အမှန်တရားကို သတ္တိရှိရှိ လက်ခံလိုက်ပါ။
❖ ကိုယ့်ကိုချစ်တဲ့သူကတောင် ကိုယ့်ကို စိတ်ချမ်းသာမှုအပြည့်အဝ တကယ်မပေးနိုင်ဘူး။ မျှော်တော့ မျှော်လင့်ကြတာပဲနော်။❖ သူနဲ့ ငါနဲ့ သိပ်ချစ်တာ။ ငါတို့နှစ်ယောက်အိမ်ထောင်ပြုလိုက်လို့ရှိရင် ဟိုပုံပြင်ထဲကလို They live happily ever after. သူတို့ ပျော်ရွှင်စွာ တစ်သက်လုံးနေကြလေသတည်း ဆိုပြီး ဇာတ်လမ်းကဆုံးသွားရော။ အခု ဒီအထဲမှာ အိမ်ထောင်ကျပြီးတော့ နှစ်ပေါင်း ၃၀, ၄၀ ထိအောင်နေလာတဲ့လူတွေ အများကြီးရှိမှာပါ။ They live happily ever after. ဖြစ်တဲ့လူ တစ်ယောက်လောက် နှစ်ယောက်လောက် လက်ညှိုးလေးထောင်စမ်းပါ။ မရှိပါဘူးနော်။ ပျော်တဲ့အခါ ပျော်တယ်။ စိတ်ညစ်တဲ့အခါ ညစ်တယ်။
❖ တစ်ချို့ကျဘယ်လိုပြောလဲဆိုတော့၊ အိမ်ထောင်ပြုလိုက်မိတာ မှားတာပဲ။ ခဏခဏပြောတယ်။ စိတ်ချမ်းသာမှုကို ဘယ်သူကမှပေးနိုင်မှာမဟုတ်ဘူးဆိုတာကို လက်ခံလိုက်ပါ။ ကိုယ့်ကိုယ်ကို ညာမနေပါနဲ့။ ညာနေလို့ရှိရင် မျှော်လင့်နေဦးမယ်။ မျှော်လင့်နေလို့ရှိရင် ဘာဖြစ်မလဲဆိုတော့ ကိုယ့်စိတ်ကိုကိုယ်ချမ်းသာအောင် သတိပဌာန်တရား၊ ဝိပဿနာတရားတွေ အားထုတ်ပြီးတော့ ပစ္စပ္ပန်တည့်တည့်ကို စိတ်ကိုထားတတ်အောင် ကြိုးစားမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကိုပျော်ရွှင်မှု သူများကပေးမှာပဲဆိုပြီး မျှော်လင့်နေဦးမှာနော်။
❖ အလုပ်အကိုင်ကြီးကြီး ရာထူးကြီးကြီးရှိရင် စိတ်ချမ်းသာမယ်လို့ထင်တယ်နော်။ (အလုပ်အကိုင်ကြီးကြီးလုပ်တာ ကောင်းပါတယ်) အခု စင်္ကာပူမှာ အလုပ်အကိုင်ကြီးကြီး၊ ရာထူးကြီးကြီး တော်တော်များများရပ်သွားပြီ။ ကုမ္ပဏီတစ်ချို့ပိတ်သွားပြီ။ စိတ်မချရပါဘူးနော်။ ဘယ်အခြေအနေမှ မမြဲဘူး။
❖ အများကြီးစုဆောင်းထားတာရှိရင် မပူရတော့ဘူးလို့ ထင်ကြတာပဲ။ စားဖို့တော့ မပူရတော့ဘူးဆိုတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူဆိုတာ စားနေရရုံနဲ့ စိတ်ချမ်းသာမှာမဟုတ်ဘူး။ ကိုယ့်အရည်အချင်းကိုသုံးနေရမှ စိတ်ချမ်းသာတယ်။ တန်ဖိုးရှိတဲ့အလုပ်တစ်ခုခုကိုလုပ်နေရမှ စိတ်ချမ်းသာတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါမှာ ကိုယ့်အတွက်တင်မကဘူး၊ ကိုယ့်မိသားစုအတွက်တင်မကဘူး၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကောင်းတဲ့အလုပ်တွေကိုလုပ်ပေးနေရမှ စိတ်ပိုချမ်းသာတယ်။ ဒါကြောင့် အမှန်တရားကို သတ္တိရှိရှိလက်ခံလိုက်ပါ။ အမှန်တရားကိုလက်မခံသေးဘဲနဲ့ ခဏပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေနောက်ကို အရူးအမူးလိုက်နေလို့ရှိရင် အခုလည်း မကြာမကြာ စိတ်ဓာတ်ကျတဲ့ရောဂါ ဖြစ်မယ်။ ငယ်တုန်းကတော့ ဖြစ်လိုက်ပျောက်လိုက် ဖြစ်လိုက်ပျောက်လိုက်နဲ့ နေသွားမှာပဲ။ ဒါပေမယ့် တချိန်ကျရင်တော့ မပျောက်တော့တဲ့အဆင့်ကို ရောက်သွားမှာပဲ။ ● ပစ္စုပ္ပန်မှာနေတတ်အောင် ကြိုးစားပါ။ ●
❖ အရင်တုန်းကတော့ အနောက်နိုင်ငံကစိတ်ရောဂါကုဆရာဝန်ကြီးတွေ ဘယ်လိုယူဆလဲဆိုတော့ လူတစ်ယောက် စိတ်ဓာတ်ကျတဲ့ရောဂါဖြစ်လာရင် ဆရာဝန်ကိုပြလိုက်လို့ရှိရင် ဆရာဝန်က သောက်ဆေးတွေပေးလိုက်ရင် အဲဒီရောဂါပျောက်သွားမယ်လို့ ဆရာဝန်တွေကိုယ်တိုင်က ယုံကြည်တယ်။ စိတ်ဓာတ်ကျနေတဲ့လူကို သူတို့က Psychotheraphy နည်းနဲ့ စိတ်ကိုပြင်ပေးနိုင်လို့ရှိရင် အဲဒီလူဟာ စိတ်ဓာတ်ကျတဲ့ရောဂါပျောက်သွားမယ်လို့ သူတို့ယုံကြည်ကြတယ်။ အခု သူတို့ကိုယ်တိုင်ဝန်ခံလာပြီ။ မရပါဘူးတဲ့။ ပျောက်ဖို့က ဆေးနဲ့လည်းမရနိုင်ဘူး။ Psychotheraphy နည်းနဲ့လည်း မရနိုင်ပါဘူး။ ခဏပဲသက်သာတယ်။ တကယ်မပျောက်ပါဘူးတဲ့။
❖ အခုအနောက်နိုင်ငံမှာ သုတေသနတွေ အများကြီးလုပ်ပါတယ်။ အဲဒီလိုသုတေသနတွေလုပ်နေတဲ့ပညာရှင်တစ်ချို့နဲ့ ဘုန်းကြီးသိပါတယ်။ ဘုန်းကြီးရဲ့တပည့်တွေထဲမှာ မိတ်ဆွေတွေထဲမှာ အမေရိကန်က Clinical Psychologist တွေ အများကြီးရှိတယ်။ Clinical Psychologist ဆိုတာ ရောဂါပိုင်းဆိုင်ရာစိတ်ပညာရှင်ကို ခေါ်တာပါနော်။ Psychotherapist တွေလည်း ဘုန်းကြီးနဲ့သိတဲ့လူတွေထဲမှာ အများကြီးရှိပါတယ်။ သူတို့ကိုယ်တိုင်လည်း မြန်မာပြည်ကိုလာပြီး ဝိပဿနာတရားကို နှစ်ရှည်လများအားထုတ်တယ်။ တစ်ချို့ဆိုရင် လေးငါးခြောက်နှစ် အားထုတ်တာရှိတယ်။ အခုတော့ သူတို့နိုင်ငံသူတို့ပြန်သွားပြီးတော့ သူတို့အလုပ်ကို သူတို့ဆက်လုပ်ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းကအမေရိကရောက်တော့ သူတို့နဲ့တွေ့တယ်။ ဒီအကြောင်းတွေလည်း အများကြီးဆွေးနွေးပါတယ်။ သူတို့ကိုလည်းမေးကြည့်တယ်။ သူတို့လုပ်နေကျအလုပ်ဖြစ်တဲ့ စိတ်ရောဂါကုတဲ့အလုပ်ကိုတော့ သူတို့ လုပ်နေတုန်းပါပဲ။ သူတို့ဆီကိုရောက်လာတဲ့ စိတ်ရောဂါဝေဒနာရှင်တွေကို သူတို့က သတိပဌာန်တရားအားထုတ်နည်း သင်ပေးတယ်။ သတိနဲ့နေဖို့၊ အတိတ်၊ အနာဂါတ်ကို သိပ်မတွေးဖို့။သတိနဲ့နေလို့ရှိရင် စိတ်က နည်းနည်းအနားရတယ်။ ပစ္စုပ္ပန်မှာစိတ်ကိုထားပြီးတော့ လုပ်နေတဲ့အလုပ်ကလေးကို သိပြီးတော့ မှတ်ပြီးတော့ လုပ်ဖို့။ နေ့စဉ်မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တရားထိုင်ဖို့ကို သူတို့ကိုသင်ပေးတယ်။
❖ Psychotherapist တစ်ယောက်ဆိုရင် ဘယ်လောက်ထိအောင်ပြောသလဲဆိုတော့ သူ့ဆီကိုလာတဲ့လူနာကို သူက တရားအားထုတ်နည်းသင်ပေးလိုက်တယ်။ နောက်တစ်ပတ်ကျရင် တစ်ခေါက်ပြန်လာရမယ်။ နောက်တစ်ပတ်ပြန်လာတဲ့အခါ သူကမေးတယ်။ အိမ်မှာ တရားထိုင်ဖြစ်သလားလို့မေးတဲ့အခါမှာ တစ်ချို့လူနာတွေကတော့ ပြောတဲ့အတိုင်း အိမ်မှာတရားထိုင်ပါတယ်။ တခြားအချိန်မှာလည်းပဲ ဘာပဲလုပ်လုပ် လုပ်တဲ့အလုပ်တွေကို မှတ်ပြီးတော့ သိပြီးတော့ လုပ်ပါတယ်တဲ့။
❖ တစ်ချို့လူနာတွေကျတော့ မထိုင်ဖြစ်ပါဘူး စသည်ဖြင့်ပေါ့ အဲဒီလိုပြောတယ်။ အဲဒီ Psychotherapist က အိမ်မှာတရားမထိုင်ဘူးဆိုရင် နောက်ထပ်လာနေဖို့ မလိုတော့ပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့… စိတ်ရောဂါပျောက်အောင် ဆရာဝန်တစ်ယောက်တည်းမတတ်နိုင်ပါဘူး။ ရောဂါပျောက်ချင်ရင် ကိုယ်ကိုယ်တိုင်က ပစ္စုပ္ပန်မှာနေတတ်အောင် ကြိုးစားပါ၊ အားထုတ်ပါတဲ့။ ကိုယ်ကိုယ်တိုင်က ပစ္စုပ္ပန်မှာနေနိုင်ဖို့ မကြိုးစားချင်ဘူးဆိုရင်တော့ ဆရာဝန်ကို ရာခိုင်နှုန်းပြည့်အားကိုးတဲ့စိတ်နဲ့ မလာပါနဲ့တဲ့။ အဲဒါကို သူ ပြတ်ပြတ်သားသားပြောလိုက်တယ်နော်။
❁ လောကဓံကာကွယ်ဆေးက ဘယ်လိုလုပ်ထိုးမှာလဲ?
❖ အခုအနောက်နိုင်ငံမှာ တရားနဲ့စိတ်ရောဂါကုတဲ့နည်းကို နာမည်တစ်ခုပေးထားတာ ရှိတယ်။ ဘုန်းကြီးတော့ အင်မတန်ကြိုက်ပါတယ်။ Mindfulness Orientated Psychotheraphy သတိပဌာန်တရားနဲ့စိတ်ရောဂါကုတဲ့ကုထုံးတဲ့။ သတိပဌာန်တရားမှာအခြေခံပြီးတော့ စိတ်ရောဂါကုတဲ့ကုထုံး။ သူတို့ သဘောပေါက်လာပြီ။ သတိပဌာန်တရားဟာ စိတ်ရောဂါသက်သာတယ်နော်။ သတိပဌာန်တရားကို တကယ်နေ့စဉ်အားထုတ်နေလို့ရှိရင် ခဏစိတ်ညစ်တာတော့ရှိမယ်။ ဒါပေမဲ့ စိတ်ညစ်တာကြီးမပျောက်တော့ဘူးဆိုတာတော့ မရှိတော့ဘူး။ ပျောက်သွားမှာပဲ။
❁ တဖြည်းဖြည်း သတိပဌာန်တရားအားထုတ်ရင်းနဲ့ ဒီရုပ်တရား၊ နာမ်တရားဆိုတာကို အမှန်အတိုင်းမြင်လာမယ်။
❁ သူ့သဘောကို သူဆောင်နေတယ် ဆိုတဲ့သဘောကိုလည်းပဲ မြင်လာမယ်။
❁ မမြဲဘူးဆိုတာကိုလည်း မြင်လာမှာပဲ။ ပြီးတော့ ဘယ်အရာကမှ စိတ်ကို အမြဲတမ်း ချမ်းသာမှု၊ကျေနပ်မှု မပေးနိုင်ပါဘူးဆိုတာကိုလည်း မြင်လာမှာပဲ။ အဲဒါကိုမြင်ပြီးတော့ အေးအေးဆေးဆေး ဉာဏ်နဲ့လက်ခံလိုက်ပါ။ အဲဒီလိုလက်ခံနိုင်တဲ့လူဟာ ခံနိုင်ရည်ရှိသွားပြီ။ ဘာနဲ့တူသွားလဲဆိုတော့ ကျောက်ရောဂါကာကွယ်ဆေးထိုးသလို ထိုးလိုက်တာပဲ။ ဘုန်းကြီးငယ်ငယ်က ကျောက်ရောဂါကာကွယ်ဆေး ထိုးပေးနေတယ်လို့ကြားရင် ခဏခဏသွားထိုးတယ်။ ထိုးပြီးပြီ။ ဒါပေမယ့် ကာကွယ်ဆေးထိုးပေးနေတယ်လို့ကြားရင် သွားထိုးသေးတာပဲ။ အခုလည်း အသည်းဘီပိုးကာကွယ်ဆေး ထိုးပြီးပြီ။ ငါးနှစ်ကြာတော့ တစ်ခါထပ်ထိုးရဦးမယ်ဆိုတာနဲ့ တစ်ခါထပ်ပြီးတော့ထိုးပြန်ပြီ။ ကာကွယ်ဆေးထိုးဦးမှဖြစ်မယ်နော်။ ဒါပေမယ့် လောကဓံ ကာကွယ်ဆေးက ဘယ်လိုလုပ်ထိုးမှာလဲ။ လောကဓံကာကွယ်ဆေးက ဝိပဿနာနဲ့မှပဲ ရပါတယ်။ တခြားနည်းနဲ့ မရပါဘူး။ အဲဒါကို လေးလေးနက်နက်သဘောပေါက်ဖို့ အင်မတန်အရေးကြီးပါတယ်။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
Credit --- Nai BoBo