Saturday, June 9, 2018

သမာဓိဖြင့်အတိတ်ကိုရှုပုံ

သမာဓိဖြင့်အတိတ်ကိုရှုပုံ

 ● ကသိုဏ်း(၁၀)ပါး သမာပါတ်ရှစ်ပါး ကို ကျေပွန်နိုင်းနင်းအောင်ပွားများထားသော သူတော်ကောင်းအနေဖြင့် အတိတ်ကိုသော်လည်းကောင်း အနာဂတ်ကိုသော်လည်းကောင်း ရှုပွားနိုင်ပေသည် ။ သို့ရာတွင် ကသိုဏ်း ၊ မေတ္တာစျာန် စသည်တို့အား ပွားများထားသော သူတော်ကောင်းအနေနှင့် အတိတ်ကိုဉာဏ်အစဉ်တို့စေလွတ်ကာ မည်သို့ရှုပွားရမည်ကို သိသော်လည်း ၊ သမာဓိမရသေးသောသူ ၊ သမာဓိတစ်ခုခုထူထောင်၍ နိမိတ်စရခါစသူ၊ စျာန်သမာဓိကိုအခြေခံကျကျ မသင်ထားသူတို့ဖို့ သိနိုင်မည်မဟုတ်ပေ ။


အာနာပါနကမ္မဋ္ဌာန်း၌ မိမိရရှိထားသော နိမိတ်အား အရောင်အားနှလုံးမသွင်းရ ၊ ပုံသဏ္ဍာန်အား မကစားရ ဟုဆိုသည်နှင့် အညီ အလင်းကို အတိတ်စသည်တို့အား စေလွတ်ကာ ရှုပွားရမည်ကားမဟုတ်ပေ ။ မိမိရရှိထားသော အားကောင်းသော နိမိတ်၏ အကူအညီဖြင့် အတိတ်စသည်တို့အား ဉာဏ်အစဉ်နှင့် ရှုပွားရပေမည် ။ အထူးသဖြင့် ပဋိစ္စသမုပ္ပါဒ်ပိုင်း သည် ရုပ်နာမ်ပရမတ်တရားတို့၏ ကြောင်းကျိုးဆက်နွယ်မှုကို ရှုပွားရမည်ဖြစ်၍ ရုပ်နာမ်ပရမတ်တရားတို့ကို ဟုတ်တိုင်းမှန်စွာသိရှိဖို့ရန် အထူးပင်လိုအပ်ပါတယ် ။

သမုဒယသစ္စာဟူသည်

ဘုရားရှင်သည် အဘိဓမ္မာဝိဘင်းပါဠိတော် (အဘိ၊၂၊၁၁၂-၁၁၈)၌ ၁။ တဏှာကို သမုဒယသစ္စာဟုလည်းကောင်း၊ ၂။ တဏှာနှင့် တကွသော ကိလေသာ အားလုံးကို သမုဒယသစ္စာဟု လည်းကောင်း၊ ၃။ အကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း၊ ၄။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံယူရာ ဖြစ်သော သံသရာဝဋ်ကို လည်ပတ်စေတတ်သော အလောဘ အဒေါသ အမောဟ ဟူသော ကုသလမူလတရား သုံးပါးကို သမုဒယသစ္စာဟု လည်းကောင်း၊ ၅။ အကုသိုလ်ကံမှန်သမျှနှင့် သံသရာဝဋ်ကို လည်ပတ်စေတတ်သော အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်ကံမှန်သမျှကို သမု- ဒယသစ္စာဟုလည်းကောင်း၊ ဤသို့လျှင် သမုဒယသစ္စာကို ငါးနည်းခွဲခြား၍ ဟောကြားထားတော်မူ၏။ ထို့ကြောင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးက အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏။

 ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရား

တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တ္တိ သစ္စ္စဝိဘင်္ဂေ ဝုတ္တ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။) ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို စေတနာ၊ စေတနာနှင့် ယှဉ်ဖက် သမ္ပယုတ္တဓမ္မ ဟု အထူး မပြောတော့ဘဲ သမုဒယသစ္စာဟု အထူးမမ သာမညအားဖြင့် သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။) တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ သမုဒယသစ္စာကို ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏။ (အံ၊၁၊၁၇၈။)

ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားဟူသည် အဘယ်နည်း---

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏။

၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ၀ိညာဏ် ဖြစ်၏။

၃။ ၀ိညာဏ် ဖြစ်ခြင်းကြောင့် နာမ်ရုပ် ဖြစ်၏။

၄။ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်၏။

၅။ သဠာယတန ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏။

 ၆။ ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏။

၇။ ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏။

၈။ တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏။

 ၉။ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝ ဖြစ်၏။

 ၁၀။ ဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏။

 ၁၁။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ တို့သည် ဖြစ်ပေါ်လာကြကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစု အပုံ၏ ဖြစ်ကြောင်းတရားသည် တစ်နည်း ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ခြင်း သည် ထင်ရှားဖြစ်ပေ၏။ ရဟန်းတို့ ...ဤ ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရား ဟူ၍ ခေါ်ဆိုအပ်၏။ (အံ၊၁၊၁၇၈။) ဤတိတ္ထာယတနသုတ္တန်၌ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရား အားလုံးကို သမုဒယသစ္စာဟု ဟောကြားထားတော်မူပေသည်။

ဖားအောက်တောရဆရာတော်"

Credit --- Sayadaw Ashinagginda