောက်ထပ်လိုချင်တာတွေဟာ မီးလိုပဲတောက်ပြီး လိုလာတယ်။အဲတော့ ရှေ့ဆက်လျှောက်ပြီး တဏှာက ခိုင်းတဲ့အတိုင်း ဆက်အုံးဟေ့။ ဘာလိုသေးတုန်း တဏှာက ရှာပြန်ရော။ သိန်းပေါင်းတော့ ဘယ်လောက်ရှိနေပြီ။ နောက်ထပ်ဘယ်လိုရနိုင်သေးတယ် ရှာပြန်ရော တဏှာက။ အားလုံးကျွန်တွေ။ ဘယ်သူ့ကျွန်တွေလဲ တဏှာ့ကျွန်တွေ။ သခင့်ကျွန်မဟုတ်ဘူး တဏှာကျွန်။
လူ့ထဲမှာတော့ ဟုတ်တယ် သခင့်ကျွန်။ ရှင်ဘုရင်လည်းတဏှာကျွန်။ လူတိုင်းကို ကြည့်ပြီးတော့လေ ဒီနေရာမှာ ဗုဒ္ဓတရားတော်ကကောင်းလိုက်တာ။ ဒီတဏှာ အတိုင်းသာ ပစ်ထားမယ်ဆိုလို့ရှိရင် တမြေပြင်လုံးကိုယ်က အုပ်ချုပ်ပြီး တောနေ တမြေပြင်လုံးကိုယ်ပိုင် အားလုံးကိုယ့်ကျွန်ချည်းပဲ ပစ္စည်းဥစ္စာတွေ ကလည်းကိုယ်ပိုင်ချည်းပဲ။ အဲသလောက်များရရင် တင်းတိမ်မလားဆိုတော့ မတင်းသေးပါဘူးတဲ့။
တမြေပြင်လုံးရပြီးတဲ့အပြင် နောက်ထပ်လိုချင်သေးတယ်တဲ့။ တဏှာမီး ဘယ်လောက်တောက်သလဲ။ အဲတော့ ဗုဒ္ဓမြတ်စွာက တဏှာ မီးပျောက်အောင် ဘယ်လိုမိန့်တော်မူသလဲဆိုတော့ ဖိနပ်ချုပ်တဲ့သမားဟာ ဖိနပ်ကလေး သရေတွေအကြမ်းတွေနဲ့ဖိနပ်ဖြစ်အောင် ဘေးကချုပ်စရာရှိတာ ချုပ်တော့ဖိနပ်တော့ဖြစ်သွားပြီ။ ဖိနပ်ဖြစ်သွားပေမယ့် ဘေးမှာအစွန်းတွေကထွက်နေတယ်။ ကြည့်လို့မလှဘူး။ ထိပ်က၊ နောက်က၊ ဘေးက သရေစွန်းလေးတွေထွက်နေတယ်။
သရေစွန်းကလေးတွေ ဖယ်ပစ်လိုက်၊ လှီးပစ်လိုက်၊ ဖြတ်ပစ်လိုက် ကြည့်မကောင်းတာတွေ တိတိပစ်လိုက်တာ နောက်ဆုံးကျတော့ ဖိနပ်ကလေး အလှကလေးဖြစ်သွားတယ်။ အဲဒီလိုပါပဲတဲ့ လောကီအာရုံ ကာမဂုဏ်တို့တွင် အကြင်လောကီ အာရုံ ကာမဂုဏ်တို့ပယ်စွန့်နိုင်၏။ ထိုသို့ပယ်စွန့်နိုင်တဲ့အကျိုးကြောင့် ချမ်းသာသည် ပြည့်စုံ၍လာ၏တဲ့။မရှိတော့အေးသွားလိုက်တာ။
စွန့်ပစ် လိုက်တာကိုး ခုနကဖိနပ်ဘေးက အစွန်းတွေလှီးပစ်လိုက်သလို ဒါတော့ ပိုပါတယ်လေ။ ဒီပစ္စည်းကပိုပါတယ်လေဆိုပြီးတော့ လှီးလီီှးပစ်လိုက်တာ ဒီတော့ချမ်းသာတယ်။ ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်က ထီးနန်းစွန့်ပြီး တရားကျင့်တော် မူခဲ့တယ်။ အရှင်နန္ဒညီတော်ကို လက်ထပ်မယ့်ကိုစွန့်ပီး ရဟန်းပြုခိုင်းတယ်။ သားတော်ရာဟုလာ ၇ နှစ်သားလေးကို ထီးတွေနန်းတွေရမယ့် လမ်းရှိရဲ့ သားနဲ့ အဲဒါတွေစွန့်ပြီး ရှင်သာမဏေဖြစ်စေတယ်။ ဒါကြောင့် စွန့်ရင် ကောင်းတယ်။
နည်းနည်းစွန့်ရင် နည်းနည်းကောင်းတယ်။များများစွန့်ရင် များများကောင်းတယ်။ အကုန်လုံးစွန့်ထားတဲ့ ဘုရားကျတော့ အကုန်လုံးကောင်းတယ်။ အကုန်လုံးစွန့်ထားတဲ့ အရှင်ရာဟုလာလေးကတော့ အကုန်ကောင်းတာပဲ။ဘာဒုက္ခနဲ့မှ တသက်မတွေ့ဘူး ရှင်ရာဟုလာလေးကတော့။ ဒါကြောင့် သူရော ကိုယ်ပါများပြားစွာကြောင်း သတ္တဝါအပေါင်းသည် ဥစ္စာစိမ်းစည် ဂုဏ်သိမ်မောက်မိုး မည်မျှဖြိုးလည်း မတိုးမလျှံ အမှန်ပင်လျော့၍နေလေတော့၏။ တော်လောက်ပီအောက်မေ့၍ ရောင့်ရဲတင့်တိမ်ခြင်းမရှိကြချေ။
တဏှာစေရာ မနေသာပဲ ဖွေရှာဆက်သရသည့်ကျေးတော်မျိုး ကျွန်တော်မျိုးသည်သာသည် အကျင့်အုပ်၍ တရားမြွက်ကို ယုံကြည်ကိုးစား အားထားသော သူတော်ကောင်းသည် နေ့စဉ်မပြတ်သတိထား၍ စဉ်းစားဆင်ခြေထိုက်လှပေသည်။
ဆရာတော်အရှင် ဇနကာဘိဝံသ တရားတော်ကို နာကြားရေးသားပူဇော် ကုသိုလ်ယူပါသည်
မေတ္တာဖြင့် ရွှေရည် ကူးယူပူဇော်ပါသည်
ဓမ္မ ပန်းများအစဉ်မွှေးကြပါစေ