Saturday, June 9, 2018

Balance မရှိတဲ့ဘဝ


Balance မရှိတဲ့ဘဝ

ဒကာကြီးတစ်ယောက်ဆိုရင် သူကိုယ်တိုင်ကပြောတာတော့မဟုတ်ပါဘူး၊ သူ့ဇနီးကပြောတာပါ။ သူ့ခင်ပွန်းက မနက် ၆ နာရီလောက်ဆို အိမ်ကထွက်သွားပြီတဲ့။ မနက်စာ၊နေ့လယ်စာကို အိမ်မှာမစားဘူးတဲ့။ သူ ကြုံရာဟိုတယ်မှာ၊ထမင်းဆိုင်မှာ ဝယ်စားလိုက်တယ်။ ညကျရင် ၆ နာရီခွဲ၊ ရ နာရီလောက်ကျမှအိမ်ပြန်လာတယ်။ အိမ်ရောက်တာနဲ့ အိပ်ရာထဲဝင်ပြီးအိပ်တော့တာပဲ။

 ဘယ်သူနဲ့မှ ဘာမှမပြောဘူးတဲ့။ ဘာလို့တုန်းဆိုတော့ သူ exhaust ဖြစ်နေပြီ၊ မောသွားပြီ။ မနက် ၆ နာရီခွဲကနေ ညနေ ၆ နာရီခွဲထိအလုပ်လုပ်ရတာ သူတော်တော်ပင်ပန်းသွားပြီနော်၊ အဲဒီတော့ တန်းပြီးတော့အိပ်တာပဲ။ ည ၉ နာရီလောက်ကျမှ တစ်ရေးနိုးလာတယ်။ အဲဒီအချိန်ကျမှ ညစာကိုစားတာ။ အဲဒီအချိန်မှာအိမ်ကဇနီးက သူ့ကိုစောင့်ပြီးတော့မစားနိုင်ဘူး၊ ဆာလို့ စောစောစီးစီးကတည်းကစားပြီးသွားပြီ။ အဲဒီတော့ "တပည့်တော်တို့လင်မယားဟာ ထမင်းတောင်အတူတူမစားရတော့ဘူးဘုရား"တဲ့။ သားတွေသမီးတွေကလဲ ဒီအဖေနဲ့ စကားပြောဖို့အချိန်ဆိုတာ လုံးဝမရှိဘူး။
 မနက် ကလေးတွေမနိုးခင်မှာ ဒီခင်ပွန်းက၊အဖေက အလုပ်သွားပြီ၊ ညနေအလုပ်ကပြန်လာတော့လည်း ကလေးတွေက အမေနဲ့ပဲနေရတယ်၊ အဖေနဲ့စကားပြောဖို့တောင် အချိန်မရှိဘူး။ အဖေက အိမ်ရောက်တာနဲ့အိပ်ပြီ၊ အဖေတစ်ရေးနိုးလို့ထမင်းစားတဲ့အချိန်မှာ ကလေးတွေအိပ်သွားပြီ၊ အိပ်သွားပြီးတော့ ဇနီးကလည်း ဘာပြောပြော ကိုယ့်ခင်ပွန်းရဲ့ယုယမှု၊ခင်မင်မှု လိုချင်သေးတာကိုး။
 ကိုယ့်အတွက်အချိန်ပေးတာလည်း လိုချင်တယ်၊ အခုတော့ အိမ်ရှင်မဖြစ်ပြီးတော့ဘာလုပ်ရလဲဆိုတော့ အဝတ်လျှော် ထမင်းချက် ကလေးထိန်းပဲလုပ်ရတယ်။ relationship က ဘာမှမရှိသလိုဖြစ်နေတယ်။ အဲဒီယောကျ်ားကလဲ ထမင်းစားပြီးတာနဲ့တစ်ပြိုင်နက် သူ့စာရင်းအင်းတွေက တစ်ထပ်ကြီးတဲ့၊ ငွေပေးငွေယူစာရင်းတွေ အဲဒါတွေတွက်ချက်ဖြည့်ပြီးလုပ်နေတာ၊ ၁၁-၁၂ နာရီလောက်ကျမှ ပြီးတယ်။ အဲဒီအချိန်ကျမှ သူကအိပ်ရာဝင်တယ်။ အဲဒီအချိန်ထိအောင်လည်း သူ့ဇနီးကသူ မအိပ်မချင်း ထိုင်စောင့်မပေးနိုင်တော့ဘူး။ အိပ်သွားပြီ။ မနက်ကျ အစောကြီးထပြီးတော့ထွက်သွားပြန်ပြီ။ ဒီလိုက တစ်ရက်လည်းမဟုတ်ဘူး၊ နှစ်ရက်လည်းမဟုတ်ဘူး၊ တစ်လလည်းမဟုတ်ဘူး၊ နှစ်လလည်းမဟုတ်ဘူး၊ တစ်နှစ်လည်းမဟုတ်ဘူး၊ နှစ်နှစ်လည်းမဟုတ်ဘူး။
 ကြာတော့ ဘာဖြစ်လာသလဲဆိုတော့ ဇနီးက အကြီးအကျယ် lonely ဖြစ်လာတယ်၊ အဖော်မဲ့အထီးကျန်ဖြစ်ပြီးတော့ depression ဖြစ်လာတယ်။ depression ဖြစ်လာတော့ စိတ်ကြောင့် စိတ်ရောဂါလိုလိုဘာလိုလိုဖြစ်လာပြီးတော့ သူ့ကိုယ်သူ နေမကောင်းဘူးလို့ပဲယူဆတယ်။ ဟိုဆရာဝန်ပြ၊ ဒီဆရာဝန်ပြ၊ နှလုံးရောဂါဆေးတွေစား၊ ဆရာဝန်ကလည်း "ဘာရောဂါမှမရှိပါဘူး"တဲ့။ ဘယ်ဆရာဝန်ပြပြ… ဆရာဝန်ကတော့ ရောဂါမရှိဘူးတဲ့။ ဒါပေမဲ့သူကတော့ တစ်နေ့မှသူနေမကောင်းဘူးတဲ့။
ဘာလို့တုံးဆိုတော့ တည့်တည့်ပြောရရင် သူ မေတ္တာငတ်နေတယ်နော်။ သူမေတ္တာငတ်နေတော့ သူ့စိတ်က အာဟာရမရှိတော့ဘူး၊ ချို့တဲ့သွားနေပြီ၊ စိတ်က အားတွေလျော့သွားနေပြီနော်။ စိတ်ကအားလျော့သွားတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ပါအားလျော့လာတယ်။ မလုပ်ချင်မကိုင်ချင် မသွားချင်မလာချင်ဖြစ်လာတယ်၊ မပျော်တော့ဘူး။ ဘာပြောပြောနော်… ဒကာကြီးတို့ပုထုဇဉ်လောကဟာ မိသားစုသိုက်သိုက်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင်နေရမှပဲ တစ်နည်းအားဖြင့်တော့အဓိပ္ပာယ်ရှိပါတယ်နော်။ အဲဒီလိုမှမနေချင်ရင်လည်းဘဲ ဘာလုပ်ရင်ကောင်းမလဲ။ ဟိုလူကြီးက ဘယ်သူလဲ ဒီတော့ မိသားစုအတွက်အချိန်ပေးဖို့လိုတယ်နော်။ မိသားစုကိုပစ်မထားနဲ့နော်။ မိသားစု သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်လေးနေဖို့ရာ အချိန်ပေးသင့်ပါတယ်။ မိသားစုဟာ ကိုယ့်ဘဝမှာအင်မတန်အရေးကြီးပါတယ်။ အလုပ်တစ်ခုတည်းက ဘဝတစ်ခုလုံးမဖြစ်သင့်ဘူး။ အလုပ်ကိုကြိုးစားတာကတော့ ကောင်းပါတယ်။
အလုပ်ကြိုးစားမှလည်း ကိုယ့်မှာ ကြီးပွားတိုးတက်မှုကရှိမှာကိုး။ သို့သော် အလုပ်ချည်းပဲလုပ်ပြီးတော့ မိသားစုအတွက်အချိန်မပေးနိုင်ရင်တော့ ဘဝဟာ Balance မရှိတော့ဘူး။ အဲဒီလိုလူဟာ တစ်နေ့ကျရင်ကျန်းမာရေးတွေဘာတွေထိခိုက်လာမယ်။ နောက်တစ်ဖက်ကကြည့်ရင်လည်း မိသားစုနဲ့ကင်းကွာသွားပြီးတော့ သားသမီးက အဖေဆိုတာတောင်မှ မြင်ဖူးတာလောက်ပဲရှိတော့တယ်။ စကားတောင် ကောင်းကောင်းမပြောဖူးဘူး။ ဘယ်သူပြောတာလည်း မမှတ်မိတော့ဘူး၊ ဒကာမကြီးတစ်ယောက်ကတော့ပြောတယ်။ သူ့သမီးကလေးက မေးတယ်တဲ့၊ အဖေဖြစ်တဲ့သူကို "အမေ… ဟိုလူကြီးကဘယ်သူလဲ"တဲ့နော်။ ကလေးက မွေးလာပြီးကတည်းက (၄-၅-၆)နှစ်ထိအောင် အဖေကိုကောင်းကောင်းမတွေ့ရဘူး။
အဖေက ခရီးသွားနေတာများတယ်။ မိုးလင်ဆို အိမ်ကထွက်သွားပြီ။ အဲသလိုဖြစ်နေတာ။ အဖေကသူစိမ်းလိုဖြစ်နေပြီး စကားတောင်ရဲရဲမပြောရဲလောက်အောင် ဖြစ်သွားတဲ့လူတွေရှိတယ်နော်၊ လူတိုင်းတော့မဟုတ်ပါဘူးနော်။ ဒီစာအုပ်မှာမေးထားတယ်၊ လုပ်ငန်းမှာလည်းအောင်မြင်ပြီးတော့ မိသားစုနဲ့လည်းပဲ ကိုယ့်ရဲ့ Private Life မှာ Happy Active Life ဖြစ်ဖို့ရာ ဖြစ်နိုင်သလားတဲ့။ ဖြစ်နိုင်သလားဆိုတဲ့မေးခွန်းကိုမေးရတာ ဘာကြောင့်တုံးဆိုတော့ မဖြစ်တဲ့လူတွေများနေလို့ပဲ။ စီးပွားရေးဘက်မှာအောင်မြင်ပြီးတော့ မိသားစုဆက်ဆံရေးဘက်မှာချို့ယွင်းချက်တွေ အများကြီးပဲဖြစ်လာတယ်နော်။
အဲဒီတော့ အိမ်ကမိသားစု အထူးသဖြင့်ဇနီးက မပျော်မရွှင် depression တွေဖြစ်ပြီးတော့ ဘာလိုလို ညာလိုလို ရောဂါအမည်ဖော်လို့မရတဲ့ ရောဂါတွေဖြစ်လာတယ်။ အမှန်တော့ စိတ်ရောဂါပါ။ သူ့ခင်ပွန်းရဲ့မေတ္တာ၊ကရုဏာ ပြုစုမှု၊ယုယမှု ဂရုစိုက်မှုကိုရရင် ဒါပျောက်သွားမှာပဲ။ ဒါကြောင့် အိမ်ကိုပြန်လာတဲ့အခါမှာ ရုံးကအလုပ်တွေ ကိုယ့်အလုပ်ဌာနကအလုုပ်တွေ မပါလာရင်အင်မတန်ကောင်းပါတယ်။ အလုပ်ကိုမေ့ထားလိုက်ပါ။ တော်ပါပြီ။ တစ်နေကုန်လုံး လုပ်ခဲ့ပြီနော်။
 အိမ်မှာ စိတ်ကို ဒီမိသားစုထဲမှာပဲအချိန်ပေးလိုက်ပါ။ ဒီမိသားစုအတူတူစားမယ်၊ အတူတူစကားပြောမယ်၊ သားသမီးတွေကိုစာသင်ပေးမယ်၊ ရှင်းပြမယ်၊ မေးမယ်။ သူတို့အတွက် အချိန်နည်းနည်းပေးမှဖြစ်မယ်နော်။ ဒါတွေကိုလည်း သတိနဲ့လုပ်ဖို့ပါ။ မအိပ်ခင်မှာ ညဘက်ကျရင် မအိပ်ခင်မှာအချိန်လေးနည်းနည်းယူပြီးတော့ တရားထိုင်ပါ။ တချို့ဒကာကြီးတွေအလုပ်များလွန်းလို့ တရားမထိုင်နိုင်တော့ဘူး။ အဲဒီအခါသူတို့ဘယ်လိုလုပ်သလဲဆိုတော့ အိပ်ရင်းနဲ့ပဲတရားအားထုတ်တော့တာပဲ။ မထိုင်နိုင်တော့ဘူးတဲ့။ ပင်ပန်းသွားပြီ။ ဒကာကြီးတစ်ယောက်ကတော့ အိပ်ရင်းနဲ့ ခေါင်းရင်းနားမှာကက်ဆက်လေးတစ်ခုနဲ့ တရားအားထုတ်ပုံကိုဟောထားတဲ့ တရားတိပ်ခွေလေးကိုဖွင့်ထားပြီးတော့ နားထောင်ရင်းနဲ့ စိတ်ကလည်း နည်းနည်းရသလောက်သိပြီးတော့ နေတယ်။ အိပ်ရင်းနဲ့တရားအားထုတ်တဲ့နည်းကိုလည်း ဒီဘုန်းကြီးက ကြံုတဲ့အခါမှာ ပြောဟောထားတာတွေရှိတာကိုးနော်။ အိပ်ရာမှာအိပ်ရင်းနဲ့ ခန္ဓာကိုယ်ထိနေတာတွေကို သိနေတယ်။
ခန္ဓာကိုယ်မှာလှုပ်ရှားနေတာတွေကို သိနေတယ်။ အသက်ရှူရင် လှုပ်ရှားနေတယ်၊ နှလုံးခုန်ရင်လည်း လှုပ်ရှားနေတယ်။ အဲဒီတော့ အသက်ရှူလို့လှုပ်ရှားနေတာကို တော်တော်လေးသိဖို့ရာလွယ်ပါတယ်။ အစမှာသာခက်တာ၊ နောက်ပိုင်းကျသိပ်လွယ်တာပဲ။ နောက်ပိုင်းကျရင် ဘယ်လောက်ထိအောင်လွယ်လာသလဲသိလား။ ဒီဘုန်းကြီးဆိုရင် ဒီအသက်ရှူတာကြီးကိုပဲကြမ်းတမ်းလွန်းလို့ အနှောင့်အယှက်ဖြစ်နေတယ်။ ဒီထက်သိမ်မွေ့တာကို အာရုံပြုချင်တာကိုး။ တစ်ခါတလေ အသက်ကိုတောင်မရှူမိတော့သလိုဖြစ်ပြီးတော့ ငြိမ်နေတယ်။ အင်မတန်သိသာလွန်းအားကြီးသွားပြီနော်။ အသက်ရှူလို့ ဒီထွက်လေ ဝင်လေ အသံမြည်တာကြီးကအစ အကျယ်ကြီးလိုဖြစ်နေတယ်၊ "ရှူး…ရှူး" နဲ့ဖြစ်နေတာ။ တစ်ခါတလေ ကိုယ့်ဘာသာတရားအားထုတ်ရင်းနဲ့ "ဒီအသံကြီးက ဘယ်ကလာသတုန်း"လို့ တွေးမိတယ်၊ နောက်မှ "ငါအသက်ရှူနေတဲ့အသံပါလား၊ ကျယ်လိုက်တာ။" သတိမထားရင် မသိဘူးနော်၊ သတိထားရင် တော်တော်သိပါတယ်နော်။ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်ပါစေ အဲဒီလို အိပ်ရာမှာအိပ်ရင်းနဲ့ပဲ ရသလောက် အသက်ရှူတာလေးကိုသိပြီးတော့နေမယ်။ ဒီကြားထဲက စိတ်ဆိုတာမနေဘူးနော်၊ အလုပ်ကိစ္စကိုတွေးတော့မှာပဲ၊ တွေးရင်လည်းပဲသိလိုက်ပြီးတော့ အသာလေးဖြတ်ထားလိုက်ဖို့ပဲ။
နေပါစေတော့၊ တော်ပြီ၊ Enough is enough! တစ်နေကုန်အလုပ်ကိစ္စတွေးခဲ့ပြီ၊ တော်ပြီ။ စိတ်အေးအေးချမ်းချမ်းလေး တရားလေးမှတ်ရင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေးအိပ်ပျော်သွားရော။ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်သွားလို့ရှိရင် အိပ်မက်ဆိုးတွေဘာတွေ မမက်ဘူး၊ သောကဖြစ်စရာအိပ်မက်တွေ မမက်ဘူး။ ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ရတဲ့အတွက်ကြောင့် နာရီနည်းပေမယ့်ပိုပြီးတော့အိပ်ရေးဝတယ်၊ ၄-၅ နာရီလောက်အိပ်လိုက်ရရင် တော်တော်လေးလန်းဆန်းပြီးတော့ အားပြန်ပြည့်သွားတယ်။ ဘက်ထရီကို charging အပြည့်ပြန်သွင်းလိုက်သလိုပဲ။ နောက်တစ်နေ့ပြန်စမယ် နောက်တစ်နေ့ မနက်စောစောနိုးလိုက်တာနဲ့ ချက်ချင်း သတိလေးကပ်လိုက်ပါ။
 "သိနေတယ်… သိနေတယ်" နိုးနိုးချင်း စိတ်ညစ်စရာစိတ်ပူစရာ၊ အလုပ်ကိစ္စတွေ မတွေးဘူး။ နိုးနိုးချင်း စိတ်ကလေးကြည်လင်အောင် အေးချမ်းအောင် အသက်ရှူတာလေးကိုသိပြီးတော့ သတိကပ်လိုက်တယ်။ အကယ်၍ အတွေးတစ်ခုခုပေါ်လာရင်လည်း သိလိုက်တယ်၊ သိပြီးတော့ သူ့ကို အသာလေးထားလိုက်တယ်။ "နေပါစေတော့"။ အဲလိုနဲ့ပဲ အခုနပြောသလို တစ်နေ့တာကိုပြန်စပြီ။ မနက်မိုးလင်းတဲ့အချိန်ကစပြီး သတိလေးကပ်ပြီးတော့သိနေတဲ့အကျင့်ကို ပြန်စပြီ။ အဲဒီလို တနေ့တာလုံးသတိနဲ့နေတာကို တတ်နိုင်သလောက်ကြိုးစားကြည့်ပါ။
 အစမှာတော့ နည်းနည်းခက်တယ်။ အလေ့အကျင့် ရသွားပြီဆိုရင် တော်တော်ကြာ ကိုယ်ကမေ့နေပေမယ့် သတိကအလိုလိုရောက်ရောက်လာတယ်။ အစမှာတော့ သတိရအောင်ကို တမင်တကာကြိုးစားရတယ်။ တချို့ဆိုရင် "သိနေပါ"လို့ ကဒ်ပြားလေးတစ်ခုမှာရေးပြီးတော့ ရှေ့မှာချထားတယ်။ ဘာကိုဖြစ်ဖြစ်ပေါ့၊ ခန္ဓာကိုယ်မှာဖြစ်တာ၊စိတ်မှာဖြစ်တာ ရုပ်ပိုင်းဖြစ်ဖြစ်ဖြစ်၊ဝေဒနာပိုင်းဖြစ်ဖြစ် သိနေပါ။ နောက်တော့ ကိုယ်ကသတိလက်လွတ်နေလို့ရှိရင် သတိလက်လွတ်ဖြစ်သွားတာနဲ့တစ်ပြိုင်နက် ခန္ဓာကိုယ်မှာ လေးလံတဲ့သဘော၊ပင်ပန်းတဲ့သဘော၊တင်းကျပ်တဲ့သဘော tension က ပေါ်လာတယ်။ သတိနဲ့နေတဲ့သူ၊ sensitive ဖြစ်တဲ့သူဆိုရင် အဲဒီ tension ကို သိလိုက်တယ်။ tension ကိုသိလိုက်တာနဲ့တစ်ပြိုင်နက် tension က လျော့သွားတာပဲ။ အဲဒီတော့ သူက relax ဖြစ်ပြီးနေတဲ့အကျင့်ကို များများရလာတဲ့အခါမှာ tension ဖြစ်တာနဲ့တစ်ပြိုင်နက် အဲဒီ tension ကိုသိတော့ ဒါကို သူမခံနိုင်ဘူး၊
 ချက်ချင်းလျှော့ချလိုက်တယ်။ မသိတဲ့လူက tension ဘယ်လောက်များများ သူက ဒီအတိုင်းပဲနေတာပဲ။ tension ပိုပိုတက်လာတယ်နော်။ အမေရိကမှာသူတို့ Bio Feedback ဆိုတဲ့ Research တစ်ခုလုပ်တယ်။ အဲဒီမှာ ဒီအကြောင်းအရာကိုစပြီးတော့ အများဆုံးသုတေသနပြုလာတဲ့သူက ဒေါက်တာတစ်ယောက်၊ Barbara B Brown တဲ့၊ သူရေးတဲ့စာအုပ်က New Mind, New Body တဲ့။
 Bio Feedback ဆိုတာက ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့အရာ ဘယ်ဟာမဆိုနော်၊ blood pressure ဖြစ်ချင်ဖြစ်မယ်၊ heart beat ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ်ရင်လည်း muscle tension ဖြစ်ချင်ဖြစ်မယ်။ ဒါတွေအမျိုးမျိုးကို သူက electronic senser တွေနဲ့ tap လုပ်ထားပြီးတော့ အဲဒါကို computer screen မှာဖြစ်စေ.. တခြားတစ်ခုခုမှာဖြစ်စေ ဖော်ပြထားတယ်။ အသံနဲ့ Beep နဲ့ ဖော်ပြလို့ရတယ်၊ light board တွေနဲ့ ဖော်ပြလို့ရတယ်။ graph နဲ့ ဖော်ပြလို့လည်းရတယ်။ အဲဒီလို လူတွေကို electronic senser တွေတပ်ပြီးတော့ အဲဒီ graph တွေကိုကြည့်ခိုင်းထားတယ်။
 အဲဒါ ကိုယ့် blood pressure ကို ကြည့်ရင်းနဲ့ ခန္ဓာကိုယ်ကို relax လုပ်လိုက်လို့ရှိရင် အဲဒီ blood pressure က ကျသွားတာကိုတွေ့ရတယ်။ heart beat တွေအင်မတန်များနေတဲ့သူက ကြည့်လိုက်လို့ရှိရင် အဲဒီမှာ heart beat ကိုမြင်နေရတယ်။ နံပါတ်နဲ့ဖော်ပြလို့လည်းရတာကိုး၊ အဲဒီတော့ နံပါတ်တွေအများကြီးပေါ်နေတယ်။ အဲဒါကိုကြည့်ရင်းနဲ့ စိတ်နဲ့ စိတ်ကိုအေးအောင်ပြန်ထားတယ်။ စိတ်နည်းနည်းအေးသွားတယ်ဆိုရင် heart beat က လျော့သွားတယ်။ muscle ကို tap လုပ်ထားတယ်။ လူတွေကသာ မသိတာနော်၊ မျက်လုံးတွေကလည်း တင်းနေတယ်၊ နဖူးကြောကြီးတွေ တင်းပြီးတော့နေတယ်၊ ဇက်ကြောကြီးတွေ တင်းပြီးတော့နေတယ်။ မသိတော့ ဒီအတိုင်းပဲနေတာပဲ၊ ကြာလေတင်းလေဖြစ်လာတယ်။
အဲဒီကျမှ "ဇက်ကြောကြီးတက်လိုက်တာ၊ ကျောတွေအောင့်လိုက်တာ၊ ပုခုံးတွေကကိုက်နေတာပဲ၊ လက်မောင်းတွေကိုက်နေတာပဲ၊ ဒူးတွေ ပေါင်တွေ ခြေသလုံးတွေ ကိုက်နေတာပဲ" အဲလိုဖြစ်လာတာနော်။ muscle ကို tap လုပ်ပြီးတော့ screen မှာပြထားတဲ့အခါမှာ screen ကိုကြည့်ရင်းနဲ့ စိတ်နဲ့ပဲ ဒီ muscle ကိုလျှော့တာပဲ၊ စိတ်ကိုလျှော့လို့ရသွားပြီဆိုရင် အဲဒီမှာ tension က လျှော့သွားတာ။ research တစ်ခုမှာ အိပ်ပျော်နေတဲ့လူရဲ့ muscle ကို tap လုုပ်ထားတယ်။
လူကတော့ အိပ်ပျော်နေတယ်နော်၊ screen မှာကြည့်လိုက်တဲ့အခါမှာ tension တွေရှိနေတာကိုတွေ့ရတယ်။ အဲဒါ အဓိပ္ပာယ်ကဘာတုံး၊ အိပ်နေတုန်းမှာတောင်မှ tension ကမလျှော့ဘူးလို့ ပြောတာပဲ။ နည်းနည်းတော့လျော့သွားတယ်၊ ဒါပေမယ့် အများကြီးကျန်နေသေးတယ်။ အဲဒါကို သူတို့ဘယ်လိုခေါ်သလဲဆိုတော့ residual tension လို့ခေါ်ထားတယ်။ လက်ကျန်တင်းကျပ်မှုလို့ ဆိုပါတော့။
အဲဒီတော့ တရားရှုမှတ်ရင်းနဲ့ ခန္ဓာကိုယ်ရော၊စိတ်ကိုရောလျှော့ပြီးတော့ ငြိမ်းချမ်းသွားတဲ့အခါမှာ အိပ်ပျော်သွားလို့ရှိရင် အဲဒီ residual tension က ဟိုအောက်အထိရောက်သွားတယ်။ အဲဒီလို ခန္ဓာကိုယ်မှာတင်းကျပ်မှု စိတ်မှာတင်းကျပ်မှု အကြွင်းအကျန် residual tension မရှိမှသာ အိပ်တဲ့အခါမှာ ခန္ဓာကိုယ်ဟာ recharging ပြန်ဖြစ်တယ်၊ အားပြန်ပြည့်တယ်။ စိတ်ကလည်း recharging ပြန်ဖြစ်တယ်။ အိပ်တုန်းက စိတ်မှာတင်းကျပ်မှု ခန္ဓာကိုယ်မှာတင်းကျပ်မှု tension ကြီးနဲ့အိပ်သွားလို့ရှိရင် recharging မဖြစ်ဘူး၊ အားပြန်မပြည့်ဘူး။ ဒါကြောင့် တချို့၈ နာရီအိပ်တာတောင်မှ နိုးလာတဲ့အခါမှာ အိပ်ချင်မူးတူးဖြစ်နေသေးတယ်။ စိတ်မကြည်ဘူး၊ ခန္ဓာကိုယ်အားမပြည့်ဘူး။
ဒါတွေဟာ ပေါ့သေးသေးမဟုတ်ဘူးနော်။ ဒါတွေကိုသတိမထားဘဲနဲ့ ဒီအတိုင်းသာဆက်နေသွားမယ်ဆိုရင်တော့ tension ကြောင့် တစ်နေ့ကျရင် nervous break down ကောင်းကောင်းဖြစ်တော့မှာပဲ။ မလဲခင်ထူမှနော် အဲဒီအချိန်ကျမှဆေးရုံတက်ရရင်တော့ အရင်တုန်းကတစ်သက်လုံးရှာထားသမျှ အဲဒီမှာ ဆေးကုပြီးတော့ကုန်ပေဦးတော့…။ ငွေရဖို့အတွက် ကျန်းမာရေးအထိခိုက်ခံပြီးတော့ရှာခဲ့တဲ့လူဟာ နောက်ဆုံးကျတော့ အဲဒီရှာခဲ့တဲ့ငွေတွေအကုန်ခံပြီးတော့ ကျန်းမာရေးအတွက်ဆေးကုရလိမ့်မယ်။ အဲဒီလိုအဖြစ်မျိုးကို မရောက်စေချင်ဘူး။ ဒါကြောင့် အလုပ်ကိုလုပ်နိုင်သလောက်လုပ်ပါ။ အတိုင်းအတာလေးတစ်ခုတော့ ရှိရမယ်။ စိတ် ကြည်ကြည်လင်လင် ချမ်းချမ်းသာသာနေနိုင်ဖို့လည်း အစီအစဉ်လေးလုပ်ပါ။
 တရားအားထုတ်ဖို့လည်းအချိန်ကို ရတဲ့နည်းနဲ့ ရသလောက်ယူပါ။ မယူလို့မဖြစ်ပါဘူး။ ရှေ့လျှောက်ကြံုရမယ့်ခေတ်အခါကာလက အင်မတန် ဒုက္ခ၊သောကများတဲ့ခေတ် ဖြစ်တော့မယ်။ အဲဒီတော့ ဘဝဟာ ဘာဝနာနဲ့နေမှကို ဖြစ်တော့မှာနော်။ အထူးသဖြင့် ဒီသတိပဌာန်ဘာဝနာနဲ့ ဘဝထဲမှာသွားရင်း၊လာရင်း စားရင်း၊သာက်ရင်း နေရင်း၊ထိုင်ရင်း ကြည်ကြည်လင်လင် ငြိမ်းငြိမ်းချမ်းချမ်း နေသွားတတ်ရမယ်နော်။ ကဲ ခဏနားဦးမယ်။ သာဓု သာဓု သာဓုပါဘုရား…
 ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏
 အရှုပ်ထဲမှာရှင်းအောင်နေ သတိပဌာန်တရားတော်