Monday, June 11, 2018

" အယူအဆတွေ မှားနေကြတယ် "

" အယူအဆတွေ မှားနေကြတယ် "

ခန္ဓာကိုယ်က အမြဲတမ်းဖောက်ပြန်ပြောင်းလဲ ပျက်စီးနေတာ။ လုပ်နေတဲ့အလုပ်တွေကလည်း အများအားဖြင့် သမုဒယတွေ မများဘူးလား။ အဲဒီသမုဒယတွေများတာကို နိဗ္ဗာန်ရောက်ကြောင်း အောက်မေ့နေတယ်။ ကိုယ်လုပ်နေတာ သမုဒယလုပ်နေတာ။ ကိုယ်လုပ်နေတာ အကုသိုလ်ကများများ။ ကုသိုလ်ကနည်းနည်းပါးပါး။ ညဘက်ဆို သြကာသ သြကာသ ဘာညာလုပ်လိုက်ပါတယ်။ တစ်ခါတစ်ရံပေါ့။


 တစ်နာရီပြည့်အောင် မထိုင်နိုင်ပါဘူး။ နာရီဝက်လောက်နဲ့ အိပ်ငိုက်ပြီး ထိုးလဲသွားတာ။ တစ်ချိန်နှစ်ချိန်တောင် မချိမဆံထိုင်နေရတာ။ အဲဒါတောင်မှပဲ ကိုယ်လုပ်တဲ့အလုပ်ကို နိဗ္ဗာန်ရောက်မယ် အောက်မေ့နေတာ။ ကိုယ်လုပ်ထားတာ သမုဒယတွေကများ။

တစ်နေ့(၂၄)နာရီမှာ နာရီ(၂၀)လောက်က ဒုက္ခရောက်ကြောင်းတွေပဲလုပ်နေတာ။ နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂသစ္စာကို တစ်နာရီ နှစ်နာရီလောက်တောင်ပဲ မနည်းလုပ်နေရတယ်။ အဲဒီကြားထဲလည်း တရားတွေက အမျိုးမျိုးပေါ်နေတယ်။ တစ်နေ့တစ်ချိန်နှစ်ချိန်ထိုင်လည်းပဲ နိဗ္ဗာန်ရောက်ပါတယ်။ တချို့ဆရာကြီးတွေကလည် အဲဒီလိုပြောတာကိုးဗျ။

ဦးပဥ္ဇင်းတို့ ဘယ်ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ် မဆိုလိုပါဘူး။ မြတ်စွာဘုရားဟောထားတဲ့ တရားသဘောပြောတာနော်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးတို့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးတို့မိန့်တာက " မင်းတို့တောက်လျှောက်မှတ်ကြ။ ဒါလေးကတော့ အရေးမကြီးပါဘူး မလုပ်နဲ့။

အဲဒါလေးကလည်း အရေးကြီးပါတယ် " သဲအင်းဂူဆရာတော်ဘုရားကြီးလည်း တောက်လျှောက် အသုဘနှလုံးသွင်းဖို့ဟောသွားတာပဲ။ စွန်းလွန်းဆရာတော်ဘုရားကြီး တရားခွေလည်း နာကြည့်ပါဗျာ။ တောက်လျှောက်အားထုတ်ဖို့တွေ မမိန့်ကြားဘူးလား။

" မိန့်ကြားပါတယ်ဘုရား "

 အဲဒါတကယ် ရ' ထားတဲ့ ဆရာတော်ဘုရားကြီးတွေ။ အဲဒါ ဟန်ဆောင်ပန်ဆောင် ရ ' ထားတာမဟုတ်ဘူး။ အဲဒီဆရာတော်ဘုရားကြီးတွေရဲ့ စကားကျတော့ နားမထောင်ဘူး။ ဒီပြင့်ဟာတွေ တကယ်မရတဲ့ဟာတွေရဲ့ စကားကိုတော့ လျှောက်နားထောင်တယ်။

 တရားဆိုတာ - ကြိုးစာပါမှ တန်ကာလောက်ကျတာဗျာ။ ကိလေသာဆိုတာ အင်မတန် အရှိန်အဟုန်ကောင်းတာ။ အရှိန်အဟုန်ကောင်းတဲ့ ကိလေသာကို ကိုယ်က တစ်နေ့မှ တစ်ကြိမ်နှစ်ကြိမ်လောက်ထိုင် တော်ရောပေါ့တဲ့။ သူဘာသာသူ မထိုင်နိုင်လို့ မလုပ်နိုင်တာထားပေါ့။ လုပ်နိုင်တဲ့သူက တစ်နေ့လုံး လုပ်ရမှဗျ။ သာသနာတော်ကြီး ထားခဲ့တယ်ဆိုတာ- " ကိလေသာ " ကို တိုက်ခိုက်ဖို့ထားခဲ့တာ။

 ဆွမ်းလေး သင်္ကန်းလေးကပ်ပြီးတော့ နတ်ပြည်ကို ဆုတောင်းဖို့ထားခဲ့တာ မဟုတ်ဘူး။ သာသနာ့ဘောင်ဝင်တဲ့ ပုဂ္ဂိုလ်တွေလဲပဲ ဓုတင်တွေဆောင်ပြီး တအားကြိုးစားဖို့ အခွင့်အရေးရအောင် ဆွမ်းခံစား။ ဆွမ်းခံစားတော့ အလုပ်နည်းသွားတာပေါ့ဗျာ။ စိုက်ဦး ပျိုးဦး မွေးမြူဦးဆို ဘယ်နဲ့လုပ်မလဲ အလုပ်တွေရှုပ်ကုန်မှာ။ ရောင်းဦး ဝယ်ဦး လုပ်ဦး အင်မတန်အလုပ်ရှုပ်တာပဲ။

 ကားမောင်းတဲ့ သူကလည်း မောင်းဦး ပြင်ဦး အလုပ်ရှုပ်တာပဲ။ အဲဒါတွေလုပ်နေရတော့ ဝိပဿနာလုပ်ဖို့အချိန်က နည်းမသွားဘူးလား။ အဲဒီလို အချိန်နည်းမှာစိုးလို့ မြတ်စွာဘုရားက သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့ ဆွမ်းခံစားပြီးတော့ အားထုတ်ခိုင်းတာ။ တရားအားထုတ်တဲ့ အချိန်များများရအောင်လို့ မြတ်စွာဘုရားက ဟောခဲ့တဲ့ဟာကို တစ်ချိန်နှစ်ချိန် ထိုင်ပြီးရောတဲ့။ ငါးပါးမှောက်ကော အဲဒါ။ သေသေချာချာ မှတ်ထား။ တစ်ချိန်နှစ်ချိန်ထိုင်ပြီးရောဆိုရင် ငါးပါးမှောက်ပြီလို့သာမှတ်တော့။ အဲဒါကုသိုလ်မရဘူးလို့ ဦပဥ္ဇင်းတို့ မပြောပါဘူး။ ပုဂ္ဂိုလ်ကို မုန်းလို့လည်း မဟုတ်ပါဘူး။

ရသင့်ရထိုက်တဲ့ ပုဂ္ဂိုလ်တွေ မရမှာစိုးလို့ အယူမှားသွားမှာ စိုးလို့။ ဗုဒ္ဓဘာသာကနေ ဒီပြင်ဘာသာပြောင်းသွားမှ အယူမှားတယ် အောက်မေ့နေတာ ဗုဒ္ဓဘာသာထဲမှာကို မှားနေတာအများကြီးပဲ။ အုန်းသီးတွေ ငှက်ပျောသီးတွေနဲ့ ဒန့်ဒန့်ဒန့်လုပ်နေတာတွေ မရှိဘူးလား။ အဲဒါအမှားတွေပေါ့ဗျာ။ ဒန့်ဒန့်ဒန့်နဲ့ လုပ်ကြပါဦး ကိုင်ကြပါဦး အဖေကြီးတွေ အမေကြီးတွေ မ ' ကြပါဦးဆိုတာ အယူမှားနေတာပေါ့ဗျာ။

ဒါန သီလ ဘာဝနာကျတော့ သေသေချာချာမလုပ်ဘဲနဲ့ အရုပ်ပေါင်း သောင်းခြောက်ထောင်ကို သရဏံဂစ္ဆာမိတွေ လုပ်နေကြတယ်။ " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " မကတော့ဘူး။ အရုပ်ပေါင်းသောင်းခြောက်ထောင်ကို သရဏံဂစ္ဆာမိ လုပ်နေတာတွေ မများဘူးလား။ " များပါတယ်ဘုရား " ကိုယ်လုပ်ရမဲ့ အလုပ် ဒါန သီလ သမထ ဝိပဿနာကို ကြိုးစားရမှာ။

 ကိုယ့်အလုပ်ကိုယ်လုပ်မှ ရသင့်ရထိုက်တဲ့တရားတွေ ရကြမှာ။ အဲဒီတော့ ဗုဒ္ဓဘာသာထဲမှာကိုပဲ အယူမှားနေတာတွေ ရှိသေးတယ်။ " တစ်နေ့ တစ်ချိန် နှစ်ချိန်ထိုင်၊ ပြီးရော " ဆိုတော့ - အဲဒါ သေတာပဲ။ လုပ်ချင်ပါရက်သားနဲ့ တချို့အယူအဆတွေ မှားပြီးတော့ မလုပ်ဖြစ်တော့ဘူး။

ဒီလောက်ဆိုရပါပြီဆိုပြီး လုပ်ပစ်လိုက်တယ်။ သူတော်ကောင်းတို့တရားဆိုတာ လက်တွေ့လုပ်ဖူးတဲ့သူတွေ သိတာပဲ။ တစ်နေ့လုံးလုပ်တာတောင်မှ ချက်ချင်း တရားတက်ရဲ့လား။ " မတက်ပါဘူးဘုရား " (၁၀)ရက် (၁၅)ရက်၊ ရက်(၂၀)တစ်လ ဒီလိုတောက်လျှောက်လုပ်နေတာ။ ဆွမ်းစားတဲ့အချိန်မှာတောင်မှ ပြင်ဆင်ပေးတာ။ လက်ဆေးစားရုံပဲ။

 ရိပ်သာတွေမှာ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး တည်ထောင်ထားတဲ့ ရိပ်သာတွေမှာ လက်ဆေးစားရုံပဲ။ လက်ဆေးပြီးတော့ တရားနာလိုက် တရားအားထုတ်လိုက်နဲ့ (၇)ရက် (၈)ရက်တောင်မှပဲ တချို့သမာဓိရရဲ့လား။ " မရပါဘူးဘုရား " ဒါဖြင့် တစ်နေ့တစ်ချိန်နှစ်ချိန်ထိုင် ရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မဂ်ဉာဏ် ဖိုလ်ဉာဏ်တော့မရဘူး။

ကုသိုလ်လောက်တော့ ရတာပေါ့။ ကုသိုလ်မရဘူးလို့ မပြောပါဘူး။ ကုသိုလ်ကတော့ ဘုရားရှိခိုးလည်း ကုသိုလ်ရတာကိုးဗျ။ အခုပြောတာက မဂ်ဉာဏ် ဖိုလ်ဉာဏ် ရစေချင်လို့ပြောတာ။ အဲဒါ ပေါ့ပေါ့ဆဆမလုပ်ကြနဲ့။ တချို့ကျတော့လည်း စတုတ္ထစျာန်ရမှ ဝိပဿနာအားထုတ်လို့ရတယ်လို့ဆိုပြန်တယ်။ စတုတ္ထစျာန်မရရင် ဝိပဿနာအားထုတ်လို့ မရဘူးထင်နေဦးမယ်။

 စတုတ္ထစျာန်မရဘဲ … ခဏိကသမာဓိနဲ့ ဝိပဿနာအားထုတ်လို့ မဂ်တွေ ဖိုလ်တွေ ရသွားတာအများကြီးရှိတယ်။ အစွန်းမရောက်ဖို့လိုတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်ပါရက်သားနဲ့ အယူအဆတွေ မှားနေမှာစိုးလို့ ပြောနေတာ။ တကယ်ရထားတဲ့ ဆရာတော်ဘုရားကြီးတွေရဲ့ အခွေကို နာပါ။ စွန်းလွန်းဆရာတော်ဘုရားကြီးတို့၊ ဝေဘူဆရာတော်ဘုရားကြီးတို့၊ သဲအင်းဂူဆရာတော်ဘုရားကြီးတို့၊ မိုးကုတ်ဆရာတော် ဘုရားကြီးတို့၊ မဟာစည်ဆရာတော်ဘုရားကြီးတို့၊ ချမ်းမြေ့ဆရာတော်ဘုရားကြီးတို့ရဲ့ အလုပ်ပေးတရားတွေကို နာပါ။

နာပြီးတော့ အဲဒီအလုပ်ပေးတွေက ညွှန်ပြတဲ့အတိုင်း တရစပ်(၂၄) နာရီကို အိပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်မှာ ရှုမှတ်ပွားများနေရမယ်။ အဲဒီလိုရှုမှတ်ပွားများတာတောင်မှပဲ ကိလေသာတွေက အင်မတန်အားကောင်းတဲ့အခါကျတော့ ကိလေသာတိုက်ခိုက်မှုအောက်မှာ ကျသွားတာတွေ အများကြီးပဲ။ သူသူငါငါ ဟောတဲ့သူလဲပါတာပဲ။ အကုန်လုံးကျတာ။ အနမတဂ္ဂသံသရာကစပြီး သူတို့ချည်းပဲ လွှမ်းမိုးလာတော့ သူတို့ချည်းပဲ အနိုင်ရတာ။ စိတ်ကိုခိုင်းချင်တိုင်းခိုင်းတာ။ ပကတိစိတ်က သူတို့ရဲ့ကျွန်ဖြစ်နေတယ်။ သူတို့ခိုင်းတာလုပ်နေရတာ။ အဝိဇ္ဇာခိုင်းတာလုပ်ရတယ်။ တဏှာခိုင်းတာလုပ်ရတယ်။ သူသူငါငါတွေကြည့်ပါလား။ ဘုရားခိုင်းတာကို မလုပ်ဘူး။ ကိလေသာခိုင်းတာပဲ လုပ်နေကြတာ။

 အဲဒါစစ်ပွဲက မတိုက်ခင်ကတည်းက တောက်လျှောက်ရှုံးနေတယ်။ ဟိုးအနမတဂ္ဂသံသရာကတည်းက အဝိဇ္ဇာတဏှာက ငယ်နိုင်ဖြစ်နေတာ။ နည်းနည်းမှကို မတွန်းလှန်နိုင်ဘူး။ အဲဒီလောက်နိုင်နေတဲ့ အဝိဇ္ဇ တဏှာကိုများဗျ ပေ့ါပေါ့ဆဆလေး လုပ်နေတယ်။ တချို့များ သင်တန်းလေးတက်ပြီး သောတာပန်ဖြစ်သလိုလိုနဲ့။

 တချို့ကျတော့လည်း တရားအားထုတ်တာ - (၇)ရက်လောက် (၁၅)ရက်လောက်ကလေးနဲ့ သောတာပန်ဖြစ်သလိုလို သူတို့ကို သူတို့ ထင်တဲ့သူက ရှိသေးတယ်။ မဖြစ်ဘူး။ အပါယ်တံခါးတွေက ဟောင်းလောင်းပွင့်နေတယ်မှတ်ထား။ ကိလေသာက သူတို့ကို တိုက်ခိုက်မယ်ကြံလို့ရှိရင် အစပိုင်းမှာထဲက တစ်ခါတည်း ထိုးစစ်ဆင်ပစ်လိုက်တာ။ တစ်ခါတည်းရှုံးကုန်ရော၊ ဘာတွေနဲ့ ထိုးစစ်ဆင်သလဲဆိုတော့ မာရ်နတ်ရဲ့တပ်မကြီး ဆယ်တပ်ရှိတယ်။

စိတ်ကို ညစ်ညူးအောင် စိတ်ကိုမသန့်ရှင်းအောင် ကိလေသာတွေနဲ့ ထုံးမွှမ်းပြီးတော့ အမှန်တရားမသိအောင် သူတို့က အင်မတန်အားကောင်းတဲ့ တပ်ကြီးတွေနဲ့တိုက်ပစ်တာ။ ဥပမာ - သူတော်ကောင်းတို့က ဥပုသ်လေးဘာလေးစောင့်ပြီး တရားလေးဘာလေးအားထုတ်မယ်ဆိုရင် ပထမဦးဆုံး ကာမတပ်ကို လွှတ်လိုက်တယ်။ ကာမတပ်ဆိုတာ ကာမဂုဏ်တွေပေါ့။ ပစ္စည်းတွေ ရာထူးတွေ ဂုဏ်သိန်တွေ အကျော်ဇောတွေ မက်မောစရာတွေပေါ့ဗျာ။ ။ ။ ။ ။ ။

 📖 မဂ်ဉာဏ် ဖိုလ်ဉာဏ်ရနိုင်ပါရက်သားနဲ့ အယူအဆတွေ မှားနေမှာစိုးလို့ပြောတာ။ 📖 တချို့ကျတော့ တရားအားထုတ်တာ - (၇)ရက်လောက် (၁၅)ရက်လောက်ကလေးနဲ့ သောတာပန်ဖြစ်နေသလိုလို သူတို့ကို သူတို့ ထင်တဲ့သူက ရှိသေးတယ်။ မဖြစ်ဘူး။

 📖 အပါယ်တံခါးတွေက ဟောင်းလောင်းပွင့်နေတယ်။

📖 တချို့ကျတော့လည်း စတုတ္ထစျာန်ရမှ ဝိပဿနာအားထုတ်လို့ရတယ်လို့ ဆိုပြန်တယ်။ စတုတ္ထစျာန်မရရင် ဝိပဿနာအားထုတ်လို့မရဘူး ထင်နေဦးမယ်။ 📖 စတုတ္ထစျာန်မရဘဲ ခဏိကသမာဓိနဲ့ ဝိပဿနာအားထုတ်လို့ မဂ်တွေ ဖိုလ်တွေ ရသွားတာအများကြီးရှိတယ်။ 📖 " အစွန်းမရောက် " ဖို့လိုတယ်။



မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

(လိမ္မော်ခြံ၊ တိုက်ကြီး) - ရေးသားတော် မူခဲ့သော - " စိတ်ကိုဆုံးမ ချမ်းသာရ " စာအုပ်မှ

Khät Hätüň - ရေးသား ပူဇော်သည်။