Tuesday, June 5, 2018

"လူငယ်တို့၏နှလုံးသားမှာ ဘုရားတည်ပေးကြပါ"

"လူငယ်တို့၏နှလုံးသားမှာ ဘုရားတည်ပေးကြပါ"

ဤနေရာ၌ ဘုရားတည်ခြင်း မတည်ခြင်းဟူသည် မြေပြင်ပေါ်တွင်တည်သောဘုရားနှင့် မတည်သောဘုရားများကို ဆိုလိုသည်မဟုတ်ပေ။ လူငယ်သားသမီးတို့၏ နှလုံးသား၌ တည်သောဘုရားနှင့်မတည်သောဘုရားကိုသာ ဆိုလိုပေသည်။ လူငယ်တို့၏ နှလုံးသား၌ ဘုရားတည်ပေးသော ဘာသာသည် ကမ႓ာမှာဘာသာဝင်ဦးရေ အများဆုံးဖြင့် နံပါတ်တစ်စွဲပေသည်။


လူငယ်တို့၏နှလုံးသား၌ ဘုရားမတည်သော ဘာသာသည် ဘာသာဝင်ဦးရေအနည်းဆုံးနှင့် နံပါတ်လေး စွဲခဲ့ပေသည်။ နံပါတ်တစ်စွဲသောဘာသာမှာ ခရစ်ယာန်ဘာသာဖြစ်ပြီး နံပါတ်လေးစွဲသောဘာသာမှာ ဗုဒ္ဓဘာသာဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်ဦးရေ အများဆုံးဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ ကလေးသူငယ်တို့၏နှလုံးသား၌ ငယ်ရွယ်စဉ်ကတည်းက ဘုရားတည်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

ခရစ်ယာန်ဘုရားကျောင်းများရှိ အလှူခံပုံးများ၌ ရေးထားသောစာမှာ "ကလေးငယ်များဗိုက်ထဲ ဘုရားတည်ရန်"ဟူ၍ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ဒါယကာအရင်းများဖြစ်ကြသော အနာထပိဏ်သူဋ္ဌေးနှင့် ဗိမ္ဗိသာရမင်းတို့တွင် တူသောအချက်သုံးချက်ရှိပြီး မတူသောအချက်မှာ တစ်ချက်သာရှိသည်။

တူသောအချက်သုံးချက်မှာ ဘုရားရှင်၏ ကျောင်းဒါယကာဖြစ်ခြင်း သောတာပန်ဖြစ်ခြင်း မိုက်မဲသောသားတစ်ယောက်စီရှိခြင်းတို့ဖြစ်သည်။ အနာထပိဏ်သူဋ္ဌေး၏သား မောင်ကာလသည် တရားနာခြင်းကို ဝါသနာမပါ အရက်သောက်ပြီး လောင်းကစားလုပ်ဖို့သာဝါသနာပါသည်။

 ထို့ကြောင့် ဖခင်ဖြစ်သူက ငွေတစ်ထောင်ပေးပြီး တရားနာခိုင်းလိုက်ရာ ငွေမက်ပြီး တရားနာသော မောင်ကာလတစ်ယောက် ဘုရားရှင် ဟောကြားသောတရားဆုံးသောအခါ နှလုံးသား၌ ဘုရားတည်ပြီးသားဖြစ်ပြီး သောတာပန် ဖြစ်သွားလေသည်။

ဤအချက်ကိုကြည့်ပြီး ယခုခေတ်မိဘများသည် တရားမနာချင် တရားစာအုပ်မဖတ်ချင်သော သားသမီးများကို ငွေကြေးဖြင့် ဖြားယောင်းပြီး တရားနာခိုင်း စာဖတ်ခိုင်းသင့်သည်။ ဗိမ္ဗိသာရမင်းကြီးကား သူကိုယ်တိုင်သောတာပန် ဖြစ်သော်လည်း သားဖြစ်သူ အဇာတသတ်မင်းသား၏ နှလုံးသား၌ ဘုရားတည်ဖို့ရန် မေ့နေရှာသည်။ ထို့ကြောင့် အဇာတသတ်သည် ဒေဝဒတ်နှင့်ပေါင်းမိပြီး ဖခင်ကိုသတ်ဖြတ်ခဲ့သည်။ သေသောအခါ လောဟကုမ႓ီငရဲသို့ ကျရောက်ခဲ့ရသည်။ ဤသည်မှာလည်းဘုရားမတည်ခြင်း၏ အကျိုးပင်။ ထိုသို့လူဆိုးလူမိုက်ဖြစ်နေခြင်းမှာ နှလုံးသား၌ ဘုရားတည်မပေးသောကြောင့်ဖြစ်သည်။

 ဘုရားတည်ပေးခြင်းဟူသည် စိတ်ထဲ၌ စွဲထင်နေအောင် နားလည်လာအောင် ဘာသာရေးအသိများ ပြောပြခြင်း တရားနာခိုင်းခြင်း တရားစာအုပ်ဖတ်ခိုင်းခြင်း တို့ဖြစ်သည်။ လူငယ်တို့ကို စတင်၍တရားနာခိုင်းတော့မည် ဘာသာရေးစာအုပ်ဖတ်ခိုင်းတော့မည်ဆိုလျှင် မိဘများကိုယ်တိုင် သေချာနာကြားပြီး သေချာဖတ်ရှုပြီးမှ သားသမီးများကို သူတို့အရွယ်နှင့် သင့်လျော်သောတရား သင့်လျော်သောစာအုပ်ကို နာစေသင့် ဖတ်စေသင့်သည်။

လူငယ်များကိုပေးမည့်တရားခွေ(သို့) တရားစာအုပ်သည်အောက်ဖော်ပြပါ အင်္ဂါလေးချက်နှင့်ညီရန် အလွန်အရေးကြီးသည်။

ထိုအင်္ဂါလေးချက်မှာ-

 ၁။ နားလည်အောင် ရေးသားထားခြင်း

 ၂။ စိတ်ဝင်စားအောင် ရေးသားထားခြင်း

 ၃။ အနှစ်အသားပါအောင် ရေးသားထားခြင်း

၄။ စာဖတ်သူ၏ အချိန်ကိုမဖြုန်းပဲ လိုရင်းတိုရှင်းကို ရေးသားထားခြင်းတို့ဖြစ်သည်။

မှတ်ချက်။ ။ဘာသာအသီးသီးပေါ်ထွန်းချိန်

 ဟိန္ဒူဘာသာ - BC 3500

 ထေရဝါဒဗုဒ္ဓဘာသာ - BC 589

 ခရစ်ယာန်ဘာသာ - AD 01

အစ္စလာမ်ဘာသာ - AD 570

ဘာသာအလိုက်ဘုရားများ

ဗုဒ္ဓဘာသာ - (ဗုဒ္ဓ)

ဟိန္ဒူဘာသာ - ( ဣသွာရ)

 ဂျူးဘာသာ - (ယေဟိုးဝါ)

ခရစ်ယာန်ဘာသာ- (ဂေါ့ဒ်)

အစ္စလာမ်ဘာသာ - (အလ္လာ)

ဘာသာအသီးသီး ပေါ်ထွန်းရာဒေသများ

ဟိန္ဒူဘာသာ/ဗုဒ္ဓဘာသာ - အိန္ဒိယ

ခရစ်ယာန်ဘာသာ/ဂျူးဘာသာ- အစ္စရေး

အစ္စလာမ်ဘာသာ - ဆော်ဒီအာရေဗျ

ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့ အိန္ဒိယနိုင်ငံအတွင်း ၆ ဖွဲ့ အိန္ဒိယနိုင်ငံပြင်ပ ၃ ဖွဲ့ အိန္ဒိယနိုင်ငံပြင်ပ ၃ဖွဲ့ဟူသည် သီဟိုဠ် သုဝဏ္ဏဘူမိ ယောနကတိုင်းတို့ဖြစ်သည်။

ယခင် ယောနကတိုင်းဆိုသည်မှာ ယခုမွတ်စလင် ဒေသများဖြစ်သည်။

ဘာသာအသီးသီးတို့၏သက်တမ်း ဟိန္ဒူဘာသာ - နှစ်ပေါင်း ၃၅ဝဝကျော်

ဗုဒ္ဓဘာသာ - နှစ်ပေါင်း ၂၆၀၀

ခရစ်ယာန်ဘာသာ - နှစ်ပေါင်း ၂၀၁၃

အစ္စလာမ်ဘာသာ - နှစ်ပေါင်း ၁၄၃၁

 ဒေသအလိုက် ကိုးကွယ်သူဦးရေ

ခရစ်ယာန်ဘာသာ - သန်း ၁၆၀၀

အစ္စလာမ်ဘာသာ - သန်း ၁၃၀၀

ဟိန္ဒူဘာသာ - သန်း ၉၀၀

မဟာယာနဗုဒ္ဓဘာသာ - သန်း ၆၅၀

 ထေရဝါဒဗုဒ္ဓဘာသာ - သန်း ၁၅၀

 [အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)၏ ဆောင်းပါးမှကောက်နုတ်ချက်]

Credit --- Nai BoBo