Tuesday, June 5, 2018

အတိတ်၊ အနာဂတ်ကာလကို ၀ိပဿနာ ရှုပွားပုံ

အတိတ်၊ အနာဂတ်ကာလကို ၀ိပဿနာ ရှုပွားပုံ

ဒီနည်းက ဖားအောက်တောရ ဆရာတော် ဖန်တီးထားတဲ့နည်းလည်းမဟုတ်ပါ၊ ဆရာကြီး ဒေါက်တာမင်းတင်မွန်က ညာဏ်ကွန့်မြူးပြီး ရေးထားတဲ့နည်းလည်း မဟုတ်ပါ။ ပိဋကတ်သုံးပုံထဲမှာ ဘုရားဟောထားတာကို ဖားအောက်တောရ ဆရာတော်ကြီးက ကိုယ်တိုင်လည်း အားထုတ်ခဲ့ပြီး တပည့်သာဝကတွေကိုလည်း သင်ပေးနေတဲ့ နည်းသာဖြစ်တယ်။


Facebook မှာ တရားဆွေးနွေးရင်း အကြောင်းတိုက်ဆိုင်တော့ ဖားအောက်တောရ ယောဂီတွေ အတိတ်အနာဂတ် ရှုတဲ့အကြောင်းပါလာလို့ ဒါကို လက်မခံနိုင်သူတဦးက ခနဲ့သလိုလို ရွဲ့သလိုလို လာဆွေးနွေးပြီး နောက်ပိုင်း အပြန်အလှန် ဆွေးနွေးရင်း ဒီပို့စ်ပါ အချက်အလက် အကြောင်းအရာတွေကို အဲဒီဆွေးနွေးတဲ့ ဓမ္မမိတ်ဆွေတွေရဲ့ မှတ်ချက်တွေထဲကပဲ ရရှိလိုက်ပါတယ်။

ပိဋကတ်သုံးပုံ သုတ္တန်ပိဋကတ်၊ သံယုတ္တနိကယ် (ခန္ဓဝဂ္ဂ) သံယုတ်ထဲမှာ အသျှင်ကပ္ပကို မြတ်စွာဘုရားက ဟောကြားတဲ့အထဲမှာ ကိလေသာက လွတ်မြောက်အောင် ရှုရမည့်တရားတွေထဲမှာ အတိတ်အနာဂတ်ကလာမှာ ဖြစ်တဲ့ ရုပ်နာမ်ဖြစ်ပျက်မှုကိုပါ သိအောင်ရှုရမယ် ဆိုတဲ့ ဟောထားချက်အပါအဝင် တခြားသုတ္တန်အဘိဓမ္မာတွေထဲမှာ ဘုရားဟောထားတဲ့အချက်တွေကို ကျွန်မတို့ကသာ အခုမှကြားဖူး၊ နာဖူး ဖတ်ဖူးသလို ကြားရပြီးလက်မခံတဲ့သူတွေကလည်း ငြင်းနေဆဲ ဖြစ်ပေမဲ့ တကယ်တော့ ဖားအောက်တောရမှာ ဒါကိုအောင်မြင်စွာ ရှုပွားနိုင်နေတာ ကြာပြီဖြစ်တယ်။

ကျွန်မရဲ့ တရား မှတ်စု ထဲမှာလည်း ဆရာတော်ဘုရား ဟောထားချက် တချို့ကို တခြားအကြောင်းအရာတွေနဲ့ အတူ တင်ထားတာ ရှိပါတယ်။ ဒါမေပဲ့ ဆရာတော်က ဒီအကြောင်းကို သီးသန့်ဟောတာမဟုတ်ဘဲ အကြောင်းတိုက်ဆိုင်လို့ ပြောပြသွားတာ၊ မေးခွန်းတွေကို ဖြေရင်းအလျဉ်းသင့်လို့ ထည့်သွင်းပြောကြားထားတာကို ပြန်ကောက်နှုတ်ထားတာသာ ဖြစ်တယ်။

 အခု ဒီပို့စ်မှာ ဆရာကြီးဒေါက်တာမင်းတင်မွန်က အတိတ်၊ အနာဂတ် ဘယ်လိုရှုရတယ်ဆိုတာ ပိုမိုအသေးစိတ်ကျကျနဲ့ ရှင်းရှင်းလင်းလင်း ရေးထားတာကို ဆရာကြီးရေးတဲ့အတိုင်း ပြန်ရိုက်ပြီး ဖေါ်ပြလိုက်ပါတယ်။ ဆရာကြီးရေးတဲ့ စာသားတွေကို အတိတ်၊ အနာဂတ်ရှုတဲ့ သက်သေအဖြစ် လာတင်ပေးတဲ့ အသျှင် Vi Na Ya နှင့် ပိဋကတ်သုံးပုံထဲက အချက်အလက်ကို လာထည့်ပေးတဲ့ Ba La၊ တရားဆွေးနွေးဖြစ်တဲ့ ပို့စ်ကိုတင်သူ ကို Aung Khant Maw နဲ့ တရားဆွေးနွေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပို့စ်က ကျွန်မအတွက် ‘ကာလေန ဓမ္မသာကစ္ဆာ ဧတံမဂ္ဂလ မုတ္တမံ’ နည်းနဲ့ ရတဲ့ပို့စ် ဖြစ်တယ်။

 ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော် … ဖားအောက်တောရ ဆရာတေ်ဘုရားကြီးနဲ့ ဆရာကြီးဒေါက်တာမင်းတင်မွန် သက်တော်ရာကျော်တိုင်အောင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ သာသနာပြုနိုင်ပါစေ… ( Nge Naing – 25/02/17) အနတ္တဒေသနာနှင့် ၀ိပဿ နာ ( စာမျက်နှာ ၇၂ မှ ၇၉ အထိ)

သမာဓိယှဉ်သော စိတ်၏စွမ်းရည်သည် အံ့သြဖွယ်ရာကောင်းလှ၏။ ပုဗ္ဗေနိ၀ါသာနုဿ တိ အဘိညာဉ်ဖြင့် အတိတ်ဘဝများစွာကို ရှုနိုင်ကြောင်းနှင့် အနာဂတံတ အဘိညာဉ်ဖြင့် အနာဂတ်ဘဝ များစွာကို သိမြင်နိုင်ကြောင်းကို ဖေါ်ပြခဲ့ပြီးလေပြီ။ ၀ိပ ဿနာဘာဝနာ ရှုပွားရာတွင် အဘိညာဉ်အဆင့်ထိ တက်လှမ်းရန် မလိုအပ်ပါ။ သမ္မာသမာဓိနှင့် ယှဉ်သော ဘာဝနာစိတ်ဖြင့် အဇ္ဈတ္တ (အတွင်း) နှင့် ဗဟိဒ္ဓ (အပြင်) တို့၌ ရုပ်နာမ်တရားများ ဖြစ်ပျက်နေခြင်းကို ရှုမြင်ပြီးသော ယောဂီသည် သူ၏ရုပ်နာမ် ဖြစ်ပျက်အစဉ်ကို အတိတ်ဘက်သို့လည်းကောင်း၊ အနာဂတ်ဘက်သို့လည်းကောင်း လိုက်ရှုနိုင်ပါသည်။

ဤသို့ရှုနိုင်သောနည်းကို သံယုတ္တနီကယ် ခဇ္ဇနိယသုတ်၌ လမ်းညွှန်ထားပြီးလျှင် ဖားအောက်တောရ ရိပ်သာများ၌ လက်တွေ့ရှုနေကြပါသည်။ ဖားအောက်တောရ ရိပ်သာများ၌ ရုပ်နာမ်အဖြစ်အပျက်ကို မိမိခန္ဓာဟူသည့် အဇ္ဈတ္တ၌လည်းကောင်း၊ သူတပါးခန္ဓာ ဟူသည့် ဗဟိဒ္ဓ၌လည်းကောင်း ရှုပွားပြီးသော ယောဂီသည် ဘုရားစင်တွင် ဖယောင်းတိုင်နှင့် ပန်းနံသာဆက်ကပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်၏။ ထိုအခိုက်၌ မိမိခန္ဓာ၌ ဖြစ်နေသော ရုပ်နာမ်များကို ရှုမှတ်ထား၏။ ထို့နောက် ဓမ္မာရုံသို့သွား၍ တခြားယောဂီများနှင့်အတူ တရားရှု၏။ သူသည် ရထားပြီးသည့် ဈာန်သမာဓိကို ထူထောင်ပြီးလျှင် ဈာန်မှထွက်ပြီးလျှင် မိမိခန္ဓာ၌ ဖြစ်ပေါ်နေသော ရုပ်နာမ်ကို ရှုပွား၏။ ထို့နောက် ရုပ်နာမ်အဖြစ်အပျက် အစဉ်ကိုလိုက်ကာ အတိတ်ဘက်သို့ ရှုသွား၏။ စောစောက ဘုရားစင်တွင် ဆီမီးနှံသာ လှူဒါန်းနေသည့်အခိုက်သို့ ရောက်သောအခါ သူရှုမြင်ရသော ရုပ်နာမ်တရားတို့သည် စောစောက သူရှုမြင်ခဲ့ရသည့် ရုပ်နာမ်တရားများနှင့် တူညီနေလျှင် အနီးကပ်ရုပ်နာမ််များကို ရှုမြင်နိုင်ပြီ ဖြစ်သည်။

 ထို့နောက် ရုပ်နာမ် ဖြစ်ပျက်အစဉ်ကို အတိတ်သို့လိုက်၍ ရှုသွားကာ အမိဝမ်းကြာတိုက်တွင် ပဋိသန္ဓေတည်နေသည့်အခါ ဖြစ်ပျက်နေကြသော ရုပ်နာမ်တရားကို သူရှုပွား၏။ ထို့ကြောင့် ပစ္စုပ္ပန် အကျိုးငါးပါးဖြစ်သည့် ပဋိသန္ဓေစိတ် (၀ိညာဏ်)၊ ယှဉ်ဘက်စေတသိက် (နာမ်) ပသာဒရုပ်များနှင့်တကွ ကမ္မဇ (ရုပ်)၊ အတွင်း အယတနခြောက်ပါး (သဠာယတန)၊ အပြင်အာရုံနှင့် ထိတွေ့မှု (ဖဿ )၊ ခံစားမှု (ဝေဒနာ) တို့ကို ရှုမြင်နိုင်၏။

 ထို့နောက် အတိတ်ဘဝ၌ ဖြစ်ပျက်နေသော ရုပ်နာမ် ဖြစ်ပျက်အစဉ်ကို တဖန်လိုက်၍ ရှုခြင်းခြင့် ထိုအတိတ်ဘဝတွင် အရေးကြီးသည့် ဖြစ်ရပ်များနှင့် ပြုလုပ်ခဲ့သော ကံတရားများကို ရှုမြင်လာ၏။ သူ၏အတိတ်ဘဝကိုပါ မြင်တွေ့ရပြီးလျှင် ၎င်းဘဝမှ သေဆုံးခါနီးအချိန်တွင် ထင်လာသည့် မရဏသန္နနိမိတ်ကိုပါ မြင်ရ၏။ ဤမရဏသန္နနိမိတ်၌ ကံတရား (သင်္ခါရ) နှင့် (လက်ရှိ) ပစ္စုပ္ပန်ဘဝကို ဖြစ်စေသည့် ကံသတ္တိ (ကမ္မဘဝ) တို့ကို ရှုမြင်နိုင်၏။ မရဏသန္နနိမိတ် ထင်ချိန်ဝန်းကျင်တွင် ဖြစ်နေသည့်စိတ်တို့မှ ကံပြုစေသည့် တွန်းအားများဖြစ်ကြသော အဝိဇ္ဖာ၊ တဏှာ၊ ဥပါဒါန်တို့ကိုလည်း ရှုမြင်နိုင်ပါသည်။

 ဥပမာ ဆွမ်းလှူစဉ် 'အမျိုးသားဖြစ်ရပါလို၏' ဟု ဆုတောင်းခဲ့လျှင် အမျိုးသားရှိသည်ဟု အသိမှားခဲ့လျှင် အဝိဇ္ဇာ၊ အမျိုးသားဘဝကို လိုချင်ခြင်းသည် တဏှာ၊ စွဲလန်းခြင်းသည် ဥပါဒါန်တို့ ဖြစ်ကြ၏။ ဤအဝိဇ္ဇာ၊ တဏှာ ဥပါဒါန်တို့သည် အလှူဒါနကောင်းမှု ဖြစ်စေသည့် တွန်းအားများဖြစ်ကြ၏။

 ဘာဝနာရှုသူသည် ဤသို့ဆုတောင်းခဲ့ခြင်းကို ပြန်ရှုနိုင်၏။ ထို့နောက် ရှုမြင်ခဲ့သော အတိတ်အကြောင်းငါးပါးဟူသော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတို့ကြောင့် ပစ္စုပ္ပန်အကျိုးငါးပါး ဟူသည့် ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ၊ ဝေဒနာ ဖြစ်သည် မဖြစ်သည်ကို ရှု၏။

ထိုအတိတ်အကြောင်းတို့ကြောင့် စောစောက ရှုခဲ့မြင်ခဲ့သည့်အတိုင်း ပစ္စုပ္ပန် ရုပ်နာမ်အကျိုးငါးပါး ဖြစ်ပေါ်နေသည်ကို ရှုမြင်ရလျှင် အကြောင်းကျိုးဆက်နွယ်မှု မှန်ကန်၏။ ထိုအတိတ်ဘဝသည် မိမိ၏၏ အတိတ်ဘဝဖြစ်ကြောင်း ပြန်လည်ခံစားရပေ၏။ ထို့နောက်တဖန် ယောဂီသည် ပထမအတိတ်ဘဝ၏ ရုပ်နာမ်ဖြစ်ပျက်အစဉ်ကို အတိတ်ဘဝဘက်သို့ လျှောက်လိုက်၍ ထိုအတိိတ်ဘဝ၏ ပဋိသန္ဓေစိတ်၊ ယှဉ်ဘက်စေတသိက်များ၊ ကမ္မဇရုပ်များ၊ သဠာယတန၊ ဖ ဿ ၊ ဝေဒနာတို့ကို ရှု၏။

ထိုပထမ အတိတ်ဘဝ၏ ပဋိသန္ဓေစိတ်မှတဆင့် အတိတ်ဘဝဘက်သို့ ဆက်ရှုသွားလျှင် ဒုတိယအတိတ်ဘဝကို မြင်ရ၏။ ထိုဒုတိယအတိတ်ဘဝ၏ ရုပ်နာမ် ဖြစ်ပျက်အစဉ်ကို တဖန်လျှေက်လိုက်၍ ထိုဒုတိယအတိတ်ဘဝ သေခါနီးအချိန်္ပ ထင်လာသည့် မရဏသန္နနိမိတ်မှတဆင့် ပထမအတိတ်ဘဝကို ဖြစ်စေသော သင်္ခါရနှင့် ကံသတ္တိ၊ ထိုကံကို ဖြစ်စေသော တွန်းအားဖြစ်စေသည့် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ကိုလည်း ဆက်ရှု၏။

 ထိုဒုတိယအတိတ်ဘဝတွင် ထူထောင်သော ဒုတိယအတိတ် အကြေင်းငါးပါးကြောင့် စောစောက ရှုခဲ့သည့် ပထမအတိတ်ဘဝ အကျိုးငါးပါး ဖြစ်ပေါ်လာကြောင်းကို ရှုမြင်ရလျှင် ဒုတိယအတိတ်ဘဝနှင့် ပထမအတိတ်ဘဝတို့ကို အကြောင်းကျိုးဆက်စပ်၍ ရှုမြင်နိုင်ပြီ ဖြစ်၏။ ဤနည်းအတိုင်း ဆက်ရှုခြင်းဖြင့် တတိယအတိတ်ဘဝနှင့် ဒုတိယအတိတ်ဘဝတို့ကို အကြောင်းကျိုးဆက်စပ်၍ ရှုနိုင်ပါသည်။ ထို့နောက် ယောဂီသည် ပစ္စုပ္ပန်ဘဝနှင့် အနာဂတ်ဘဝတို့၏ အကြောင်းကျိုးဆက်နွယ်မှုကို ဆက်ရှုနိုင်ရန်အတွက် မြတ်စွာဘုရားအား ဆွမ်းကပ်၍ နတ်သားဖြစ်လိုကြောင်း ဆုတောင်းသည်ဖြစ်အံ့၊ ထိုဆွမ်းကပ်နေသည့် အခါ၌ဖြစ်ပေါ်သည့် သင်္ခါရနှင့်ကံတို့ကို ရှုမှတ်၏။

တဖန် နတ်သားဖြစ်လိုသည်ဟု ဆုတောင်းရာ၌ နတ်သားဘဝ ရှိသည်ဟု အသိမှတ်မှားခြင်းသည် အဝိဇ္ဇာ၊ နတ်သားဘဝကို လိုခြင်ခြင်းသည် တဏှာ၊ စွဲလန်းခြင်းသည် ဥပါဒါန်၊ တို့ကြောင့် ပစ္စုပ္ပန်ဘဝ၏ အကြေင်းငါးပါးဖြစ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတို့ကို ရ၏။ ထို့နောက် ယောဂီသည် အလင်းရောင် တောက်ပစူးရှစွာ ထွက်သည့်အထိ သမာဓိကို ကောင်းစွာထူထောင်ပြီးလျှင် ပစ္စုပ္ပန်ဘဝ အကြောင်းငါးပါးကြောင့် အနာဂတ်ဘဝ ဖြစ်သည်မဖြစ်သည်ကို စူးစိုက်ရှု၏။

သူဆုတောင်းခဲ့သည့်အတိုင်း အနာဂတ်ဘဝဖြစ်သည့် နတ်သားဘဝကို ထင်ထင်ရှားရှား မြင်ရလေ၏။ ထိုနတ်သားဘဝ၏ ပဋိသေန္ဓေစိတ် (၀ိညာဏ်)၊ ယှဉ်ဘက်စေတသိက်များ (နာမ်)၊ ကမ္မဇရုပ် (ရူပ)၊ အတွင်းအယနခြောက်ပါး (သဠာယတန) ဖဿ ၊ ဝေဒနာတို့ကို ဆက်ရှု၏။ သို့ဖြစ်၍ ပထမ အနာဂတ်ဘဝ အကျိုးငါးပါးဖြစ်သော ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ၊ ဝေဒနာတို့ကို သိရှိပေပြီ။

ပစ္စုပ္ပန်ဘဝ အကြောင်းငါးပါင်းကြောင့် ပထမအနာဂတ်ဘဝ အကျိုးငါးပါး ဖြစ်နေသည်ကို သူဆက်လက်၍ ရှုနေရလျှင် အကြောင်းအကျိုး ဆက်စပ်မှု မှန်ကန်၏။ ထို့နောက် ပထမအနာဂတ်ဘဝ အကြောင်းငါးပါးနှင့် ဒုတိယအနာဂတ်ဘဝ အကျိုးငါးပါးတို့၏ အကြောင်းကျိုး ဆက်နွယ်မှုကို အလားတူ သူဆက်ရှု၏။ နောက်ထပ် အနာဂတ်ဘဝကို မမြင်ရတော့သည်အထိ ဆက်ရှု၏။

 ထို့ကြောင့် ယခုအခါ ယောဂီသည် သူ၏အတိတ်သုံးဘဝ၊ ပစ္စုပ္ပန်ဘဝနှင့် အနာဂတ်ဘဝများကို အကြောင်းငါးပါးကြောင့် အကျိုးငါးပါး ဖြစ်သည့်နည်းဖြင့် အကြောင်းကျိုးစပ်၍ အောင်မြင်စွာ ရှုပွားနိုင်ခဲ့ပေပြီ။ အတိတ်ဘဝတွင် အကြောင်းငါးပါးကို ထူးထောင်ခဲ့ခြင်းကြောင့် ပစ္စုပ္ပန်ဘဝတွင် အကျိုးငါးပါးကို ခံစားရ၏။

ပစ္စုပ္ပန်ဘဝတွင် အကြောင်းငါးပါးကို ထူထောင်ပြန်သဖြင့် အနာဂတ်အကျိုးငါးပါးကို ခံစားရပေအံ့။ အကြောင်းတပါးကြောင့် အကျိုးတပါး ဖြစ်ခြင်း ရုပ်နာမ်အစဉ်အတန်း ပဋိစ္စသမုပ္ပါဒ် ဒေသမာတော်၏ အကြောင်းတပါးကြောင့် အကျိုးတပါး ဖြစ်ပုံကို စာမျက်နှာ ၆၃-၆၄ တွင် ဖေါ်ပြခဲ့၏။ တဖန်ထပ်မံ၍ ယောဂီသည် မိမိ၏ အတိတ်သုံးဘဝ ပစ္စုပ္ပန်ဘဝနှင့် အနာဂတ်ဘဝများ၏ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်နွယ်မှုများကို အကြောင်းတပါးကြောင့် အကျိုးတပါး ဖြစ်သည့်နည်းဖြင့်လည်း ဆက်ရှု၏။ ထင်ရှားစွာ မြင်သိအာင် ရှုပြီးသည့်အခါ အတိတ်သုံးဘဝမှ နောက်ဆုံး အနာဂတ်သို့တိုင် နာမ်ရုပ်တရားများအကြောင်း ဆက်စပ်ကာ ဖြစ်ပျက်ကြသည့် အစဉ်အတန်း တခုလုံးကို ယောဂီဉာဏ်တွင် ရှုမြင်နေရပေ၏။

သို့ဖြစ်၍ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုင်ရာ ယုံမှားသံသယ (၁၆) ပါးနှင့် ဖန်ဆင်းရှင် အတ္တရှိသည်ဟူသော အယူမှားများ၊ အကြောင်းမရှိဘဲ ဘဝဖြစ်သည့် ကံ-ကံ၏အကျိုးမရှိ သေလျှင် ဘဝပြတ်သည် စသည့် အယူမှားများ အားလုံးကို ဖယ်ရှားနိုင်ပါတော့သည်။

ထို့ကြောင့်ယောဂီသည် ကင်္ခါရဝိတရဏ ၀ိသုဒ္ဓိစခန်းသို့ ကောင်းစွာ တက်လှမ်းနိုင်ခဲ့ပေပြီ။ ယုံမှားသံသယများကို ဖယ်ရှား၍ စိတ်ဖြူစင်ခြင်းဟူသည့် ကင်္ခါ၀ိတရဏဝိသုဒ္ဓိုစခန်းသို့ ဆိုက်ရောက်ကြောင်းမှတ်တိုင် ဖြစ်သည့်ဉာဏ်သည် "ရုပ်နာမ်များကို ဖြစ်စေသော အကြောင်းတရားများကို ကောင်းစွာ ရှုမြင်သုံးသပ်နိုင်သည့်ဉာဏ် (၀ါ) နာမရူပ ပစ္စယပရိဂ္ဂဟဉာဏ်" ဖြစ်ပါသည်။ ၀ိပ ဿ နာ ဘာဝနာ၏ အခြေခံဉာဏ်နှစ်ပါးကို မှန်ကန်စွာ ထူထောင်နိုင်ရန် အရေးကြီးပုံ ၀ိပ ဿ နာဘာဝနာ ရှုပွားရန်အတွက် အလွန်အရေးကြီးသည့် အခြေခံဉာဏ်နှစ်ပါးတို့သည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် နာမရူပ ပရိစ္စယပရိဂ္ဂဉာဏ်တို့ ဖြစ်ပါသည်။

 နာမရူပပရိစ္ဆေဒဉာဏ်သည် စိတ်တလုံးစီ စေတသိက်တလုံးစီနှင့် ပရမတ်ရုပ်တပါးစီကို ၎င်းတို့၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အသီးသီးဖြင့် ပိုင်းပိုင်းခြားခြား မြင်သိအောင် ရှုပွားရသော ဉာဏ်ဖြစ်သည်။ လက္ခဏ = အကြောင်းအမှတ်အသား ရသ = ကိစ္စဆောင်ရွက်မှု ပြည့်စုံခြင်းဂုဏ် ပစု္စပဋ္ဌာန် = ကိစ္စဆောင်ရွက်မှု၏အကျိုး ယေဂီဉာဏ်တွင် ရှုမြင်ပုံ ပဒဋ္ဌာန် = ဖြစ်ပေါ်ရန် အနီးကပ်အကြောင်းတရား ပရမတ်တရားများနှင့် နာမ်တရားများကို တလုံးချင်း ဉာဏ်ဖြင့်ခွဲခြမ်း မရှုမြင်ဘဲ ပညတ်ခန္ဓာကိုယ်ကိုကြည့်၍ လက်ကိုကွေးနေတာကို ကြည့်၍ ကွေးတာကရုပ် သိတာကနာမ်လို့ ရှုရုံမျှဖြင့် ဤဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်) ကိုမရနိုင်ပါ။ အသံတသံကို ကြားသည့်အခါ ကြားသည်ကရုပ်၊ ကြားသိတဲ့စိတ်က နာမ်လို့မှတ်ယူယုံမျှဖြင့် ပရမတ်နာမ်များကို သိရှိသည်ဟု မဆိုနိုင်ပါ။ ပညတ်ကို ရှုရုံသာ ဖြစ်ပါသည်။ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသည့် ရုပ်ကလာပ်များကို ဦးစွာမြင်တွေ့အောင် ရှုပြီးလျှင် ရုပ်ကလာပ်တခုစီ၌ ပါဝင်ကြသည့် ပထဝီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ဇိ၀ိတရုပ်၊ စက္ခုပသာဒရုပ် စသည့်ပရမတ်ရုပ်တရားများကို တခုစီ ဉာဏ်ဖြင့် ထိုးထွင်းရှုမြင်ပြီးလျှင် ပရမတ်ရုပ်တပါးစီကို ၎င်း၏လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်နည်းတို့ဖြင့် ပိုင်းပိုင်းခြားခြား မြင်သိအောင် ရှုနိုင်ပါမှ ပရမတ်ရုပ်များကို ပိုင်းပိုင်ခြားခြား မြင်သိသည့်ဉာဏ်ဖြစ်သည်။

Bibliography ဒေါက်တာမင်းတင်မွန် (2016).

အတိတ်နှင့် အနာဂတ်ကလာကို ၀ိပဿ နာရှုပုံ (Pp72-79).

အနတ္တဒေသနာနှင့် ၀ိပဿ နာ(1st Ed). မြမွန်ရတနာစာပေ.

 မြန်မာနိုင်ငံ. သာသနာရေးဦးစီးဋ္ဌာန (၂၀၁၁). ကပ္ပသုတ် (Pp 29-30). သံယုတ္တနီကာယ် (ခန္ဓဝဂ္ဂ) သံယုတ်ပါဌိတော် မြန်မာပြန် (တတိယတွဲ). သာသနာရေး ဦးစီးဌာန. မြန်မာနိုင်ငံ.